မိုးရာသီမှာ မျက်နှာအသားရည်ကို ဘယ်လိုဂရုစိုက်ကြမလဲ

Posted in ကျန်းမာရေး, အလှအပရေးရာ


ထိခိုက်လွယ်တဲ့ မျက်နှာအသားရည်ဆိုတာ အစားအသောက်၊ အနေအထိုင်နဲ့ အသုံးပြုတဲ့ Skin Care Productsတွေအပေါ်မူတည်ပြီး များစွာအပြောင်းအလဲဖြစ်တတ်တာပါ။ အထူးသဖြင့် ပူလိုက်၊ အေးလိုက်နဲ့ ရာသီဥတုအပြောင်းအလဲများတဲ့ မြန်မာနိုင်ငံမှာ အသားရည်ထိန်းသိမ်းဖို့ရာအတွက် ရာသီဥတုရဲ့ သက်ရောက်မှုကိုလည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။ မိုးတွင်းမှာဆို  မြင့်တက်လာတဲ့ လေထုစိုထိုင်းဆကြောင့် အသားရည်ရဲ့ သဘာဝခုခံနိုင်စွမ်းဖြစ်တဲ့ Natural Barrier ကို ထိခိုက်စေနိုင်ပြီး ချွေးနဲ့အဆီပြန်တာတွေကြောင့် အပူဖုတွေ၊ ဝက်ခြံတွေထွက်လာနိုင်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်အသားရည်နဲ့ သင့်တော်တဲ့ ပစ္စည်းတွေကို သုံးဖို့လိုပြီး အစားအသောက်၊ အနေအထိုင်လည်း ဂရုပြုရမှာပါ။ အသားခြောက်တာ၊ အဆီပြန်တာ စတဲ့ အသားရည်အမျိုးအစားအလိုက် ဒီမိုးတွင်းအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို သိထားရအောင် အောက်မှာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

အသားခြောက်တတ်သူများ

အစိုဓာတ်များတဲ့ မိုးရာသီမှာဆို အသားခြောက်တဲ့သူတွေမှာ ယားယံတာတွေ ဖြစ်လာတတ်ပြီး အထူးသဖြင့် ပါးနှစ်ဖက်နဲ့ နှုတ်ခမ်းတွေမှာ ခြောက်သွေ့ယားယံလာတတ်ပါတယ်။ မိုးတွင်းကြောင့် အပူချိန်ရုတ်တရက်ကျသွားတာနဲ့အတူ အပြင်မထွက်ဘဲ Aircon အခန်းထဲ အနေများတာကနေ အသားရည်ပိုခြောက်လာနိုင်တာပါ။ 

ဒီလိုအသားရည်ပိုင်ရှင်တွေမှာဆို မျက်နှာမှာရှိတဲ့ သဘာဝအဆီနဲ့ အစိုဓာတ်တွေကို ထိန်းသိမ်း‌‌ပေးမယ့် မျက်နှာသစ်ဆေးကောင်းကောင်းအပြင် Toner၊ Serumနဲ့ Moisturizerတွေသုံးတာ၊ Aloe vera လိမ်းတာ၊ Sheet masks ကပ်တာတို့ကို လုပ်ဆောင်နိုင်ပါတယ်။ မျက်နှာသစ်ချိန်မှာလည်း အသားခြောက်စေတဲ့ ရေပူရေနွေးနဲ့ အသုံးမပြုမိဖို့ အရေးကြီးပြီး မျက်နှာသစ်ပြီးတိုင်းမှာလည်း အသားရည်ကို အားဖြည့်ပေး၊ ရေဓာတ်ဖြည့်ပေးမယ့် Creamတစ်ခုခုကို လိမ်းပေးသင့်ပါတယ်။

မျက်နှာကြေးချွတ်တာ (Exfoliation)ကိုလည်း တစ်ပတ်မှာ တစ်ခါသာ လုပ်ဆောင်ပြီး ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေ မပါဝင်တဲ့ Exfoliation ပစ္စည်းတွေကိုသာ အသုံးပြုရမှာပါ။ Skincare ပစ္စည်းတွေ ဝယ်ယူအသုံးပြုတဲ့အခါမှာလည်း အသားရည်ခြောက်သူတွေအတွက် Hyaluronic Acid၊ Glycerin၊ Ceramides၊ Aloe Vera၊ Vitamin E တို့ပါဝင်တဲ့ ပစ္စည်းတွေကို ရွေးချယ်သင့်ပါတယ်။ 

အဆီပြန်တတ်သူများ

အဆီပြန်တဲ့ အသားရည်တွေမှာဆို ချွေးတွေ၊ အဆီတွေကြောင့် ချွေးပေါက်ပိတ်တာ၊ နှဖူး၊ နှာခေါင်းနဲ့ မေးစေ့ (T- zone) တွေမှာ အဆီပြန်တာတို့ အဖြစ်များတတ်ပါတယ်။ ဘာကြောင့်ဆို မိုးရာသီရဲ့ အစိုဓာတ်ပေါများမှုက မျက်နှာပေါ်က အဆီထုတ်လုပ်တာကို ပိုအားပေးပြီး ချွေးနဲ့ အညစ်အကြေးတွေကို အသားရည်အပေါ်ယံလွှာထဲမှာ ပိတ်ထားသလို ဖြစ်နေစေတာပါ။ ဒီကနေ ချွေးပေါက်ကျယ်တာ၊ ကြာစူးနဲ့ ဝက်ခြံတွေပေါက်တာတွေအထိ မဖြစ်စေဖို့ဆို တစ်နေ့ ၂ကြိမ် မျက်နှာပုံမှန်သစ်နေဖို့ လိုအပ်ပြီး Oil-free cleanser တွေ အသုံးပြုပေးသင့်ပါတယ်။ 

အဆီပြန်တတ်တယ်ဆိုပေမယ့် မျက်နှာကို ရေဓာတ်ဖြည့်ရဦးမှာ ဖြစ်တဲ့အတွက် ချွေးပေါက်မပိတ်စေတဲ့ ပေါ့ပေါ့ပါးပါး gel-based moisturizer ကို သုံးသင့်တာပါ။ ပြီးတော့ မဖြစ်မနေ မိတ်ကပ်လိမ်းရတယ်ဆို ပါးပါးလေးပဲ လိမ်းပြီး ဝက်ခြံရှိမယ်ဆို ချွေးတွေနဲ့ရောပြီး အသားရည်ပျက်စီးနိုင်တာကြောင့် foundation ထူထူပိန်းပိန်းတွေ မလိမ်းမိဖို့ အကြုံပြုချင်ပါတယ်။ 

မျက်နှာပေါ်က အဆီနဲ့ အဆိပ်အတောက်တွေက ဖယ်ရှားပေးဖို့ တစ်ပတ်မှာ တစ်ခါ ရွံ့စေး Masks အသုံးပြုနိုင်ပြီး အဆီပြန်တာ ထိန်းချုပ်ဖို့နဲ့ ချွေးပေါက်တွေ ကျယ်နေတာတွေ ပြန်ကျဥ်းစေဖို့ Salicylic Acidပါတဲ့ Toner ကို သုံးနိုင်ပါတယ်။ Skincare ပစ္စည်းတွေ ဝယ်ယူအသုံးပြုတဲ့အခါမှာလည်း အဆီပြန်သူတွေအတွက် Niacinamide၊ Witch Hazel၊ Tea Tree Oil၊ Kaolin Clay တို့ပါဝင်တဲ့ ပစ္စည်းတွေကို ရွေးချယ်သင့်ပါတယ်။

ပေါင်းစပ်အသားရည်ပိုင်ရှင်များ

Skin Tone မညီတဲ့သူတွေမှာဆို စိုထိုင်းဆများတဲ့ ပတ်ဝန်းကျင်ကြောင့် မျက်နှာပေါ်က ဆဲလ်သေတွေက စုပြုံထပ်လာပြီး အသားထူထူခြောက်ခြောက်ကြီး ဖြစ်လာတော့တာပါပဲ။ ပါးနှစ်ဖက်မှာ အသားခြောက်တတ်ပြီး၊ T-zone တွေမှာ အဆီပြန်တတ်တဲ့ ပေါင်းစပ်အသားရည်ပိုင်ရှင်များ (Combination Skin Types)တွေက ပိုလို့တောင် အသားရည်တွေကို ကိုင်တွယ်ဖို့ ခက်ခဲတတ်ပါတယ်။ လိမ်းလိုက်ရင် ပေါ့ပေါ့ပါးပါးရှိတဲ့ moisturizerတွေ အသုံးပြုဖို့လိုပြီး ရွံ့စေး Masks သုံးတဲ့အခါမှာလည်း T-zone မှာသာ အသုံးပြုပေးဖို့ လိုပါတယ်။ Combination အသားရည်ပိုင်ရှင်တွေအနေနဲ့ မျက်နှာတစ်ပြင်လုံးရဲ့ အသားရည်ကို ကျန်းမာမျှတအောင် ဂရုစိုက်ပေးသင့်ပြီး sensitive skin တွေမှာဆို အခုလို မိုးတွင်းရဲ့ စိုစိုစွတ်စွတ် လေထုနဲ့ ပတ်ဝန်းကျင်ကြောင့် ယားယံခြောက်သွေ့ပြီး ဓာတ်မတည့်တာတွေ ပိုဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့်မို့ အသားရည်အမျိုးအစားအားလုံးအတွက်ဆို အနံ့နဲ့ alcoholမပါဝင်တဲ့ skincare ပစ္စည်းတွေကို ဦးစားပေး ရွေးချယ်အသုံးပြုသင့်ပြီး အထိအခိုက်မခံတဲ့ အသားပိုင်ရှင်များအတွက်ဆို ကျွမ်းကျင်ရာ ဆရာဝန်နဲ့ စမ်းသပ်ပြသဖို့ ဝန်မလေးသင့်ပါဘူး။

အရေးကြီးဆုံးအနေနဲ့ ကိုယ့်အသားရည်က ဘယ်လိုအမျိုးအစားဆိုတာ စစ်ဆေးသိရှိထားမှသာ မိုးရာသီကြောင့် ဖြစ်လာနိုင်တဲ့ မျက်နှာအသားရည်ပြဿနာတွေကို ကြိုတင်ကာကွယ်ထားနိုင်မှာပါ။ အဆီပြန်သူများအတွက် မျက်နှာကို ထူထူပိန်းပိန်းမဖြစ်ဘဲ ပေါ့ပေါ့ပါးပါးရှိစေတဲ့ ရေဓာတ်ဖြည့်ပစ္စည်းတွေကို အသုံးပြုသင့်ပြီး အသားခြောက်သူများအတွက်ဆို ချွေးပေါက်မပိတ်စေတဲ့ အသားရည်အားဖြည့်ပစ္စည်း အသုံးပြုရင်း နေပူပူ၊ မိုးရွာရွာ ကျန်းမာတောက်ပတဲ့ မျက်နှာအသားရည်လေးတွေ ပိုင်ဆိုင်ကြစေဖို့ ခုလို အကြံပြုလိုက်ပါတယ်နော်။


Share

Comments

Related Posts