မီးရောင်စုံတွေထက် တောက်ပတဲ့ သီတင်းကျွတ်ရဲ့ အနှစ်သာရ

Posted in လူမှုဘဝ


အရောင်အသွေး စုံလင်ပြီး လင်းလက်တောက်ပတဲ့ သီတင်းကျွတ်ပွဲတော်ကတော့ အခု ဝါတွင်းကာလအဆုံးသတ်မှာ ပြန်လည် ရောက်ရှိလာတော့မယ်နော်။ ဂါရဝတရားနဲ့ ကျေးဇူးတရားတို့ လွှမ်းခြုံထားတဲ့ ဒီသီတင်းကျွတ်လကတော့ ဗုဒ္ဓဘာသာဝင်တို့ တစ်နှစ်ပတ်လုံးစောင့်မျှော်ရာ ပွဲတော်အနှစ်သာရကောင်းတွေ ပြည့်နှက်နေတဲ့ အချိန်အခါကောင်းလေးပါ။ ဆီမီးထွန်း၊ ကုသိုလ်ကောင်းမှုယူကာ ချစ်ခင်မြတ်နိုးရသူတွေ၊ မိသားစုဝင်တွေ ပြန်လည်ဆုံစည်းချိန်လည်း ဖြစ်တာမလို့ ဂါရဝတရား ရှေ့ထားကာ အသက်အရွယ်ကြီးသူတွေကို အမှတ်ရ ကန်တော့ကြပြီး လာမဲ့ တစ်နှစ်ပတ်လုံး ရည်မှန်းချက်အပြည့်နဲ့ ရှေ့ဆက်ဖို့ အားယူရာ ကာလဆိုလည်း မှားမယ်မထင်ပါဘူး။ ဒါကြောင့်မို့ ဒီလိုသီတင်းကျွတ်ကာလကနေ စတင်ပြီး ကရုဏာတရားရှေ့ထားကာ အနာဂတ်ကို အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့နဲ့ အနှစ်သာရပြည့်စုံတဲ့ သီတင်းကျွတ်ကာလလေးကို အကောင်းဆုံးဖြတ်သန်းနိုင်ကြဖို့ လုပ်ဆောင်သင့်တဲ့ အချက်လေးတွေကို အားလုံးအတွက ဝေမျှလိုက်ပါရစေ။

ကျေးဇူးတရား ဖော်ကျူးကြမယ်

လေးစားမြတ်နိုးရတဲ့ မိဘ၊ ဆရာသမားနဲ့ ကျေးဇူးရှိသူတွေကို စစ်မှန်တဲ့ ဂါရဝတရားနဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြတာက ဒီလိုကာလမှာတော့ လူငယ်၊ လူလတ်မရွေး ဆောင်ရွက်ကြတဲ့ မဂ်လာတစ်ပါးပါပဲ။ ကျေးဇူးသိတတ်ခြင်းဟာ မွန်မြတ်တဲ့ မြန်မာ့ရိုးရာဓလေ့တစ်ခု တင်မကဘဲ ခက်ခဲတဲ့အချိန်တွေမှာ ပြန်လည်ဖေးမပေးနိုင်မဲ့ လူမှုဆက်ဆံရေးနှောင်ကြိုးတွေကို ပိုမိုခိုင်မာစေမှာ အမှန်ပါ။

သေးငယ်တဲ့ ကြင်နာမှုလေးတွေ ပြသကြမယ်

သီတင်းကျွတ်ကာလမှာ လူကြီးသူမတွေကို သတိတရနဲ့ အိမ်တွေသွားရောက် ကန်တော့ကြတဲ့ ချစ်စရာဓလေ့လေးနဲ့အတူ ကိုယ့်ပတ်ဝန်းကျင်က ကြီးသူ၊ ငယ်သူမရွေးကိုလည်း တန်ဖိုးရှိတဲ့ စကားလေးတွေနဲ့ ချီးကျူးပြောဆိုတာ၊ ကြင်နာမှုနဲ့ ကူညီလိုက်တဲ့ လက်တစ်စုံက အချင်းချင်းရင်းနှီးချစ်ခင်မှုတွေ တိုးပွားစေနိုင်တဲ့ လုပ်ဆောင်ချက်ကောင်းလေးတစ်ခု ဖြစ်စေတာပါ။ ဘာကြောင့်ဆို ဒီလိုကြင်နာတဲ့ စကားလေးတစ်ခွန်းဖြစ်ဖြစ်က အိမ်တွေမှာ မီးပုံးအလှဆင်ကြသလို တစ်ပါးသူရဲ့ စိတ်နှလုံးကိုလည်း အလင်း‌ဆောင်စေမဲ့ ကောင်းမွန်တဲ့လုပ်ရပ်လေးတစ်ခု ဖြစ်တာကြောင့်ပါ။

ရည်ရွယ်ချက်ကောင်းတွေနဲ့ ရှေ့ဆက်မယ် 

မိုးအကုန် ဆောင်းအကူး သီတင်းကျွတ်အချိန်အခါက နှစ်တစ်နှစ်ကို ဖြတ်သန်းသင့်သလောက် ဖြတ်သန်းပြီးပြီမလို့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ရည်မှန်းချက်အသစ်တွေနဲ့ ပြန်လည်ချိန်ညှိဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်အတွက် အကျိုးရှိစေမဲ့ အရာပဲဖြစ်ဖြစ်၊ ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့ပဲဖြစ်ဖြစ် ခိုင်မာတဲ့ ရည်ရွယ်ချက်နဲ့ ရှေ့ဆက်ဖို့ အားမွေးနိုင်တဲ့ အချိန်ကာလဆိုလည်း မမှားပါဘူး။

မြန်မာတို့ရဲ့ တန်ဖိုးထားဆင်နွှဲစရာ သီတင်းကျွတ်ကာလမှာ ကုသိုလ်ကောင်းမှုတွေ၊ ကျေးဇူးတရားသိတတ်မှုတွေနဲ့အတူ တစ်ပါးသူအပေါ် စာနာကြင်နာပြီး ကူညီရိုင်းပင်းလိုက်တဲ့ လုပ်ဆောင်ချက်သေးသေးလေးတွေက နှစ်ဖက်လုံးကို စိတ်ချမ်းသာမှုပေးမှာ အမှန်ပါ။ ဒီလိုစိတ်လေးနဲ့ ‌ရှေ့ဆက်တာက သူတစ်ပါးကို ကူညီရာ ရောက်ပြီးသားဖြစ်တဲ့အပြင် နှစ်တစ်နှစ်ရဲ့ ကျန်ရှိတဲ့ကာလလေးတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေကို တည်ဆောက်ပေးတာလည်း ဖြစ်ပါတယ်။


Share

Comments

Related Posts