အကောင်းဆုံးသော ချမ်းသာကြွယ်ဝမှုအကြောင်း

Posted in ကျန်းမာရေး


ဘဝမှာ တောင့်တသမျှ ဖြည့်ဆည်းနိုင်ဖို့ အရေးကြီးတဲ့ ငွေကြေးချမ်းသာမှုနောက် လိုက်ရင်း ကိုယ့်မှာရှိတဲ့ အဖိုးတန်ဆုံးအရာဖြစ်တဲ့ ကျန်းမာရေးကို မေ့လျော့နေတတ်ကြပါတယ်။ ကျန်းမာနေမှသာ ကိုယ်အလိုရှိတဲ့ ဘယ်အရာကိုမဆို ကြိုးစားရယူနိုင်မဲ့ အခြေခံအချက်ကို သိရှိထားဖို့ အရေးကြီးတာကြောင့် ကျန်းမာရေးအတွက်ကိုလည်း ငယ်ရွယ်စဥ◌်ကတည်းက ရင်းနှီးမြှပ်နှံထားဖို့ လိုပါတယ်။ မကျန်းမာရင် ငွေကြေးရှာဖွေဖို့နဲ့ ကိုယ်ဝါသနာပါရာ အလုပ်တွေ လုပ်ကိုင်ဖို့ အားအင်နဲ့ ယုံကြည်မှုမရှိတဲ့အပြင် ဆေးကုသဖို့အတွက်ပါ ရှာဖွေထားတဲ့ ငွေကြေးတွေက တန်ဖိုးမရှိတော့ဘဲ တဖြည်းဖြည်းကုန်ဆုံးနိုင်တာပါ။ ဒါကြောင့် စစ်မှန်တဲ့ ကျန်းမာချမ်းသာမှုအတွက် ဘယ်အရာတွေကို ဘယ်လိုရင်းနှီးမြှုပ်နှံထားရမလဲဆိုတာနဲ့ ကိုယ့်အတွက် အကျိုးကျေးဇူးတွေ ရရှိနိုင်တဲ့ ကျန်းမာခြင်းဆိုတဲ့ လာဘ်တစ်ပါးအကြောင်း ဒီဆောင်းပါးလေးမှာ အဆုံးထိဖတ်ကြည့်လိုက်ရအောင်။

ကျန်းမာခြင်းကြောင့် ရရှိလာမဲ့ အကျိုးကျေးဇူးတွေ

ကိုယ်ရော စိတ်ပါ ကျန်းမာလန်းဆန်းဖို့အတွက် မှန်ကန်တဲ့ အစားအသောက်၊ အနေအထိုင်အပြင် စိတ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ပြောင်းလဲဖို့ လုပ်ဆောင်တာဟာ ရှေ့ဆက်လျှောက်ရမဲ့ ဘဝပန်းတိုင်အတွက် အဘက်ဘက်ကနေ အားအင်ဖြစ်စေပါတယ်။ 

အသက်ရှည်ကျန်းမာခြင်း - နေ့ရက်တိုင်းမှာ အာဟာရပြည့်ဝအောင်စားပြီး ပုံမှန် လေ့ကျင့်ခန်း လုပ်တာဟာ နောင်တစ်ချိန်မှာ ကုန်ကျလာမဲ့ ဆေးကုသစရိတ်တွေကို လျှော့ချပေးရုံသာမက ဘဝရဲ့ နေ့ရက်တိုင်းကို အရည်အသွေးရှိရှိ ဖြတ်သန်းစေနိုင်မှာပါ။

လုပ်ဆောင်နိုင်စွမ်းမြင့်လာခြင်း - ကျန်းမာတဲ့ခန္ဓာကိုယ်ကသာ ဘဝပန်းတိုင်ဆီ လျှောက်လှမ်းနိုင်ဖို့ ကြင်လင်ထက်မြက်တဲ့ စိတ်နှလုံးကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ ဒီ့အတွက် လုံလောက်တဲ့ အိပ်စက်ခြင်းနဲ့အတူ ရေဓာတ်ပြည့်ပြည့်ဝဝ ရှိနေခြင်းက လုပ်ကိုင်သမျှတွေ အောင်မြင်ဖို့အတွက် အကောင်းဆုံးသော အားအင်တွေပဲ ဖြစ်ပါတယ်။

စိတ်ဓာတ်ကြံ့ခိုင်ခြင်း - ကျန်းမာရေးကောင်းနေမယ်ဆို ဘဝမှာ လူတိုင်းကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေနဲ့ အခက်အခဲအတားအဆီးတွေကို အကောင်းမြင်စိတ်နဲ့ ကျော်လွှားနိုင်ဖို့ ခွန်အားတွေရရှိပြီးသား ဖြစ်စေတာမို့ ကျန်းမာခြင်းရဲ့ တန်ခိုးတွေကို လျော့မတွက်ထားသင့်တာပါ။

ရေရှည်ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံထားသင့်တာတွေ 

ဒီနေ့က စပြီး ကျန်းမာကြံ့ခိုင်ခြင်းအတွက် ကြိုတင်ရင်းနှီးမြှုပ်နှံထားတော့မယ်ဆို မှန်ကန်တဲ့ နေထိုင်စားသောက်မှုအပြင် လှုပ်လှုပ်ရှားရှား အားကစားတစ်ခုခုကို ပုံမှန်လုပ်ဆောင်ဖို့ အကြံပြုလိုပါတယ်။

တစ်နေ့တာမှာ လှုပ်ရှားမှုတစ်ခုခုရှိစေဖို့ ဥ◌ီးစားပေးရမှာဖြစ်တာကြောင့် Gym သွားမှမဟုတ်ဘဲ ကိုယ့်အိမ် သို့ ပတ်ဝန်းကျင်မှာ ဖြစ်ဖြစ် သွားရင်းလာရင်း မိနစ် ၃၀ခန့် လမ်းသွက်သွက်လျှောက်တာမျိုးက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးဖြစ်တဲ့အပြင် လူကြီးလူငယ်မရွေး လုပ်ဆောင်နိုင်တာမျိုးပါ။ အကြောအချင် တောင့်တင်းမနေစေဖို့အတွက်လည်း ပုံမှန်အကြောလျော့တာက ရောဂါဘယတွေ ကင်းဝေးဖို့ အထောက်အကူပြုပါတယ်။

ပင်ပန်းထားသမျှ ပြန်လည်အနားယူဖို့ အရေးကြီးတာကြောင့် ဥ◌ီးနှောက်ကို အနားပေးပြီး ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးတဲ့ အိပ်စက်ချိန်ကို တန်ဖိုးထားပြီး ဂရုပြုပေးသင့်ပါတယ်။ တစ်နေ့ကို ၇ နာရီ ကနေ ၉ နာရီကြာအထိ အိပ်စက်ခြင်းက ကျန်းမာရေးအတွက် ပြန်လည်အားဖြည့်ပေးတဲ့ အားဆေးတစ်ခွက်ပါ။

စားသောက်ရာမှာလည်း သဘာဝအတိုင်း ရရှိနိုင်တဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်တွေကိုသာ စားသုံးပြီး ပြုပြင်ဖန်တီးတားတဲ့ အသင့်စားအစားအစာတွေကို တတ်နိုင်သလောက် လျော့ချစားသုံးရမှာပါ။ ရာသီမရွေးအတွက် သန့်ရှင်းကျန်းမာတဲ့ အစားအသောက်တွေကသာ ကိုယ့်ခန္ဓာကိုယ်အတွက် အကောင်းဆုံး လောင်စာတွေ ဖြစ်စေတာမို့ ဒါကလည်း ဂရုစိုက်ပေးသင့်တဲ့ အချက်တစ်ခုပါပဲ။

ခုခေတ်မှာ ရုန်းကန်လှုပ်ရှားမှုတွေကြား ကျန်းမာတဲ့ဘဝနေထိုင်မှု ရရှိဖို့ ခက်ခဲလာပေမဲ့လည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တစ်နေ့တာ နေထိုင်စားသောက်မှုတွေမှာ အာဟာရဖြစ်ဖြစ်၊ အိပ်ရေးဝဝ၊ လှုပ်ရှားမှုပုံမှန်ရှိရှိ သတိမူရင်း စစ်မှန်တဲ့ အခြေခံကြွယ်ဝမှုဖြစ်တဲ့ ကျန်းမာခြင်းကို လူတိုင်း ပိုင်ဆိုင်ကြပါစေနော်။


Share

Comments

Related Posts