လက်သည်းပွင့် ပေါ်တယ်ဆိုတာ

Posted in ကျန်းမာရေး


လက်သည်းပွင့် ဖြစ်ကြတဲ့အခါ တော်တော်များများက ဘယ်လက်ချောင်းမှာ ဘယ်လိုလက်သည်းပွင့်လေး ပေါ်လာရင် စန်းပွင့်တယ်၊ ကံကောင်းတယ်၊ ကံဆိုးတယ် စသဖြင့် အမျိုးမျိုး နိမိတ်ဖတ်ဖူးကြမှာပါ။ တကယ်တော့ ဆေးပညာရှုထောင့်အရဆိုရင် ဒီလို လက်သည်းပေါ်မှာ အဖြူရောင်အပွင့်လေးတွေ၊ အကွက်လေးတွေက သာမာန်ဖြစ်နေကြ ကျန်းမာရေးလက္ခဏာတစ်ခုဖြစ်ပြီး နာကျင်မှုလည်း မရှိတာ သတိထားမိကြမှာပါ။ ပုံမှန်အားဖြင့် လက်သည်းတွေရှည်လာတဲ့အခါ ဒီလက်သည်းပွင့်တွေ အပေါ်လိုက်တက်လာပြီး လက်သည်းညှပ်လိုက်တဲ့ ပျောက်ကင်းသွားကြပါတယ်။ 

ဒီလို လက်သည်းပွင့်ဖြစ်တာကလည်း လက်သည်းအရင်း သို့ အမြစ်ကို မတော်မဆထိခိုက်မိလို့ ဖြစ်စေ၊ ကိုယ်တွင်းဗီတာမင်ဓာတ်တွေ ချို့တဲ့လို့ဖြစ်စေ၊ ကျန်းမာရေးတစ်ခုခု အားနည်းနေလို့ဖြစ်စေ လက်သည်းပွင့်အနေနဲ့ လက္ခဏာပြနေတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Leukonychia လို့ခေါ်တဲ့ လက်သည်းပွင့်စေတတ်တဲ့ အကြောင်းရင်းတွေနဲ့ ကိုယ့်လက်သည်းလေး ကျန်းမာနေအောင် ဘယ်လိုဂရုစိုက်ကြမလဲဆိုတာပါ တခါတည်းကြည့်ထားလိုက်ရအောင်။

အကြောင်းရင်းအမျိုးမျိုး

လက်သည်းကို သဘာဝအားဖြင့် ကုတ်ဖို့၊ ဖဲ့ဖို့၊ လက်သည်းရှည်နဲ့ အလှထားဖို့ပဲ အသုံးချကြပေမဲ့ ဒီလက်သည်းတွေကနေပဲ ကိုယ့်ကိုယ်တွင်း ကျန်းမာရေးပြဿနာတွေကို ဖော်ပြနေတတ်တာပါ။ ဒီထဲကမှ လက်သည်းပွင့်ဖြစ်လာစေတဲ့ ၉၀% လောက်က လက်သည်းအမြစ် သို့ လက်သည်းအောက်ခြေ ကို ထိခိုက်မှုအသေးစားလေးတွေ ဖြစ်ရာကနေ အဖြူကွက်လေး ဖြစ်လာတတ်တာပါ။ ဒါပေမဲ့ ဒီလိုလက်သည်းပေါ်က အဖြူအပွင့်လေးတွေက ဒဏ်ရာဒဏ်ချက်ကြောင့် မဟုတ်ဘဲနဲ့ကို ခဏခဏနဲ့ အများကြီး ပေါ်လာနေတယ်ဆို တခြားရှားပါးတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါသေးတယ်။

  • Vitamin C နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ Zinc သို့ Protein ချို့တဲ့တာက လက်သည်းဖွဲ့စည်းပုံနဲ့ ကျန်းမာရေးကို ထိခိုက်လာစေတာ၊
  • လက်သည်းဆိုးဆေးနဲ့ Acrylic ပစ္စည်းတွေ အသုံးပြုတာများပြီး ဓာတ်မတည့်တာ၊
  • လက်သည်းမှိုစွဲတာကြောင့်လည်း လက်သည်းမျက်နှာပြင်ပေါ်မှာ အဖြူကွက်လေးတွေ တစ်ခါတစ်လေ ဖြစ်တတ်တာပါ။
  • အသည်း၊ ကျောက်ကပ်၊ နှလုံး စတဲ့ ပြင်းထန်တဲ့ရောဂါတွေကြောင့်လည်း လက်သည်းအခြေအနေ မကောင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

ကာကွယ်ကုသနည်း

  • လက်သည်းပွင့်ဆိုတာ ထိမိခိုက်မိလို့သာ အများစုဖြစ်တတ်တာမို့ ကိုယ့်လက်သည်းကျန်းမာရေးအတွက် ဒီလို ညင်ညင်သာသာနည်းလမ်းတွေနဲ့ ကာကွယ်ထားနိုင်ပါသေးတယ်။
  • သန့်ရှင်းရေးလုပ်လို့ ဓာတုပစ္စည်းတွေ မကြာခဏကိုင်ရတဲ့အခါ၊ ရေကိုင်ရတာ များတဲ့အခါတွေမှာ လက်အိတ်သေချာဝတ်ဆင်ပေးပါ။  
  • အရည်အသွေးကောင်းမွန်တဲ့ Hand Cream သို့ Cuticle Oil (လက်သည်းဆီ) ကို နေ့တိုင်းလိမ်းပေးမယ်ဆို အစိုဓာတ်အမြဲရှိနေတာမို့ လက်သည်း ထိခိုက်ပျက်စီးမှု နည်းစေမှာပါ။
  • လက်သည်းပွင့်ပေါ်လာတယ်ဆိုလည်း ပြင်းပြင်းထန်ထန် ဖယ်ရှားတာမျိုးမလုပ်ဘဲ လက်သည်းတဖြည်းဖြည်းရှည်လာတဲ့အထိ စောင့်ပြီး အဲ့အပိုင်းကို ညှပ်တာမျိုးလုပ်တာက အကောင်းဆုံးဖြစ်မှာပါ၊ အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ သံပုရာရည်၊ သံလွင်ဆီ အနည်းငယ်ကို လက်သည်းမှာပွတ်ပြီး  အသုံးပြုတာကလည်း လက်သည်းကို ပြန်လည်ကောင်းမွန်ကျန်းမာစေပါတယ်။

လက်သည်းကျန်းမာရေးအတွက် အပေါ်မှာပြောပြထားတဲ့အချက်လေးတွေ လုပ်ဆောင်ရင်းနဲ့မှ လက်သည်းပွင့်တွေက သူ့ဟာသူ လက်သည်းရှည်လာတဲ့အခါမှာလည်း အရင်နေရာမှာပဲ ဆက်ရှိနေပြီး ပျောက်မသွားတာ၊ လက်သည်းပုံစံနဲ့ အရောင်တွေပါ ပြောင်းလဲလာတယ်ဆို ကျွမ်းကျင်ရာဆရာဝန်နဲ့ ပြသပြီး ဆက်စပ်နိုင်တဲ့ ရောဂါတွေကိုလည်း စစ်ဆေးဖို့ အကြံပြုလိုပါတယ်။


Share

Comments

Related Posts