အဖြစ်များတတ်တဲ့ ဆောင်းတွင်း နာမကျန်းမှုတွေ

Posted in ကျန်းမာရေး


တစ်နှစ်ပတ်လုံးမှာ နေလို့ထိုင်လို့ အကောင်းဆုံးနဲ့ အလှပဆုံးဖြစ်တဲ့ ဆောင်းရာသီအချိန်အခါ ပြန်လည်ရောက်ရှိလာပြီပေါ့။ မြန်မာနိုင်ငံရဲ့ ဆောင်းကတော့ အရမ်းမအေးပေမဲ့လည်း ရာသီဥတုအပြောင်းအလဲနဲ့ တိုးတက်ပွားများလာတဲ့ ရောဂါပိုးမွှားအမျိုးမျိုးကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေကိုလည်း လျော့မတွက်ထားသင့်တဲ့ အချိန်လည်း ဖြစ်တာပါ။ မနက်နဲ့ ညနေတွေမှာ အေးလာတတ်တဲ့ လေထုနဲ့ နေ့ခင်းဘက်တွေမှာ မြင့်တက်လာတဲ့ နေ့အပူရှိန်ကြောင့် အပူအအေးမမျှတဲ့အပြင် စိုထိုင်းဆလည်း လျော့နည်းတာကြောင့် လူကြီးလူငယ်မရွေး ကိုယ်ခံအားနည်းပြီး ရောဂါဝင်နိုင်ခြေများပါတယ်။ ဒီလိုတွေ မဖြစ်ရအောင် အခု ဆောင်းအဝင်ကာလမှာ ကိုယ့်မိသားစုတွင်း ကျန်းမာရေးအသိနဲ့ ကြိုတင်ကာကွယ်ထားနိုင်မှုနဲ့အတူ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံတွေပါ ထားရှိ ထားရပါမယ်။

အဖြစ်များတတ်တဲ့ ရောဂါတွေ

ပိုးမွှားတွေ နှစ်သက်တဲ့ ဆောင်းတွင်းကာလမှာ လူအချင်းချင်း နှာစေးချောင်းဆိုးတာကနေ ပိုးမွှားကူးစက်နိုင်ခြေများတဲ့အပြင် ရာသီဥတုအနည်းငယ်အေးလာလို့ အိမ်ထဲမှာပဲ အနေများတာ၊ အထိုင်များတာ၊ လှုပ်လှုပ်ရှားရှားမရှိတာတွေကြောင့် ရောဂါထူပြောတတ်ပါတယ်။ အများအားဖြင့်

  • ရာသီအပြောင်းအလဲဖြစ်တဲ့ မနက်ပိုင်းတွေမှာ အေးပြီး နေ့ခင်း ပြန်ပူလာတာတွေကြောင့် အအေးမိ၊ တုပ်ကွေးတွေ ဖြစ်ကြတာ၊
  • အရည်ပြားမှာရှိတဲ့ သဘာဝအစိုဓာတ်တွေ ကုန်ခမ်းလွယ်ပြီး အသားရည်ခြောက်တာ၊ နှုတ်ခမ်းခြောက်တာတွေကြောင့် ယားယံပြီး နေရထိုင်ရခက်တာ၊
  • မနက်ခင်းတွေမှာ ရှိတတ်တဲ့ မြူတွေ၊ နှင်းတွေ တခါတလေမှာ လေထုညစ်ညမ်းတာတွေကြောင့် ပန်းနာရင်ကြပ်သမားတွေနဲ့ နာတာရှည်နှာစေးချောင်းဆိုးတတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဓာတ်မတည့်တဲ့ လက္ခဏာတွေ အဖြစ်များတာ၊
  • မိုးအကုန် ဆောင်းအကူး ရာသီဥတုအပြောင်းအလဲတွေမှာ ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျတာ၊ စိတ်မပျော်ရွှင်တာ စတဲ့ ဆွေးနွေးတိုင်ပင်သင့်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေပါ ဖြစ်တတ်တာကြောင့်

ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုအတွက် ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်ထားပြီး ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံလေးကို ဖြေးဖြေးမှန်မှန် စတင်လုပ်ဆောင်ထားသင့်ပါတယ်။

မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံ

ကျန်းမာအောင် နေထိုင်စားသောက်ကြမယ်ဆိုတဲ့နေရာမှာ တကူးတကကြီး အစားအသောက်ကောင်းတွေ စားတာမျိုး၊ Gym သွားတာမျိုးက ကောင်းပေမဲ့လည်း ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစားအစာတွေနဲ့ အိမ်တွင်း ကိုယ်လက်လေ့ကျင့်ခန်းလေးတွေနဲ့တင် လုံလောက်တာပါ။ ဒီလိုဆောင်းတွင်းမှာ ကျန်းမာတဲ့နေထိုင်မှုပုံစံအတွက်

ကိုယ်ခံအားကောင်းအောင်အတွက် စားသောက်တဲ့အခါမှာ ရေနွေး သို့ ဂျင်းလက်ဖက်ရည် စသဖြင့် ကိုယ်တွင်းနွေးထွေးစေမဲ့ အရာတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်တဲ့ အရည်သောက်ပူပူလေးတွေ သောက်ပေးသင့်ပြီး 

အအေးမိတာ၊ နှာစေး၊ချောင်းဆိုးတာတွေ မဖြစ်စေဖို့ Vitamin C ‌‌ပေးစွမ်းနိုင်တဲ့ ရာသီပေါ်အသီးအနှံ လိမ္မော်သီး စတာတွေ စားပေးသင့်တာပါ။

အသားရည်မခြောက်ဘဲ စိုပြေလှပနေဖို့ဆို ရှားစောင်းလက်ဖက်၊ Vaseline တို့ အသုံးပြုနိုင်တဲ့အပြင် သဘာဝကရတဲ့ အဆီအနှစ်တွေဖြစ်တဲ့ အုန်းဆီကို အသားခြောက်တဲ့နေရာတွေ၊ လက်တွေ၊ နှုတ်ခမ်းတွေ လိမ်းပေးရင် အသားရည်ခြောက်သွေ့အက်ကွဲတာတွေ မဖြစ်စေဘဲ စိုပြေကျန်းမာစေကာ ကုန်ကျစရိတ်လည်း မများစေဘဲ ထိရောက်မှုရှိစေပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာနေဖို့ဆို အိမ်တွင်းမှာ လေဝင်လေထွက်ကောင်းအောင် နေ့ခင်းဘက်တွေမှာ ပြတင်းပေါက်တွေ ဖွင့်ထားသင့်ပြီး မနက်နဲ့ ညနေခင်းတွေမှာတော့ ခြောက်သွေ့တဲ့လေတွေ တိုက်ရိုက်မထိမိအောင် တံခါးတွေပိတ်ကာ အိမ်တွင်း အစိုဓာတ်ရှိနေအောင် Humidifier အသုံးပြုသင့်ပါတယ်။

ဆောင်းဝင်လာတဲ့အခါ ရာသီဥတုအပြောင်းအလဲကြောင့် ကိုယ်တွင်းမှာလည်း ပြင်ပနဲ့ လိုက်ရောညီထွေဖြစ်အောင် ထိန်းညှိပေးရတဲ့အခါ အခန့်မသင့်ရင် အသေးစား ဖျားနာမှုတွေနဲ့အတူ လျော့မတွက်သင့်တဲ့ ကျန်းမာရေးဆိုးကျိုးတွေလည်း ရှိနိုင်တာပါ။ ဒါကြောင့် အပေါ်မှာ ပြောပြထားတဲ့အချက်လေးတွေနဲ့ ဂရုပြုရင်း ကျန်းမာပျော်ရွှင်အေးချမ်းတဲ့ ဆောင်းရာသီကာလလေးကို တူတူဖြတ်သန်းကြရအောင်ပါ။


Share

Comments

Related Posts