ဝမ်းယားမှောက်လေးတို့အတွက် ပျော်စရာကစားနည်းများ

Posted in မိဘအုပ်ထိန်းခြင်း


အသက်တမျှချစ်ရတဲ့ ဘေဘီလေးတို့ရဲ့ ဝမ်းယားမှောက်အရွယ်ဆိုတာ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတဲ့အရွယ်ပါပဲ။ ဒီအရွယ်လေးတွေမှာ သူတို့ရဲ့ လည်ပင်း၊ ဝမ်းဗိုက်ကြွက်သားနဲ့ ခြေလက်တွေကို အားပြုပြီး ခေါင်း ထောင်ထောင်မတ်မတ်နဲ့ ပတ်ဝန်းကျင်ကို စတင် စူးစမ်းချင်တဲ့အရွယ်မို့ မိဘတွေအနေနဲ့လည်း ကလေးရဲ့ စိတ်ပါဝင်စားမှုအပေါ် မူတည်ပြီး ပျော်စရာ Activitiesလေးတွေ လုပ်ပေးသင့်ပါတယ်။ အကယ်၍ သင့်ကလေးက ဝမ်းယားမမှောက်နိုင်သေးတဲ့အရွယ်ဆိုလည်း ကလေးနဲ့ ပိုမိုရင်းနှီးမှုရစေဖို့ ဒီကစားနည်းလေးတွေက အထောက်အကူဖြစ်မှာပါ။

အနီးကပ်ဆုံး အချိန်လေး

ကလေးချီပိုးရင်း စကားတွေ တီတီတာတာပြောချင်အောင် ကစားပေးတာ၊ အိပ်ရာပေါ် လှဲရင်းနဲ့ ကလေးကို ကိုယ့်ဝမ်းဗိုက်ပေါ် တင်ပြီး ချီမြှောက်ကစားတာ၊ စကားတွေပြောပေးတာက Eye Contact လည်းရ၊ ကလေးနဲ့ ထိတွေ့မှုပိုရှိပြီး ရင်းနှီးမှုရစေတဲ့ ကစားနည်းပါပဲ။

မှန်ကြည့် ကစားနည်း

ဘေဘီလေးတွေဟာ မှန်မှာပြန်ပေါ် တဲ့ သူတို့ရဲ့ပုံကိုမြင်ရင် အဆန်းတကျယ် ကြည့်တတ်ကြပြီး သူတို့ကိုယ် သူတို့ပြန်မြင်နေရတဲ့ မှန် ဆိုတာကိုလည်း စိတ်ဝင်တစား စူးစမ်းတတ်ကြတာပါ။ ဒါကြောင့်မို့ သူတို့လေးတွေရဲ့ လေ့လာမှုတိုးတက်စေဖို့ ကစားချိန်တွေမှာ အကာအကွယ်ပါတဲ့ ကြည့်မှန်ကို သူတို့ရှေ့ ထားပေးပြီး စူးစမ်းစေလိုက်ပါ။  

သီချင်းတူတူ ခံစားကြမယ်

ဂီတဟာ အရွယ်မရွေး စိတ်ကိုနူးညံ့တည်ငြိမ်စေနိုင်ပါတယ်။ ဘေဘီလေးတွေကိုလည်း သားချော့တေးဆိုပြတာ၊ သီချင်းအေးအေးလေးတွေ ဖွင့်ပြ၊ တူတူကကြတာကလည်း ကလေးနဲ့ ပိုမိုနီးစပ်လာစေနိုင်ပြီး စိတ်အပန်းပြေစေနိုင်ပါတယ်။

စာအုပ်ဖတ်ချိန်လေး

အရောင်စုံလင်နေတဲ့ ပုံလေးတွေ၊ စာလေးတွေပါတဲ့ စာအုပ်လေးတွေကို သူတို့လေးတွေအနား ထားပေးပြီး တစ်လုံးစ၊ နှစ်လုံးစ ဖတ်ပြကြည့်ပါ။ ဒီလို ကလေးငယ်စဉ်ကတည်းက စာဖတ်ပြတာတွေ လုပ်ထားမယ်ဆိုရင် စာဖတ်တဲ့ အလေ့အကျင့်ကောင်းကိုလည်း သင်ပေးပြီးသားဖြစ်ပြီး လေ့လာမှုလည်း တိုးစေတာပေါ့။

တူတူရေ…ဝါး

အဆော့များကျတဲ့ ဒီကစားနည်းကတော့ ဘေဘီတို့အတွက် ထင်မထားလောက်အောင် အကျိုးကျေးဇူး များစွာရှိပါတယ်။ မျက်နှာကို ကွယ်ရင်း ပြရင်းနဲ့ လွယ်ကူတဲ့ ဒီကစားနည်းမှာ ကလေးနဲ့မိဘကြား သံယောဇဉ် ပိုတိုးစေပြီး လူမှုဆက်ဆံရေး၊ ကျိုးကြောင်းဆက်စပ်တတ်မှုတို့အပြင် အမြင်အာရုံစူးစိုက်မှုတို့ကိုပါ တိုးတက်အောင် အားပေးပါတယ်။

အမူအရာလေးတွေ ဖော်ပြနိုင်ဖို့ 

စကားမပြောတတ်သေးတဲ့ အရွယ်လေးတွေမှာ လက်ဟန်‌‌ခြေဟန်လေးတွေ သင်ပြပြောပြတာက သူတို့လေးတွေနဲ့ ပျော်စရာအချိန်လေးတွေ ဖန်တီးနိုင်ပါတယ်။ ‘အိပ်မယ်’ ‘ စားမယ်’ ‘ ပေးပါ’  ‘ထပ်ပြီး’ စတာမျိုးလေးတွေပေါ့။

အထိအတွေ့ ကစားနည်းလေး

ပုံသဏ္ဌာန်မျိုးစုံ၊ အရောင်မျိုးစုံရှိတဲ့ ပစ္စည်းလေးတွေ၊ အဝတ်နဲ့လုပ်ထားတဲ့ အရုပ်လေးတွေ၊ နူးညံ့တဲ့ပိတ်စလေးတွေက ဘေဘီလေးတွေရဲ့ အမြင်ကို ဆွဲဆောင်နိုင်ပြီး သူတို့လေးတွေရဲ့  အထိအတွေ့အာရုံနဲ့ ကျိုးကြောင်းဆက်စပ်တတ်မှုကိုပါ တိုးတက်စေနိုင်ပါတယ်။

လည်လည်ထွက်ကြမယ်

ရာသီဥတု အရမ်းမပူတဲ့နေ့တွေမှာ ကလေးကို တွန်းလှည်းလေးနဲ့ဖြစ်ဖြစ်၊ ချီပိုးထားရင်းဖြစ်ဖြစ် တစ်ခါတလေ အပြင်ထွက်ပေးသင့်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ လတ်ဆတ်တဲ့လေ၊ ထူးြခားနေတဲ့ အသံတွေ၊ အရောင်တွေက သူတို့လေးတေွရဲ့ စူးစမ်းချင်စိတ်ကို ပိုလှုံ့ဆော်စေမှာပါ။

ကလေးငယ်တိုင်းက တမူထူးခြားကြပြီးသားမို့ သူတို့လေးတွေရဲ့  အမူအရာနဲ့ စိတ်ပင်စားတာတွေကို ဂရုပြုပြီး လေ့လာနေကြည့်ပေးပါ။ အဲ့အပေါ် မူတည်ပြီး ကလေးနဲ့လိုက်ဖက်တဲ့ ကစားနည်းလေးတွေကို အချိန်ပေးပြီး သူတို့ ဦးဆောင်ရာ လိုက်ပါဆော့ကစားပေးလိုက်ပါ။ အရေးကြီးဆုံးကတော့ ဘေဘီတို့ရဲ့  ကိုယ်ခန္ဓာပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ‌ရော ဖွံ့ဖြိုးတိုးတက်ဖို့ကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်ဖွယ်ပတ်ဝန်းကျင်လေးကို ဖန်တီးပေးနိုင်ဖို့ပါပဲ။


Share

Comments

Related Posts