
မျက်နှာအသားရည်ကို သေချာဂရုစိုက်ထိန်းသိမ်းနေပေမဲ့ အသားရည်က ကိုယ်ဂရုစိုက်သလောက် မကြည်လင်လာဘူး၊ မတောက်ပလာဘူး ဆိုတာတွေ တော်တော်များများမှာ အဖြစ်များတတ်ကြပါတယ်။ မှန်ကန်ကျန်းမာတဲ့ နေထိုင် စားသောက်မှုကောင်းတွေထက် စေ◌ျးကြီးပေးဝယ်ရတဲ့ ပြည်တွင်းပြည်ပက Skin Care Products တွေကိုသာ ဟိုတစ်ခု ဒီတစ်ခု ဝယ်ယူသုံးစွဲနေမိတာကလည်း ထင်သလောက် ရလဒ်ကောင်းတွေ မပေးစွမ်းနိုင်တာကြောင့် ဘယ်နေရာမှာ ဘာတွေမှားတွေလဲ ဆန်းစစ်ကြည့်ဖို့ လိုပြန်ပါပြီ။ အခုခေတ်မှာလည်း အလှအပပြင်ဆင်ခြယ်သတဲ့နေရာမှာ အောက်ခံ နဂိုအသားရည်လေးက ကျန်းမာတောက်ပနေမှ မိတ်ကပ်နဲ့ ကျန်တဲ့အလှဆင်ပစ္စည်းတွေ အဆင့်ဆင့် ဆင်မြန်းနိုင်မှာမို့ အမှန်တကယ်ကျန်းမာစေမဲ့ Skin Care နည်းအမှန်တွေ ကျင့်သုံးရင်း မသိဘဲလုပ်နေတဲ့ အမှားတွေကို ရှောင်ရှားဖို့ အရေးကြီးဆုံးပါ။ ဒါကြောင့် အမျိုးသား၊ အမျိုးသမီးမရွေး မျက်နှာအသားရည် ထိန်းသိမ်းကြတဲ့အခါ အဖြစ်များတဲ့အမှားတွေကို ရှောင်ကြဥ်နိုင်ဖို့ ဒီဆောင်းပါးလေးနဲ့အတူ ပြန်လည်ပြင်ဆင်ကြည့်ရအောင်နော်။

၁။ အလွန်အကျွံ ချေးချွတ်ခြင်း (Over-Exfoliating)
မျက်နှာကို ခဏခဏ Scrub တိုက်တာ၊ Exfoliate လုပ်တာများတာ ဒါမှမဟုတ် ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေနဲ့ နေ့တိုင်းချေးချွတ်တာက အရေပြားကို နီမြန်းစေပြီး ထိခိုက်စေပါတယ်။ ဒီလို အသားရည်ကို အဆက်မပြတ် ပွတ်တိုက်တာများတဲ့အခါ အသားရည်ရဲ့ သဘာဝအဆီလွှာကို ပျက်စီးစေတဲ့အပြင် ဘတ်တီးရီးယားနဲ့ လေထုညစ်ညမ်းမှုတွေ ကြုံတွေ့ရတဲ့အခါ အကာအကွယ်အလွှာ ပျက်စီးသွားတာမလို့ မျက်နှာခဏခဏ နီမြန်းတာနဲ့ မလိုအပ်ဘဲ ဝက်ခြံထွက်တာမျိုးတွေ ဖြစ်စေနိုင်တာပါ။ ဒါကြောင့် တစ်ပတ်ကို ၁ ကြိမ် သို့မဟုတ် ၂ ကြိမ်ထပ်ပိုပြီး ချေးချွတ်တာမျိုးကို ရှောင်ကြဥ◌်ရမှာ ဖြစ်ပါတယ်။
၂။ Sunscreen မလိမ်းခြင်း
အပြင်ထွက်တဲ့အခါ sunscreen မဖြစ်မနေလိမ်းဖို့တင် လိုတာမဟုတ်ဘဲ ကိုယ့်အိမ်တွင်း၊ အလုပ်ခွင်အတွင်းမှာပါ sunscreen သေချာပေါက်လိမ်းဖို့ လိုပါတယ်။ ဘာကြောင့်ဆို ခရမ်းလွန်ရောင်ခြည်က ပြတင်းပေါက်ကနေတစ်ဆင့် ဝင်ရောက်နိုင်ပြီး အသားရည်ကို ပျက်စီးစေနိုင်လို့ပါ။ အထူးသဖြင့် UVA ရောင်ခြည်က တစ်နှစ်ပတ်လုံး ရှိနေတတ်ပြီး အရေးအကြောင်းနဲ့ တင်းတိပ်တွေကို ဖြစ်စေတဲ့ အဓိကတရားခံပါပဲဲ။ ဒါကြောင့် နေကာခရင်မ်ကို နေ့တိုင်းမလိမ်းဘူးဆိုရင် ဘယ်လိုစျေးကြီးတဲ့ anti-aging products တွေပဲသုံးသုံး အိမ်ထဲမှာနေရင်း ရရှိတဲ့ နေရောင်ခြည်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အသားရည်ပျက်စီးမှုတွေကို ပြန်လည်ပြုပြင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် အိမ်ထဲမှာနေရင်တောင် မနက်တိုင်း SPF 30+ ပါတဲ့ နေကာခရမ်ကို လိမ်းပေးဖို့ လိုပါတယ်။

၃။ ဖုန်းမျက်နှာပြင်ကို သန့်ရှင်းရေးမလုပ်ခြင်း
ဖုန်းမှာကပ်နေတဲ့ ဘက်တီးရီးယားတွေက ဖုန်းပြောတဲ့အခါ ပါးပြင်ပေါ်ကို ရောက်ရှိပြီး ဝက်ခြံထွက်စေပါတယ်။ ဒါက တော်တော်များများ သတိမထားမိတဲ့ အလေ့အကျင့်အမှားဖြစ်ပြီးတော့ တစ်နေ့တာလုံး လုပ်ငန်းဆောင်တာတွေနဲ့ နေရာအနှံ့ ထိတွေ့ကိုင်တွယ်ပြီးမှ ဖုန်းကို ပြန်ကိုင်တဲ့အတွက် ဖုန်းမျက်နှာပြင်ဟာ ပိုးမွှားတွေ ပေါက်ဖွားရာနေရာ ဖြစ်လာပါတယ်။ ဒီလို ပိုးမွှားတွေနဲ့ မျက်နှာတိုက်ရိုက်ထိတွေ့တာက တဖြည်းဖြည်းနဲ့ အရေပြားရောင်ရမ်းတာနဲ့ ချွေးပေါက်ပိတ်တာတွေကို ဖြစ်စေပြီး တကယ်ဖြစ်ရင် ကုသရခက်ခဲစေပါတယ်။ ဒါကြောင့် ဖုန်းမျက်နှာပြင်ကို တစ်နေ့တစ်ကြိမ် ပိုးသတ်သန့်စင်ဖို့ မမေ့သင့်ပါဘူး။
၄။ ရေပူဖြင့် မျက်နှာသစ်ခြင်း
ရေပူနဲ့ ရေချိုးရတာ ဇိမ်ရှိပေမဲ့ မျက်နှာအရေပြားမှာရှိတဲ့ လိုအပ်တဲ့ အဆီဓာတ်တွေကို ခမ်းခြောက်စေပါတယ်။ ရုတ်တရက် အပူချိန်ပြောင်းလဲမှုဟာ သွေးကြောငယ်လေးတွေကို ကျယ်စေပြီး မျက်နှာရဲတာနဲ့ အရေပြားယားယံတာတွေကို ပိုမိုဆိုးရွားစေနိုင်တာပါ။ ဒါကြောင့် မျက်နှာသစ်တဲ့အခါ ရေအေး သို့မဟုတ် သင့်တင့်တဲ့ အပူချိန်ကို အသုံးပြုတာက အသားရည်အစိုဓာတ်ကို ထိန်းညှိပေးပြီး မျက်နှာသစ်ပြီးနောက် အသားရည် တင်းပြီး ခြောက်သွေ့တာကို ကာကွယ်ပေးမှာပါ။

၅။ Skin Care ပစ္စည်းတွေကို စနစ်တကျ မလိမ်းခြင်း
အဆီ ပါဝင်တဲ့ ပစ္စည်းတွေ (oil based products)ကို အရင်လိမ်းမိရင် နောက်ကလိမ်းတဲ့ ပစ္စည်းတွေက အရေပြားထဲ စိမ့်ဝင်မှာမဟုတ်ပါဘူး။ အရေပြားကို ရေမြှုပ်တစ်ခုလို သဘောထားကြည့်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ရေဓာတ် ပါဝင်တဲ့ ပစ္စည်းတွေကို အရင်စိမ့်ဝင်အောင် လုပ်ပြီးမှ အနည်းငယ် ထူတဲ့ခရင်မ်တွေနဲ့ ပိတ်ပေးရမှာ ဖြစ်ပါတယ်။ ဘာကြောင့်ဆို အဆီဓာတ်များတာကို အရင်လိမ်းလိုက်ရင် အရေပြားပေါ်မှာ အလွှာတစ်ခု ဖြစ်သွားပြီး နောက် ဆက်လိမ်းမဲ့ Tonerနဲ့ Serumတွေကို အရေပြားအတွင်းပိုင်းအထိ မရောက်အောင် တားဆီးလိုက်သလို ဖြစ်သွားပါတယ်။ ဒါကြောင့် ရေဓာတ်ပါဝင်မှုအများဆုံး (Toner/Serum) ပစ္စည်းတွေ ကနေမှ အဆီဓာတ်အများဆုံး (Cream/Oil) ပစ္စည်းတွေကို အစဥ◌်လိုက် လိမ်းပေးပါ။
ဒီလို အသားရည်ထိန်းသိမ်းတဲ့နေရာမှာ ရလဒ် သိသိသာသာ ရဖို့ဆိုတာကလည်း အနည်းဆုံး ၄ ပတ်ကနေ ၆ ပတ်အထိ စောင့်ကြည့်ရမှာမလို့ မှန်ကန်တဲ့ နေထိုင်စားသောက်မှုအပြင် အပေါ်မှာ ပြောပြထားတဲ့အချက်လေးတွေကို သေချာပေါက်ရှောင်ကြဥ◌်ပေးဖို့ အရေးကြီးပါတယ်။ နောက်ပြီး အသားရည်ကျန်းမာရေးအတွက် အတွင်းထဲက အားဖြည့်ပေးဖို့ တစ်နေ့ ရေ ၈ခွက် အနည်းဆုံးသောက်ပေးတာက သဘာဝအတိုင်း အသားရည်လေး ကြည်လင်တောက်ပနေဖို့ ဆေးစွမ်းကောင်းတစ်လက်ဆိုလည်း မမှားပါဘူးနော်။
Comments