အလှူပွဲတွေအတွက် ဒါတွေအလွယ်တကူချက်

Posted in အစားအစာ


အလှူရေစက် လက်နဲ့မကွာ ပျော်စရာအလှူပွဲတွေရှိတိုင်း ဆွမ်းကပ်ဖို့အပြင် ခင်ရာမင်ရာ မိတ်ဆွေ၊ အပေါင်းအသင်းတွေအတွက် စားကောင်းသောက်ဖွယ်တွေ ဖန်တီးကျွေးမွေးတာ ကြည်နူးစရာဓလေ့ပါပဲ။ ဒီ့အတွက် ချက်ကျွေးဖို့ စဥ်းစားတဲ့အခါ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲတို့အပြင် အိမ်ရှင်မတို့အတွက် ချက်စရာ ဘယ်လိုအစားအစာတွေ ရှိသေးမလဲ ခေါင်းစားနေကြရောပေါ့။ ဒါကြောင့် အလှူထမင်း၊ အလှူဟင်းချက်သူတွေအတွက်ရော စားရနှစ်သက်တတ်သူတွေအတွက်ပါ အိမ်မှာလုပ်စားလို့ရအောင် မြန်မာ့အလှူပွဲအများစုမှာ တွေ့ရတတ်တဲ့ ဟင်းလျာတွေကို အိုင်ဒီယာရအောင် မျှဝေလိုက်ပါတယ်။ လူကြီး၊ လူငယ်မရွေး နှစ်သက်ကြတဲ့ ဟင်းပွဲတွေချည်းပဲမို့ ချစ်ခင်ရသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်စားသောက်ကြရအောင်။

ကတ်ကြေးကိုက်

အလှူတွေမှာ ဟင်းတွေ ထမင်းတွေ ချက်တာထက် ပိုသက်သက်သာသာနဲ့ ချက်ရလွယ်၊ စားရလွယ်တဲ့ အစားအစာမျိုးရှာနေတယ်ဆို ကတ်ကြေးကိုက်က ကွက်တိပါပဲ။ သူ့ရဲ့ လွယ်ကူတဲ့လုပ်နည်းကတော့ ညှပ်ခေါက်ဆွဲဖတ်တွေကို အရသာဝင်အောင် ပဲငံပြာရည်၊ ခရုဆီ၊ ပအုန်းရည်တို့နဲ့ အရင်ဆုံး ကြိုနယ်ထားလိုက်ပါ။ ပြီးရင် ပဲပင်ပေါက်ကို ရေသေချာဆေး၊ စစ်ထားပြီး ကြက်ဥ သို့ ပုဇွန် သို့ နှစ်သက်ရာအသားတစ်မျိုးမျိုးကို ပဲပင်ပေါက်နဲ့ ကြော်နိုင်ပါတယ်။ ပြီးမှ နှပ်ထားတဲ့ ညှပ်ခေါက်ဆွဲတွေအပြင် ပဲပြုတ်ပါထည့်ပြီး သမအောင် ရောမွှေချက်လိုက်မယ်ဆို အလှူမင်္ဂလာပွဲတွေအတွက် သင့်တော်ပြီး အရသာရှိတဲ့ ကတ်ကြေးကိုက်ကို ရရှိမှာပါ။

Photo Credit to MyFood Myanmar

သီးစုံထောပတ်ထမင်း 

လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ချက်လို့ရတဲ့ လူကြိုက်များ ထောပတ်ထမင်းကတော့ အလှူပွဲတွေထဲ မပါမဖြစ်လို့ ဆိုရမှာပါပဲ။ ထောပတ်ထမင်းအပြင် ကြက်သားဟင်းပါ ပေါင်းစပ်ပါဝင်မယ်ဆို အလှူ ပြီးပြည့်စုံစေမှာမို့ ဒီနှစ်မျိုးကို စားမယ့် လူအရေအတွက်ပေါ် မူတည်ပြီး ချိန်ဆချက်လို့ရပါတယ်။ ဆန်ကို မီးအေးအေးနဲ့ ကြက်သွန်နီ၊ ထောပတ်၊ နာနတ်ပွင့်၊ သစ်ချပိုးခေါက်၊ ကရ‌ဝေးရွက်၊ ဆား၊ သကြားတို့ကို သမအောင်ရောမွှေပြီးရင် ပုံမှန်ထမင်းပေါင်းအိုးနဲ့ ချက်နေကျအတိုင်း ချက်ရုံပါပဲ။ ရေခမ်းသွားတဲ့အချိန်မှာ ပဲစိမ်း၊ သီဟိုရ်စေ့၊ စပျစ်ခြောက်တို့ ထည့်ပြီးတာနဲ့ အနံ့မွှေးမွှေးနဲ့ ထောပတ်ထမင်းရပါပြီ။ 

ကြက်ဆီထမင်း

အားလုံးကြိုက်ကြပြီး စားဖြစ်ကြတဲ့ ကြက်ဆီထမင်းကတော့ ပါဝင်ပစ္စည်းနည်းနည်းနဲ့ လုပ်ရလွယ်ကူပြီး လူကြီး၊ လူငယ်မရွေး နှစ်သက်ကြပါတယ်။ အရင်ဆုံး ပဲငံပြာရည်အနောက်၊ ကြက်သားမှုန့်၊ ဆား၊ သကြားတို့နဲ့ ကြက်သားကို နှပ်ထားပေးပါ။ ပြီးရင် ကြက်သွန်ဖြူနဲ့ ချင်းကို ဆီသတ်ပြီး ကြက်သားအရေခွံကို ကြော်ထားလိုက်ပါ။ နှပ်ထားတဲ့အသားကို နူးနေအောင် ပြုတ်လိုက်ပြီး အဲ့ကရတဲ့ ကြက်ပြုတ်ရည်နဲ့ ထမင်းကို ပေါင်းအိုးနဲ့ ပုံမှန်အတိုင်းချက်လိုက်ရင် ပူပူမွှေးမွှေးကြက်ဆီထမင်းလေး ရရှိမှာပါ။

Photo Credit to MyFood Myanmar

ကြာဇံဟင်းခါး 

ရပ်ကွက်အလှူတွေ၊ စတုဒီသာအလှူတွေမှာ တွေ့ရများတဲ့ ကြာဇံချက် သို့ ကြာဇံဟင်းခါးက အစာပြေဖြစ်ဖြစ်၊ ထမင်းနဲ့ဖြစ်ဖြစ် စားမြိန်စေလို့ လူကြိုက်များတာလေးပေါ့။ ပေါ့ပါ့ပါးပါးနဲ့ လုပ်နည်းကလည်း အရမ်းမခက်ဘဲ လုပ်ရလွယ်ပါတယ်။ ပဲကြာဇံ၊ မှိုခြောက်ပန်းခြောက်၊ ပဲလိပ်တွေကို ရေစိမ်ထားပြီး တဖက်မှာ ကြက်ရိုးနဲ့ အသားကို ပြုတ်ထားပါ။  ကြက်သွန်ဖြူ/နီ ၊ ဂျင်း၊ နနွင်းမှုန့်နဲ့ အရောင်တင်မှုန့်တို့ကို ဆီသတ်ထားပြီး  အသားပြုတ်ရည် ဆူဆူမှာ ခုနကမှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်၊ ငုံးဥတို့ ရောထည့်ပြီး ခဏထားပါ။ ပဲကြာဇံထည့်တဲ့အခါ သူက နူးလွယ်၊ ပျော့လွယ်တာမို့ အိုးထဲမှာ စားခါနီးမှ ထည့်တာအကောင်းဆုံးပါပဲ။ ပြီးမှ အားလုံးရောပြီး စားခါနီး လိုအပ်သလို ကြက်သွန်နီ၊ ငရုတ်သီးမှုန့်၊ ငံပြာရည်နဲ့ သံပုရာသီး ညှစ်ထည့်လိုက်ရုံပါ။

Photo Credit to MyFood Myanmar

ကြက်သားကာလသားချက်

ကြက်သားအတုံးကြီးကြီးနဲ့ အနံ့မွှေးမွှေး စားမြိန်တဲ့ ‌တောဓလေ့ ကြက်သားကာလသားချက်ကတော့ အိမ်တွေမှာ ချက်စားဖြစ်ကြပေမဲ့ ခုခေတ်မှာ အလှူပွဲတွေမှာတော့ တွေ့ရခဲတဲ့ ဟင်းတစ်မျိုးပါပဲ။ ဒါပေမဲ့ ချက်ရလွယ်ပြီး စားမြိန်စေတာမို့ အလှူပွဲတွေချန်မထားသင့်ဘဲ မိတ်ဆွေ အပေါင်းအသင်းတွေကို ချက်ကျွေးသင့်တဲ့ထဲ ပါပါတယ်။ ဟင်းရဲ့သဘာဝအချိုဓာတ်ရဖို့ ဗမာကြက်ကို ရွေးချယ်နိုင်ပေမဲ့ အသားများများစားချင်တယ်ဆို CPကြက်ကို ရွေးချယ်နိုင်ပါတယ်။ အရင်ဆုံး ကြက်သားရော ဘူးသီးရောကို ရေစင်စင်ဆေးပြီး အရွယ်တော်အတုံးလေးတွေ တုံးထားပါ။ ပြီးရင် ဗမာဟင်းတို့ထုံးစံအတိုင်း ကြက်သွန်နီ/ ဖြူ၊ ဂျင်းတို့ကို ထောင်းပြီး ကြက်သားကို ထောင်းပြီးချည်ထားတဲ့ စပါးလင်နဲ့ ချက်ပါ။ နောက်ဆုံး ကြက်သားကျက်ခါနီးကျမှ ဘူးသီးတွေ ထည့်ပြီး ရေအနည်းငယ်နဲ့ မီးအေးအေးနဲ့ဆက်ချက်လိုက်မယ်ဆို ကြက်သားကာလသားချက်ရပါပြီ။

အုန်းထမင်း

အုန်းထမင်းဟာလည်း ပုံမှန်ချက်နေကျ ထမင်းပေါင်းအိုးနဲ့ လွယ်လွယ်ကူကူချက်လို့ရပါတယ်။ ဆန်၊ အုန်းနို့ရည်၊ သကြား၊ ဆား၊ ဆီအနည်းငယ်နဲ့ ထောပတ်ထမင်းလုပ်နည်းအတိုင်း ချက်ရုံပါပဲ။ အုန်းနို့ရည်ကို အသင့်လုပ်ပြီးသား အုန်းနို့ သုံးလို့ရတဲ့အပြင် ကိုယ့်အိမ်မှာ စိတ်ကြိုက်ချက်တာဆိုတော့ အပေါ့အဆိမ့် စိတ်ကြိုက်ချိန်ထည့်လို့ရပါတယ်။ ထမင်းကျက်ခါနီးလောက်ကျ ကြက်သွန်နီ လေးစိတ်ခွဲလေးတွေနဲ့ သီဟိုဌ်စေ့လေးတွေ ထည့်မယ်ဆို မွှေးမွှေးလေးနဲ့ စားချင်စဖွယ် အုန်းထမင်းလေး ရမှာပါ။ သူ့ချည်းအပြင် ချဥ်ပေါင်ရွက်ချဥ်ရည်ဟင်းလေးနဲ့ ငပိကြော်ပါ ပါမယ်ဆို စားမြိန်ပြီး အလိုက်ဖက်ဆုံးဖြစ်နေမှာပါပဲ။ 

Photo Credit to MyFood Myanmar

ဝက်သားနီချက်

အသားမှာ ဝက် ဆိုတဲ့အတိုင်း အသားထဲမှာ အကောင်းဆုံးဖြစ်တဲ့ ဝက်သားကို အလှူပွဲတော်တော်များများမှာ အပြင် အိမ်တော်တော်များများမှာ ထမင်းနဲ့ တွဲစားဖြစ်ကြမှာပါ။ အလှူဓလေ့အတိုင်း ထမင်းနဲ့ ဟင်းကို အရသာထိထိမိမိ စားချင်သူများအတွက် ဝက်သားနီချက်ကိုလည်း ချက်ပြုတ်ကျွေးမွေးနိုင်ပါတယ်။ ဒီလို မြန်မာဟင်းကောင်းတစ်မျိုးဖြစ်တဲ့ ဝက်သားနီချက်ဖို့အတွက် အရင်ဆုံး ဆား ၊ ပဲငံပြာရည်နဲ့ ညက်အောင်ထောင်းထားတဲ့ ဆန်နီမှုန့်တို့နဲ့ ဝက်သားကို နှပ်နယ်ထားပေးပါ။ မြန်မာဟင်းမှာ စားကောင်းစေဖို့အရေးကြီးဆုံးက အနှစ်ဆီသတ်တာဖြစ်တဲ့အတွက် ကြက်သွန်နီ၊  ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ညက်နေအောင်‌ ထောင်းပြီး ဆီသန့်သန့်နဲ့ ဆီသတ်ပေးရမှာပါ။ ပြီးရင် အရသာနယ်ထားတဲ့ ဝက်သားထည့်မွှေပြီး ဝက်သားမြုပ်အောင် ရေကိုထည့်ပြီး နူးအောင် (၄၅) မိနစ်လောက် အိုးပေါ်တည်ပြီးရင် ရပါပြီ။

လာမယ့် ပိတ်ရက်တွေမှာ ကိုယ့်အိမ်ကနေပဲ သန့်သန့်ရှင်းရှင်းနဲ့ အရသာရှိတဲ့အလှူဟင်းလျာတွေကို ချက်ပြုတ်လှူဒါန်းနိုင်ဖို့ အစားအသောက်အချို့ကို ဖော်ပြပေးလိုက်ပြီနော်။ အပေါ်မှာပြောပြခဲ့တာ‌တွေထဲက ကိုယ်နဲ့ အဆင်ပြေမယ့် ပါဝင်ပစ္စည်းတွေနဲ့ ချက်ပြုတ်ပြင်ဆင်ကြည့်ရင်း ချစ်ရသူတွေနဲ့ ပျော်ရွှင်ကြည်နူးစရာနေ့လေး ဖြစ်ပါစေနော်။


Share

Comments

Related Posts