
ဘဝပေးအခြေအနေတွေ၊ ပညာရေးနဲ့ အလုပ်တာဝန်တွေကြောင့် တစ်ဦးနဲ့ တစ်ဦး ဝေးကွာနေတဲ့ကြားထဲမှာမှ ဆက်ဆံရေးတစ်ခုကို တည်မြဲခိုင်မာနေအောင် လုပ်ဆောင်ဖို့ဆိုတာ ဖြစ်တော့ဖြစ်နိုင်ပေမယ့် လွယ်ကူတဲ့အရာတော့ မဟုတ်ပြန်ပါဘူး။ ချစ်ရသူနဲ့ မိုင်ပေါင်းများစွာ ဝေးနေတဲ့ ကာလတွေဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်သိတတ်စွာ ပြောဆိုဆက်ဆံတတ်မှုတွေနဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းတွေမှာ အများကြီးမူတည်နေတာပါ။ အချင်းချင်း လေးစားယုံကြည်ပြီး ကိုယ်လုပ်စရာရှိတာကို လွတ်လွတ်လပ်လပ်လုပ်ဆောင်နိုင်စွမ်း ပေးထားခြင်းက LDRSကြောင့် ဆက်ဆံရေးတွေ ဝေးကွာသွားမှာ မစိုးရိမ်ရမယ့်အပြင် သံယောဇဥ်တွေပိုမိုခိုင်မာစေမယ့် အတွေ့အကြုံကောင်းတစ်ခုတောင် ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် အနေဝေးနေချိန်မှာလည်း စိတ်ချင်းနီးကပ်စေမယ့် ချစ်ခြင်းမေတ္တာကို လက်တွေ့ကျကျ တည်ဆောက်နိုင်ဖို့ နည်းလမ်းကောင်းတစ်ချို့ကို ဖတ်ကြည့်ရအောင်။

မပိုမလိုတဲ့ ပြောဆိုဆက်သွယ်ခြင်း
လူချင်းမတွေ့ရတဲ့ အခြေအနေမှာ သေချာပေါက် အွန်လိုင်းကနေ၊ ဖုန်းကနေပဲ အပြောအဆိုရှိနေရမှာမို့ ဒီလို အဆက်အသွယ်ရှိနေဖို့ အရေးကြီးဆုံးပါပဲ။ ဒါပေမယ့် အနေဝေးတဲ့ ဆက်ဆံရေးအများစုမှာ တစ်ဖက်ဖက်က စိတ်မချတာ၊ ယုံကြည်မှုမရှိတာတွေကြောင့် အချိန်တိုင်း အဆက်အသွယ်ရှိနေဖို့ ကြိုးစားမိတတ်ကြလို့ ဒီကနေ ဖိအားတွေဖြစ်စေနိုင်ပြီး ဆက်ဆံရေးမပြေပြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ပုံမှန် အဆက်အသွယ်လေးရှိနေစေဖို့ အချင်းချင်း အကျိုးအကြောင်းကြိုပြောပြထားတာ၊ နှစ်ယောက်လုံး အဆင်ပြေနိုင်မယ့် အချိန်လေး သတ်မှတ်ထားပြီး ဖုန်းပြောတာ၊ Video Call ပြောတာတွေကနေ ရင်ခုန်စရာဆက်ဆံရေးလေး အရှိန်မပြတ်သွားစေဖို့ ဂရုထားသင့်ပါတယ်။ ပြောဆိုဆက်သွယ်မှုအကြိမ်ရေထက် တန်ဖိုးရှိတဲ့အချိန်ကောင်းလေးတွေ ဖန်တီးနိုင်ဖို့က အရေးကြီးဆုံးပါပဲ။
နှစ်ဦးသား တိုင်ပင်ဆုံးဖြတ်ထားမှု
တစ်ယောက်နဲ့တစ်ယောက် ရေရှည်လက်တွဲဖို့ဆုံးဖြတ်ထားတဲ့ ဆက်ဆံရေးတွေမှာ အနေဝေးသည်ဖြစ်စေ၊ မဝေးသည်ဖြစ်စေ နှစ်ယောက်သားအတွက် ရည်မှန်းထားတဲ့ ဘဝပန်းတိုင်လေး ရှိကြမှာပါ။ အခုလို အချင်းချင်းဝေးကွာနေရချိန်ဆို မသေချာမရေရာမှုတွေနဲ့ အချင်းချင်းစိတ်မချတာမျိုးပဲ ဖြစ်တတ်ကြတာမို့ မကြာခင်မှာ နှစ်ဦးသားနီးစပ်လာမယ့် ရည်မှန်းချက်ပန်းတိုင်အတွက်သာ အားတင်းပြီး ဝေးကွာနေကြရတဲ့နေ့ရက်တွေကို ကျော်လွှားနိုင်ကြမှာပါ။ ဒီနေရာမှာ အရမ်းပြီးပြည့်စုံပြီး မဖြစ်နိုင်တဲ့ ဘဝရည်မှန်းချက်ကိုသာ မျှော်ကိုးမိမယ်ဆို အချိန်တွေသာကြာပြီး အချင်းချင်း စိတ်ပျက်အားလျော့စေနိုင်တာကြောင့် လက်တွေ့ကျပြီး နှစ်ဦးနှစ်ဖက် နားလည်လက်ခံနိုင်တဲ့ ဘဝရည်မှန်းချက်ကိုသာ ဖန်တီးမျှဝေဖို့ကလည်း အရေးကြီးပြန်ပါတယ်။

ယုံကြည်မှုနဲ့ အားပေးမှုရှိဖို့
ဆက်ဆံရေးတွေတိုင်းမှာ တစ်ဦးကိုတစ်ဦး ယုံကြည်မှုက အဓိကအကျဆုံးဖြစ်တဲ့အပြင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ပူပင်ကြောက်လန့်စိတ်တွေနဲ့ ခံစားချက်တွေကို ကိုယ်တိုင်လည်း သိပြီး တစ်ဖက်သူကိုလည်း နားလည်စာနာအောင် ဝေမျှဖို့လိုပါတယ်။ ဒါမှ အချင်းချင်းအားပေးမှုနဲ့ ရှေ့ဆက်သွားနိုင်မှာ ဖြစ်ပြီး မလိုလားအပ်တဲ့ အထင်လွဲမှုတွေ၊ မယုံကြည်နိုင်မှုတွေ အချင်းချင်းရှောင်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။ ဘဝဖြတ်သန်းမှုတိုင်းမှာ အဆင်ပြေတဲ့အချိန်တွေလည်း ရှိသလို မပြေတဲ့အချိန်တွေလည်း ကြုံရနိုင်တာမို့လို့ အကောင်းမြင်စိတ်လေးနဲ့ နှစ်ဦးသားဖေးမကူညီပြီး တစ်ဦးစီရဲ့ တိုးတက်အောင်မြင်မှုကို အားပေးကူညီသူအဖြစ်နဲ့ စိတ်ရဲ့အနီးဆုံးမှာ ရှိနေပေးလိုက်ပါ။
ဆက်ဆံရေးတွေ မအေးစက်သွားအောင်
နေထိုင်ရာ နေရာဒေသတွေ မတူတာကြောင့် ဆက်ဆံရေးတွေပါ ဝေးကွာမသွားရအောင် နှစ်ကိုယ်ကြား အထိမ်းအမှတ်နေ့လေးတွေ သတိတရရှိပေးတာ၊ သူလိုအပ်မယ့် လက်ဆောင်လေးတွေ ပို့တာ၊ စာရေးပို့တာ၊ ကြိုက်တတ်တဲ့ မုန့်လေးတွေ ပို့တာကလည်း နွေးထွေးတဲ့ဆက်ဆံရေးလေး တည်တံ့အောင် ထိန်းသိမ်းလို့ရပါတယ်။ အွန်လိုင်းကနေ ရုပ်ရှင်တူတူကြည့်တာ၊ ဂိမ်းဆော့တာ၊ စာအုပ်တူတူဖတ်တာ၊ အွန်လိုင်း အားကစားတူတူလုပ်တာ စသဖြင့် လုပ်နိုင်သလောက် အမှတ်တရလေးတွေ၊ ပျော်စရာအချိန်ကောင်းတွေ ဖန်တီးနိုင်ပါသေးတယ်။ ဒီလိုပုံမှန် အလေ့အထလေးတွေ တူတူရှိကြမယ်ဆို အနေဝေးနေလည်း စိတ်ချင်းနီးနေစေမယ့် ခံစားချက်လေး ရှိနေတာပေါ့။

ဟန်ချက်ညီညီ တူတူကြိုးစားပါ
တစ်ယောက် တစ်နေရာစီ ဖြစ်နေကြချိန်မှာ တစ်ခုကောင်းတာက ကိုယ်စီဝါသနာနဲ့ ရည်မှန်းချက်တွေကို လုပ်ဆောင်နိုင်ဖို့ အချိန်တစ်ခုထွက်နေမှာ သတိထားမိကြမှာပါ။ အနေဝေးကြပေမယ့် ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ ချစ်သူရည်းစား သို့ ဇနီးမောင်နှံ ဆက်ဆံရေးတွေမှာ နှစ်ဦးနှစ်ဖက်လုံးရဲ့ အောင်မြင်မှုနဲ့ တိုးတက်ရာတိုးတက်ကြောင်းတွေကို တစ်ချိန်တည်းမှာ ကြိုးစားကာ အချင်းချင်းအားပေးတတ်ကြတာ တွေ့ရပါတယ်။ အကယ်လို့များ ဒီလိုကြိုးစားမှုတွေ အရာမထင်ဖြစ်ခဲ့ရင်လည်း တစ်ဦးနဲ့တစ်ဦး အမြဲတမ်းအဆက်အသွယ်ပြုကာ ခံစားနေရတာတွေကို ရင်ဖွင့်ပြောပြဖို့ အသင့်ဆုံးပါပဲ။ ဘာကြောင့်ဆို ဆက်ဆံရေးတွေဆိုတာဟာ ဖိအားတွေရှိနေရမှာ မဟုတ်ဘဲ စိတ်လုံခြုံအေးချမ်းမှုတွေပဲ ရှိနေသင့်တာ ဖြစ်ပါတယ်။
အကွာအဝေးဆိုတာဟာ ချစ်သူတွေအတွက် စိန်ခေါ်မှုတစ်ခုသာဖြစ်တာမို့ နှစ်ဦးနှစ်ဖက် ယုံကြည်မှု၊ အပြန်အလှန်ဆက်သွယ်မှုနဲ့ အနာဂတ်အိပ်မက်တွေ တူညီဖို့လိုပါတယ်။ နောက်ဆုံးမှာ ဒီလိုခရီးဝေးကို မေတ္တာနဲ့ပဲ အနိုင်ယူနိုင်မှာ ဖြစ်တဲ့အတွက် ဆက်ဆံရေးတွေ ဝေးကွာမသွားစေဖို့ အပေါ်မှာပြောပြထားတဲ့အချက်လေးတွေ လုပ်ဆောင်ကြည့်ဖို့ အကြုံပြုလိုက်ရပါတယ်။
Comments