
ဟစ်ပီ (Hippie) ဆိုတဲ့ စကားလုံးဟာ ခပ်တိုတို ရှင်းပြဖို့တော့ နည်းနည်းခက်ပါတယ်။ ဒီစကားလုံးရဲ့နောက်ကွယ်မှာ နက်ရှိုင်းပြီး ကျယ်ပြန့်တဲ့ အယူအဆ၊ အတွေးအခေါ်တွေ၊ လူနေမှုပုံစံတွေ ပါဝင်နေပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ ဟစ်ပီ (Hippie) ဆိုတာ ဘာကိုခေါ်သလဲ၊ ဘယ်လို အတွေးအခေါ်၊ အယူအဆတွေနဲ့ ဘယ်လို သမိုင်းကြောင်းတွေရှိခဲ့သလဲ ဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
ဟစ်ပီ (Hippie) တို့ရဲ့ သမိုင်းကြောင်း
ဟစ်ပီ (Hippie) ဆိုတာ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်၊ ၁၉၆၀ ကာလတွေကတည်းက အမေရိကန်နိုင်ငံမှာ စတင်ခဲ့တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ဟစ်ပီ (Hippie) ဆိုတဲ့ စကားလုံးကတော့ ၁၉၄၀ - ၅၀ ခုနှစ်တွေမှာ ခေတ်စားခဲ့တဲ့ Jazz ဂီတအမျိုးအစားကို နှစ်သက်သူတွေသုံးခဲ့တဲ့ “Hipster” ဆိုတဲ့ စကားလုံးကနေ ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ အစမှာတော့ လူငယ်တွေချည်း ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုဖြစ်ပေမဲ့ မကြာခင်မှာပဲ တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားပြီး ငြိမ်းချမ်းမှု၊ ချစ်ခြင်းမေတ္တာနဲ့ ဂုဏ်ဒြပ်တွေကို ပယ်ရှားတဲ့ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။
ပထမဆုံးလှုပ်ရှားမှုတွေအဖြစ် အမေရိကန်နိုင်ငံ၊ ဆန်ဖရန်ဆစ်စကိုနဲ့ နယူးယောက်မြို့တွေမှာ စတင်ခဲ့ပါတယ်။ သူတို့စတင်ခဲ့တဲ့ လှုပ်ရှားမှုတွေရဲ့ အကြောင်းအရင်းနဲ့ အယူအဆတွေမှာတော့ သဘာဝတရားနဲ့ နီးစပ်ဖို့၊ ငြိမ်းချမ်းမှုကို ရှာဖွေဖို့ ဆိုတဲ့ ဦးတည်မှုတွေ ပါဝင်ပါတယ်။ အဲဒီအချိန်ကာလဟာ ဗီယက်နမ်စစ်ပွဲကာလလည်း ဖြစ်တဲ့အလျောက် စစ်ပွဲတွေ ရပ်တန့်ဖို့ဆိုတဲ့ အရွေ့တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် “Summer of Love” ပွဲတော်နဲ့ ၁၉၆၉ ခုနှစ် “Woodstock” ပွဲတော်တွေဟာ ဟစ်ပီ (Hippie) လှုပ်ရှားမှုရဲ့ အရှိန်အမြင့်ဆုံးအချိန်တွေဖြစ်ခဲ့ပြီး လူနေမှုပုံစံတစ်ခု ဒါမှမဟုတ် ယဥ်ကျေးမှုတစ်ခုအဆင့်အထိ ပြောင်းလဲလာခဲ့ပါတယ်။
Pic: Changed America
ဟစ်ပီ (Hippie) ဆိုတာ ဘာကိုညွှန်းဆိုသလဲ
အဲဒီနောက်မှာတော့ ဟစ်ပီ (Hippie) ဆိုတဲ့ စကားလုံးဟာ အဲဒီလူနေမှုပုံစံ၊ ယဥ်ကျေးမှုတစ်ခုကို ကိုယ်စားပြုလာခဲ့သလို အဲဒီလူနေမှုပုံစံကို လက်ခံကျင့်သုံးတဲ့သူတွေကိုလည်း ညွှန်းဆိုလာခဲ့ပါတယ်။ ဒါကြောင့် ဟစ်ပီ (Hippie) ဆိုတာ ဘာလဲလို့ မေးရင် လူနေမှုပုံစံတစ်ခုလို့ ပြောလို့ရသလို လှုပ်ရှားမှုတစ်ခုလို့လည်း ပြောလို့ရပါတယ်။ အဲဒီလူနေမှုပုံစံအတိုင်း နေထိုင်ကြသူတွေလို့ ပြောရင်လည်း ရပြန်ပါတယ်။
ဟစ်ပီ (Hippie) တွေရဲ့ အဓိက ယုံကြည်မှုနဲ့ နေထိုင်မှုပုံစံများ
လူတွေ နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ လူမှုပတ်ဝန်းကျင်၊ အဆင့်အတန်းတွေနဲ့ လက်ခံယုံကြည်မှုတွေဟာ ဟစ်ပီ (Hippie) တွေနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဟစ်ပီ (Hippie) တွေရဲ့ လူနေမှုပုံစံဟာ သဘာဝတရားကို ဦးတည်ပြီး မူလအရှိတရားကို ပြန်သွားကြတဲ့ လက်ခံယုံကြည်မှု အရွေ့တစ်ခုဖြစ်ပြီး လက်ရှိလူ့အဖွဲ့အစည်းကတော့ မူလ သဘာဝကို ကျော်လွန်ပြီး အမြဲစဥ်ဆက်မပြတ် တိုးတက်အောင် ပြုလုပ်နေကြတဲ့ လူနေမှုပုံစံဖြစ်ပါတယ်။ ဟစ်ပီ (Hippie) တွေမှာ ဘဝကို ဘယ်လိုတိုးတက်ပြောင်းလဲအောင်လုပ်ရမယ် ဆိုတာမျိုး မရှိဘဲ သဘာဝအတိုင်းပဲ လွတ်လွတ်လပ်လပ် အသက်ရှင်နေထိုင်ကြပါတယ်။ ဒါက တချို့လူတွေအတွက်တော့ လက်မခံနိုင်စရာ ဖြစ်နေတတ်ပါတယ်။
ဟစ်ပီ (Hippie) တွေရဲ့ လူနေမှုပုံစံကို ပြောရမယ်ဆိုရင်တော့ အဝတ်အစားဆိုရင်လည်း ထူးထူးခြားခြား ဖက်ရှင်ရေစီးကြောင်းတွေနဲ့ အမြဲပြောင်းလဲနေတာမျိုးမလုပ်သလို ဆံပင်ကိုတောင်မှ အရှည်အတိုင်းပဲ ထားကြတာပါ။ သဘာဝအတိုင်းရှိခဲ့တာမဟုတ်ဘဲ လူတွေဖန်တီးထားတာဖြစ်တဲ့ ဆပ်ပြာတွေနဲ့ ရေချိုးတာ၊ အလှပြင်ပစ္စည်းတွေနဲ့ အလှပြင်တာမျိုးဟာ သူတို့နဲ့ လုံးဝမအပ်စပ်တဲ့ အရာတွေပါပဲ။ လူတွေဟာ တိုးတက်ပြောင်းလဲမှုတွေ မလုပ်ခဲ့ဘူးဆိုရင် အစဦးကတည်းက ဒီတိုင်းပဲရှိနေမှာဖြစ်ပြီး အဆင့်အတန်းတွေ၊ ဂုဏ်ဒြပ်တွေဆိုတာ သပ်သပ်ဖန်တီးယူထားကြတာလို့ ဟစ်ပီ (Hippie) တွေက ယုံကြည်ကြပါတယ်။ ခေတ်သစ်လူ့အဖွဲ့အစည်းအနေနဲ့ လူတစ်ယောက်က ဒီလိုနေထိုင်မှုပုံစံကို ညစ်ပတ်တယ် လို့ပြောခဲ့မယ်ဆိုရင် လူဆိုတာ အစဦးကတည်းက သဘာဝအတိုင်းဆိုရင် ညစ်ပတ်မှာပဲ လို့ ပြန်ပြောကောင်းပြောကြပါလိမ့်မယ်။ ဒါကြောင့်လည်း အဲဒီအရာတွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းမှုကိုပဲ လွတ်လွတ်လပ်လပ် ရှာဖွေကြပါတယ်။
ဒါဆိုရင်တော့ ဟစ်ပီ (Hippie) တွေအကြောင်းကို အကြမ်းဖျဉ်းသိသွားကြမယ်လို့ ထင်ပါတယ်။ လူတွေဟာ မတူညီတဲ့ ယုံကြည်ရာတစ်မျိုးစီ ရှိတတ်ကြပါတယ်။ ဟစ်ပီ (Hippie) ဆိုတာကလည်း မတူညီတဲ့အရာတွေထဲက သဘာဝနဲ့ ငြိမ်းချမ်းမှုကို ဦးတည်ထားတဲ့ ယုံကြည်မှုတစ်ခု၊ နေထိုင်မှုပုံစံတစ်ခုပဲလို့ မှတ်ယူကြရမှာ ဖြစ်ပါတယ်။
Comments