ဝင်ငွေနဲ့ထွက်ငွေကို မျှမျှတတစီမံတတ်ဖို့ရာ

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


အလုပ်လုပ်နေတဲ့ လူငယ်တွေအတွက် ရေရှည်သတ်မှတ်ထားတဲ့ ငွေကြေးပန်းတိုင်ရောက်ရှိဖို့ ငွေ‌‌ကြေးပမာဏတစ်ချို့ ဖယ်ထားရင်း လစဥ်အသုံးစရိတ်တွေကို ဟန်ချက်ညီအောင် ဖန်တီးရတာ တော်ရုံလွယ်တဲ့အရာတစ်ခု မဟုတ်ပါဘူး။ 

သင့်အနေနဲ့ ကိစ္စတစ်ခုခုကြောင့် ငွေစုနေတာမျိုး ရှိတယ်ဆိုရင် ဘတ်ဂျက်တစ်ခုဆွဲပြီး လုပ်ဆောင်တာက ငွေကြေးတည်ငြိမ်မှုကို ရစေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ငွေကြေးဆိုင်ရာပန်းတိုင်တစ်ခုကို ဘယ်လိုချမှတ်ကြမလဲ၊ ငွေကြေးသုံးစွဲမှုမှာ ဘယ်လိုအရာမျိုးကို ဦးစားပေးသုံးသင့်လဲ နဲ့ ဝင်ငွေနဲ့ထွက်ငွေကို မှတ်တမ်းယူဖို့ အသုံးဝင်တဲ့ နည်းလမ်းကောင်းတွေ ဖော်ပြပေးသွားပါမယ်။ 

ဝင်ငွေနဲ့ ထွက်ငွေကို မှတ်တမ်းယူပါ 

ဘတ်ဂျက်ဆွဲဖို့ ပထမဦးဆုံး လုပ်ရမယ့်အချက်က လစဥ် ငွေဘယ်လောက်ဝင်လဲနဲ့ ဝင်လာတဲ့ငွေတွေ ဘယ်ရောက်သွားလဲဆိုတာ သိဖို့လိုပါတယ်။ ပုံမှန်လစာ၊ အလွတ်တန်းအလုပ်နဲ့ အပြင်အလုပ်ကရငွေ စတဲ့ ငွေဝင်တဲ့ အရင်းအမြစ်တွေအကုန် မှတ်တမ်းယူပါ။ ပြီးရင် လစဥ်အသုံးစရိတ်တွေဖြစ်တဲ့ အိမ်ငှားခ၊ ‌အိမ်အသုံးစရိတ်၊ စားသောက်စရိတ်၊ သွားလာရေးစရိတ် နဲ့ အပျော်အပါးသုံးစရိတ်တို့ကိုပါ မှတ်ပါ။ ဘတ်ဂျက်အက်ပ် တစ်ခုခု ဒါမှမဟုတ် ကွန်ပျူတာ၊ စာအုပ်နဲ့ အသုံးစရိတ်အသီးသီးကို မှတ်ပါ။ 

ငွေရေးကြေးရေး ရည်မှန်းချက်တစ်ခုကို ဘယ်လိုချမှတ်မလဲ

သင့်ဝင်ငွေနဲ့ ထွက်ငွေအကြောင်း အကုန် သေချာသိရပြီဆိုရင် ငွေကြေးဆိုင်ရာပန်းတိုင်တစ်ခု ချမှတ်လို့ရပါပြီ။ အဲဒီထဲမှာ အကြွေးဆပ်ရမယ့်ငွေ၊ အရေးပေါ်လိုအပ်ရင် သုံးဖို့ငွေ၊ ပင်စင်အတွက် စုငွေ ဒါမှမဟုတ်ရင် အိမ်ဝယ်ဖို့ငွေ စသဖြင့် ပါရပါမယ်။ ငွေကြေးပန်းတိုင်တစ်ခု ရေးဆွဲဖို့ SMART နည်းလမ်းဖြစ်တဲ့ Specific - တိကျရမယ် ၊ Measurable - တိုင်းတာလို့ရရမယ် ၊ Achievable - အောင်မြင်နိုင်ရမယ် ၊ Relevant - သင့်တော်ဆီလျော်ရမယ် ၊ Time-bound - အချိန်သတ်မှတ်ချက်တစ်ခု ပါရပါမယ်။ ပြီးရင် ကိုယ်သွားမယ့် ငွေကြေးဆိုင်ရာပန်းတိုင်အတွက် လုပ်ဆောင်ချက်အနည်းငယ်ဆီခွဲပြီး တစ်ဆင့်ပြီးတစ်ဆင့် လစဥ်လုပ်ဆောင်ပါ။ 

ငွေကြေးသုံးစွဲမှုမှာ ဘယ်လိုအရာမျိုးကို ဦးစားပေးသုံးသင့်လဲ

ကိုယ်သတ်မှတ်ထားတဲ့ ‌ငွေကြေးပန်းတိုင်ကို အခြေခံပြီး ငွေကြေးသုံးစွဲမှုလုပ်ဖို့ အရေးကြီးပါတယ်။ အပြင်ထွက်စားခြင်း ဒါမှမဟုတ် စျေးဝယ်ခြင်း စတဲ့ မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချပြီး ကိုယ့်အတွက် အရေးကြီးဆုံးအရာကိုပဲ ဦးစားပေးပါ။ ဥပမာ - ကိုယ့်ပန်းတိုင်က အိမ်ဝယ်ဖို့ ငွေစုရမယ်ဆိုရင် အပျော်အပါးအသုံးစရိတ်တွေကို လျှော့ချပြီး စုငွေထဲ ပိုထည့်လိုက်ပါ။ အမြဲတမ်း ကိုယ့်သုံးငွေကို သိနေပြီး ကိုယ့်ငွေကြေးပန်းတိုင်နဲ့ ဆီလျော်တဲ့ စုငွေဆီ စုနိုင်အောင် ကြိုးစားပါ။ 

ကိုယ့်အသုံးစရိတ်ကို ပုံမှန်သုံးသပ်ပြီး စီမံခန့်ခွဲပါ

ကိုယ့်ငွေစာရင်းစာရွက်က ကိုယ်ပုံမှန်လုပ်ဆောင်သုံးသပ်နေတဲ့ စာရင်းရှင် စာရွက်စာတမ်းဖြစ်ပါစေ။ ကိုယ်ရည်မှန်းထားတဲ့ ဘဏ္ဍာရေးပန်းတိုင်ရောက်ဖို့ ကိုယ့်ငွေကြေးအခြေအနေကို အမြဲသုံးသပ်ပြီး လိုအပ်ရင် ညှိပြီးလုပ်ပါ။ ဥပမာ - ငွေကြေးအခြေအနေတိုးတက်မှုမရှိရင် အသုံးစရိတ်ကို လျှော့ချတာမျိုး ဒါမှမဟုတ် ကိုယ့်ဝင်ငွေကို တိုးလာအောင် နည်းလမ်းရှာပြီး လုပ်ဆောင်ပါ။ သတ်မှတ်ထားတဲ့ ငွေကြေးပန်းတိုင်ကို ပြည့်မီပြီး ငွေပိုငွေလျှံရှိလာရင် အဲဒီငွေကို ရေရှည်ချမှတ်ထားတဲ့ ငွေကြေးပန်းတိုင်တစ်ခုအတွက် စုလိုက်ပါ။ ဒီလိုမှမဟုတ်ရင် အဲဒီငွေတွေနဲ့ ကိုယ့်ကိုယ်ကို ဆုချလိုက်ပါ။ 

ပိုက်ဆံစုတာနဲ့ ဘတ်ဂျက်ရေးဆွဲတာဟာ ဆက်စပ်သဘောတရားတွေဖြစ်ပေမယ့် တကယ်တော့ အဲဒီနှစ်ခုက တူညီတဲ့အရာမဟုတ်ကြောင်း သိထားဖို့လိုပါတယ်။ ပိုက်ဆံစုတယ်ဆိုတာ အနာဂတ်မှာသုံးဖို့ ငွေကိုချန်ပြီး စုတာဖြစ်ပြီး ဘတ်ဂျက်ရေးဆွဲတာကတော့ ကိုယ့်ဝင်ငွေနဲ့အသုံးစရိတ်ကို ကြိုတင်သတ်မှတ်ချက်တွေနဲ့ စီစဉ်ရေးဆွဲထားတာဖြစ်ပါတယ်။ ဘတ်ဂျက်ရေးဆွဲပြီး ကိုယ့်ရဲ့ငွေကြေးပန်းတိုင်ဆီရောက်ရှိဖို့ ဝင်ငွေရဲ့ တစ်စိတ်တစ်ဒေသကို ခွဲဝေပေးလိုက်တာဟာ တစ်ချိန်မှာ ရင်းနှီးမြှုပ်နှံဖို့ အကူအညီဖြစ်စေမှာပါ။ စည်းကမ်းရှိရှိနဲ့  တစိုက်မတ်မတ် ငွေကြေးစီမံခန့်ခွဲခြင်းဖြင့် အနာဂတ်မှာ ငွေကြေးနဲ့ပတ်သက်လာရင် စည်းစနစ်ကျမှုတွေ ရရှိလာမှာပါ။ အဲဒါကြောင့် မိမိပိုက်ဆံနဲ့ပတ်သက်ပြီး စမတ်ကျကျ စီမံခန့်ခွဲကြပါစို့။ 


Share

Comments

Mee Nge Lay

မိမိ ပိုက်ဆံနဲ့ ပတ်သတ်ပြီး စမတ်ကျကျ စီမံခန့်ခွဲ ကြပါစို့။

Thazin Myat Noe

အိမ်ထောင်ရှင်မတယောက်ဖြစ်တဲ့အတွက်ငွေကြေးစီမံရတာလည်းအခုခေတ်နဲ့ကမလွယ်ကူလှပါဘူး.ဝင်ငွေထွက်ငွေမျှတအောင်ဘယ်လိုစီမံရမယ်ဆိုတာသိရှိရတဲ့အတွက်ဒီဆောင်းပါးလေးကအထောက်အကူဖြစ်စေပါတယ်

Ye Yint Oo

ရသမျှပိုက်ဆံအကုန်သုံးပြီး ‌ဝင်ငွေနဲ့ထွက်‌ငွေမမျှဖြစ်နေတဲ့သူမို့ ဒီဆောင်းပါးလေးကအထောက်အကူဖြစ်ပါတယ်။ လိုတာဝယ်ဖို့ ပိုက်ဆံစုနေရင်းနဲ့ တခြားလိုချင်တာရှိတာလာရင်ပရမ်းပတာမဝယ်ပစ်ဘဲနဲ့ပိုက်ဆံကိုစည်းကမ်းရှိရှိသုံးသင့်နေပြီဆိုတာကိုသိလိုက်ပါပြီ :') အခုကစပြီး ပိုက်ဆံအသုံးစရိတ်ကို သေချာစာရင်းရေးရပါတော့မယ် :⁠-⁠)

Related Posts