ရိုးသား၊ ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ကြတဲ့အခါ

Posted in လူမှုဘဝ, လူမှုဆက်ဆံရေး


ခိုင်မြဲပြီး ရိုးသားတဲ့ Relationship တစ်ခုတည်ဆောက်တဲ့အခါ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု ရှိဖို့က အရမ်းအရေးကြီးပါတယ်။ ယုံကြည်မှုတစ်ခု တည်ဆောက်တဲ့အခါမှာ နှစ်ယောက်စလုံးရဲ့ အချိန်၊ ကြိုးစားအားထုတ်မှုနှင့် ကတိကဝတ်များ လိုအပ်ပါတယ်။ Relationship တစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု မရှိရင် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်တာတွေ ဖြစ်လာပြီး ပြိုကွဲသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ စုံတွဲတွေကြားမှာ ယုံကြည်မှုနှင့် ရိုးသားမှုကို တည်ဆောက်နိုင်ဖို့ အကြံပြုချက်အချို့ကို မျှဝေလိုက်ပါတယ်။

ဘယ်ကိစ္စမဆို လိမ်ညာမှု့မရှိဘဲ ပွင့်ပွင့်လင်းလင်းပြောပါ။ 

Relationship တစ်ခုမှာ ပွင့်လင်းတဲ့ ဆက်ဆံရေးရှိဖို့က အဓိကအကျဆုံးပါပဲ။ အချင်းချင်းပွင့်လင်းရိုးသားပြီး ကိုယ့်ရဲ့ခံစားချက်တွေ၊ စိုးရိမ်တာတွေ၊ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ မျှော်လင့်ချက်တွေကို ပြောပြသင့်ပါတယ်။ ဒီလို ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတဲ့အခါ နားလည်မှု လွဲတာတွေလည်း မရှိဘဲ ခိုင်မာတဲ့ ယုံကြည်မှုတစ်ခုကို တည်ဆောက်နိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ကိုယ်ရဲ့ ရည်းစားကောင်လေးက မိန်းကလေးသူငယ်ချင်း တစ်ယောက်ယောက်နဲ့ တွဲသွားတွဲလာ ပြုလုပ်တာမျိုးကို မကြိုက်ဘူး မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပါ။ အဲ့လိုပြောရင် သူမကြိုက်မှာစိုးလို့ဆိုပြီး ဘာမှမဖြစ်တဲ့ အတိုင်း မနေပါနဲ့။ ကိုယ့်ဘက်က ကြိတ်ပြီး မကျေနပ်တာတွေ များလာရင် နောက်ပိုင်း အဆင်မပြေတာတွေ ပိုဖြစ်လာပါလိမ့်မယ်။

ကိုယ်ပေးထားတဲ့ ကတိကို အမြဲတည်ပါ။ 

ကိုယ်က ကတိတစ်ခုပေးပြီးပြီဆိုရင် အဲ့ကတိကို အမြဲတည်ပါ။ သူပြောထားတဲ့စကားကို အမြဲ အလေးအနက်ထားပြီး ကတိတည်ရင် ကိုယ့်ကို ယုံကြည်ပြီး အားကိုးလို့ရတယ် ဆိုတာကို ပြတာပါပဲ။ ကိုယ်က ချစ်သူသက်တမ်း တစ်နှစ်ပြည့်မှာ သူ့ကို ညစာနဲ့ ပန်းစည်း Surpriseတွေ လုပ်ပေးမယ်လို့ ပြီးစလွယ် ကတိပေးတာမျိုး၊ တကယ်တမ်း မလုပ်ပေးနိုင်ဘဲကတိမတည်တဲ့အခါ တစ်ဖက်လူက စိတ်ပျက်သွားမှာပါ။ ကတိပျက်တာတွေများလာရင် နောက်ပေးတဲ့ ကတိတွေဆို ယုံတော့မှာမဟုတ်ပါဘူး။ ကိုယ်မပေးနိုင်တဲ့ ကတိဆို အစတည်းက မပေးပါနဲ့။

အပြောနဲ့အလုပ်နဲ့ တစ်သမတ်တည်းရှိပါ။

ကိုယ်နဲ့ သူ့ကြားမှာ ယုံကြည်မှု တည်ဆောက်အခါ အပြောနဲ့ အလုပ်နဲ့ ညီဖို့ကလည်း အရမ်းအရေးကြီးပါတယ်။  ကိုယ်ကသူ့အတွက် လုပ်ပေးမယ်လို့ ပြောထားတဲ့ ကိစ္စတစ်ခုကို ပြောထားတဲ့အတိုင်း ချက်ချင်းလုပ်ပါ။ နေ့ရွှေ့ညရွှေ့ အချိန်မဆွဲပါနဲ့။ပြောတာကတစ်ခြား လုပ်တာကတစ်ခုဆို သူလည်းကိုယ့်ကို ယုံကြည်လေးစားမှု ရှိတော့မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် အမြဲ အပြောနဲ့ အလုပ်နဲ့ညီပါစေ။

တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးပြီး Support ပေးပါ။ 

ယုံကြည်မှုတစ်ခု တည်ဆောက်တဲ့အခါမှာ နောက်ထပ် အရေးအကြီးဆုံး ကတော့ ကိုယ့်ကိုသူလိုအပ်နေတဲ့ အချိန်အနားမှာအမြဲ ရှိနေပေးဖို့ ပဲဖြစ်ပါတယ်။ သူပြောတဲ့ စကားကို သာမန်ကာလျှံကာ မဟုတ်ဘဲ အလေးအနက်ထားပြီး သေချာနားထောင်ပါ။ သူရဲ့ခံစားချက်တွေကိုလည်း သူ့ဘက်ကနေစဉ်းစား နားလည်ပေးပြီး လိုအပ်တဲ့အခါတိုင်းမှာ အမြဲပံ့ပိုးပေးပါ။ အဲ့လိုဆို ကိုယ်နဲ့ သူ့ရဲ့ relationshipမှာ ယုံကြည်မှု ပိုရှိပြီး ခိုင်မြဲလာစေမှာပါ။

တောင်းပန်စရာ ရှိရင် ချက်ချင်း တောင်းပန်ပါ။

ဘယ်သူမဆို အမှားလုပ်မိတဲ့အခါ ကိုယ့်ရဲ့လုပ်ရပ်အတွက် တာဝန်ယူတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်က တစ်ခုခုအမှားလုပ်မိလိုက် ပြီဆိုရင် အဲ့အမှားအတွက်  တောင်းပန်ဖို့  ဝန်မလေးပါနဲ့။ ကိုယ်မှားတယ်ဆိုတာ ဝန်ခံပြီး တောင်းပန်တတ်ရင်  ကိုယ်ဟာ တာဝန်ယူတတ်တဲ့ စိတ်ရှိတယ်ဆိုတာ တစ်ဖက်လူကလည်း မြင်နိုင်တဲ့ အတွက် ကိုယ်နဲ့ ကိုယ့် ချစ်သူကြား ယုံကြည်မှု့ တည်ဆောက်တဲ့ အခါမှာလည်း ပိုပြီး အဆင်ပြေစေပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းဟာလည်း Relationship တစ်ခုတည်ဆောက်တဲ့အခါ အရေးကြီးပါတယ်။ ကိုယ်က ကိုယ့်ကိုယ်ကိုတောင် မယုံကြည်ဘူးဆိုရင် တခြားသူတွေကလည်း ကိုယ့်ကို ယုံကြည်ဖို့ ခက်ခဲပါလိမ့်မယ်။ ကိုယ်က အမြဲတမ်း မှန်အောင်နေပြီး ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်နေရင် ချစ်သူကလည်း ကိုယ့်ကိုလေးစားပါလိမ့်မယ်။ 

Relationship တစ်ခုမှာ ယုံကြည်မှုနှင့် ရိုးသားမှုကို တည်ဆောက်တဲ့အခါ နှစ်ယောက်စလုံးရဲ့ အချိန်နှင့် အားထုတ်မှုတွေရဲ့ ရလဒ်က နောက်ဆုံးမှာတော့ အမြဲထိုက်တန်ပါတယ်။ ဒီအကြံပြုချက်တွေကို လိုက်နာပြီး ချစ်သူစုံတွဲများအားလုံး အချိန်တစ်ခုရဲ့ စမ်းသပ်မှုကို ခံနိုင်ရည်ရှိစွာနဲ့  ကြာရှည်ခိုင်မြဲပြီး ရိုးသားတဲ့ Relationship ကို တည်ဆောက်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။


Share

Comments

nandar

Relationship တွေမှာ ချစ်သူရည်းစား ပဲဖြစ် ဖြစ် မိသားစုမိတ်ဆွေသူငယ်ချင်းပဲ ဖြစ်စေ ရေရှည်လက်တွဲဖို့ ဆုံးဖြတ်ထားရင် ရိုးသားပွင့်လင်းပြီး နားလည်မှုရှိမှသာ အတူလျှောက်လှမ်းတဲ့ လမ်းမှာ ကြုံလာမယ့်အခက်အခဲတိုင်းကို ကျော်လွှားပြီး လိုရာ ပန်းတိုင်ကိုအတူတကွလျှောက်လှမ်းနိုင်မှာပါ ❤️

KTK

ယုံကြည်မှုတွေ နားလည်မှုတွေဆိုတာထက် အဓိက ကတော့ တကယ်ချစ်ဖို့ပဲလို့ထင်ပါတယ် တကယ်ချစ်ပြီဆိုရင် အရာရာကိုခွင့်လွှတ်နားလည်ပေးတတ်လာပါလိမ့်မယ် တကယ်အရေးကြီးတာ တစ်ခုပဲရှိတယ် အဲ့ဒါ ချစ်တတ်ဖို့ပါပဲ တကယ်ချစ်တဲ့သူက ဘာကြီးပဲဖြစ်နေနေ ချစ်နေရရင်ကိုကျေနပ်နေတတ်ကြတာပဲ

Ko Myo Gyi

အိမ်ထောင်ကျတာ ၃ နှစ်ရှိပီ သူမက ကျွန်တော့်ထက် ၆ နှစ်ငယ်ပါတယ် ခုဆို သမီးလေးရလို့ ရက် ၁၀၀ ပြည့်တော့မယ် ခုပြောပြတဲ့ အချက်တွေထက်မက ဂရုစိုက်တယ် အရမ်းချစ်တယ် တူတူ ကြိုးစား‌‌ပီးနေ တယ် စကားများတာ ရန်ဖြစ်တာလည်း မရှိခဲ့ဘူး အရမ်းကို ပျော်ရွှင်ရပါတယ် ကျေးဇူးတင်ပ့တယ် စာဖတ်ခွင့်ရလို့ 😍😍😍

Related Posts