၂၀၂၅အတွက် တရုတ်ရိုးရာ ရာသီဖွားများအကြောင်း

Posted in လူမှုဘဝ


တရုတ်ရာသီခွင် ၁၂ ခုရှိပြီး တစ်ခုချင်းစီကို သတ္တဝါတစ်ကောင်စီနဲ့ ကိုယ်စားပြုထားပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဇာတာ၊ အချစ်ရေး၊ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ လိုက်ဖက်ညီမှုတွေဟာ ရာသီခွင်တွေ ပေါ် အများကြီး မူတည်နေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။ ဒီနှစ် ၂၀၂၅ ခုနှစ်- မြွေနှစ်မှာ ၁၂ ရာသီဖွား အသီးသီးတို့ရဲ့ ယေဘုယျ အလုပ်အကိုင်၊ ငွေရေးကြေးရေး၊ လူမှုရေး၊ ကျန်းမာရေးတွေ ဘယ်လို အခြေအနေရှိမလဲဆိုတဲ့ ခန့်မှန်းသုံးသပ်ချက်ကို အောက်မှာ ဖတ်ရှုနိုင်ပါပြီ။

မြွေနှစ်ဖွား ( 2025, 2013, 2001, 1989, 1977 ) 

လျှို့ဝှက်ဆန်းကြယ်ပြီး ထက်မြက်တဲ့ မြွေနှစ်ဖွားတွေဟာ ဖော်ရွေတတ်ပြီး စိတ်သဘောထားကောင်းသူများ ဖြစ်ပါတယ်။ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်တွေ၊ ငွေကြေးကိစ္စတွေမှာ အခွင့်အလမ်းကောင်းတွေ ရရှိနိုင်တဲ့နှစ်ပါပဲ။ ဘဝမှာ စိန်ခေါ်မှုတွေ ရရှိနိုင်ပြီး ဘာမဆို သတိဝီရိယရှိရှိ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ငွေကြေးအရ ကံကောင်းနေပေမယ့်လည်း အတတ်အကျရှိနိုင်တာကြောင့် ရင်းနှီးမြုပ်နှံမှုတွေ လုပ်မယ်ဆို  သေချာဂရုပြုရမှာပါ။ မိသားစုတစ်စု စတင်ဖို့ အကောင်းဆုံးနှစ်ဖြစ်ပြီး လူမှုဆက်ဆံရေးမှာ သဟဇာတဖြစ်အောင် ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ ထိခိုက်ဒဏ်ရာ ရနိုင်ခြေများတာကြောင့် ကျန်းမာရေးကိုတော့ အဓိကထားပေးဖို့လိုပြီး ရေနဲ့ပတ်သတ်တဲ့နေရာတွေ သွားလာတာ ရှောင်ကြဥ်ပေးပါ။

ကြွက်နှစ်ဖွား ( 2020, 2008, 1996, 1984, 1972 )

ပင်ကိုဗီဇကောင်းမွန်ပြီး ပျော်တတ်ကြသူများဖြစ်တဲ့ ကြွက်နှစ်ဖွားများဟာ စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အောက်မှာတောင် လျှို့ဝှက်ချက်တွေကို လုံခြုံအောင် သိမ်းဆည်းထားနိုင်စွမ်းရှိကြသူတွေပါ။ ၂၀၂၅ ခုနှစ်ဟာ ကြွက်နှစ်ဖွားတွေအတွက် ကြိုးစားတိုင်း အရာထင်မယ့် နှစ်ဖြစ်ပြီး စိန်ခေါ်မှုတွေ ကြုံတွေ့ရတဲ့အခါမှာ သြဇာ ကြီးမားသူတွေထံက အကူအညီ ရရှိနိုင်ပါတယ်။ ငွေရေးကြေးရေးပိုင်းမှာတော့ အတက်အကျများမယ့် နှစ် ဖြစ် ပြီး ရင်းနှီးမြုပ်နှံမှုတွေလုပ်တဲ့အခါ ဉာဏ်နှင့်ယှဥ်ကာ သတိကြီးကြီးလုပ်ကိုင်ဖို့ အကြံပေးချင်ပါတယ်။ မြန်မြန် အမြတ်ရမှာထက် ခိုင်မာတည်ငြိမ်တဲ့ စီးပွားရေးတွေကို ပိုလုပ်ဆောင်သင့်ပါတယ်။ မိတ်ဆွေသူငယ်ချင်း၊ လူကြီးသူမ စသူတွေ အကူအညီပေးကြမယ့် နှစ်ဖြစ်တာကြောင့် အခက်အခဲတွေကြုံတွေ့လာတဲ့အခါ အကူအညီ တောင်းခံဖို့ မတွန့်ဆုတ်သင့်ပါဘူး။ ကျန်းမာရေးအတွက်ကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ ခရီးသွားလာခြင်းကို သတိထားရမယ့် နှစ်ပဲ ဖြစ်ပါတယ်။ 

နွားနှစ်ဖွား ( 2021, 2009, 1997, 1985, 1973 )

ဝီရိယကောင်းမွန်ပြီး တာဝန်ယူတတ်သူများဖြစ်ကြတဲ့ နွားနှစ်ဖွားများဟာ အလုပ်ကြိုးစားခြင်းကြောင့် ဂုဏ် သတင်းကောင်းကျော်ဇောသူများ ဖြစ်ကြပါတယ်။ ၂၀၂၅ ခုနှစ်ကတော့ ရာထိုးတိုး၊ လစာတိုး၊ စီးပွားရေး အောင်မြင် တိုးတက်မယ့်နှစ်ဖြစ်ပြီး မိတ်ကောင်းဆွေကောင်းနဲ့ ကူညီစောင်မလိုသူများ ဝိုင်းဝိုင်းလည်နေမယ့် နှစ်ကောင်းပါပဲ။ ငွေရေးကြေးရေးပိုင်းမှာလည်း အလားအလာအလွန်ကောင်းမွန်နေပြီး ဖောက်သည်ဟောင်း၊ မိတ်ဆွေဟောင်းတွေနဲ့ စပ်လျဉ်းတဲ့ကိစ္စတွေကနေတဆင့် အကျိုးကျေးဇူးများဖို့ မြင်ပါတယ်။ ချစ်ခြင်းမေတ္တာ နယ်ပယ်မှာတော့ နားလည်မှုလွဲခြင်းနဲ့ အထီးကျန်ခြင်းတို့ ကြုံတွေ့ရနိုင်တဲ့ အခြေအနေ ရှိပါတယ်။ သဘောထား ကွဲလွဲမှုနဲ့ ပဋိပက္ခတွေကနေတဆင့် ကျန်းမာရေးထိခိုက်နိုင်တာကြောင့် အတတ်နိုင်ဆုံး ထိပ်တိုက်တွေ့မယ့် အခြေအနေတွေကို ရှောင်ရှားပြီး စိတ်တည်ငြိမ်မှုကို မွေးမြူဖို့ အကြံပေးချင်ပါတယ်။ 

ကျားနှစ်ဖွား ( 2022, 2010, 1998, 1986, 1974 )

ရည်မှန်းချက်ကြီးပြီး ခေါင်းမာတတ်သူများဖြစ်တဲ့ ကျားနှစ်ဖွားများဟာ သူတို့ရဲ့ ဇွဲလုံလနဲ့ သန်မာမှုတို့ကြောင့် နာမည်ကြီးသူများ ဖြစ်ကြပါတယ်။ ဒီနှစ်ဟာ ကျားနှစ်ဖွားတို့အတွက် လုပ်ငန်းခွင်မှာ အလားအလာကောင်းတွေ ရှိနေပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရ ကတောက်တဆများနိုင်တဲ့ နှစ်ဖြစ်လို့ မလိုလားဘဲ ခေါင်းမာတာကို လျော့ပြီး ပဋိပက္ခတွေကို ရှောင်ရှားပါ။ မြွေနှစ်မှာ ကျားနှစ်ဖွားတွေက ထိုက်ဆွေ့ရဲ့ လွှမ်းမိုးမှုအောက် ရောက်နေ တာဖြစ်လို့ ငွေကြေးဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အန္တရာယ်များတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရှောင်ရှားပါ။ မမျှော်လင့်ထားတဲ့ ဆုံးရှုံးမှုတွေရှိနိုင်လို့ အရေးပေါ်အခြေအနေအတွက် ချွေတာထားရန် လိုအပ်ပါတယ်။ ဆက်ဆံရေးတွေမှာလည်း အထင်အမြင်လွဲမှားမှု နည်းစေဖို့ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်သင့်ပါတယ်။ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရမယ့် နှစ်ဖြစ်ပြီး မိသားစုကျန်းမာရေးကိုပါ မနှောင့်နှေးစေဘဲ လိုအပ်တဲ့ အခါ မြန်မြန် ဆေးကုသမှု ခံယူပါ။ အသေးစား မတော်တဆမှုတွေကိုလည်း သတိထားပါ။

ယုန်နှစ်ဖွား ( 2023, 2011, 1999, 1987, 1975 )

ပေါ့ပါးလွတ်လပ်မှုကို နှစ်သက်ပြီး စိတ်ဖိစီးမှုဒဏ်ကို မခံနိုင်ကြတဲ့ ယုန်နှစ်ဖွားတွေဟာ စီးပွားရေးနဲ့ ငွေကြေးကိစ္စ တွေကို ကောင်းစွာကိုင်တွယ်တတ်ကြပြီး ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ကောင်းကောင်းဖြေရှင်းနိုင်ကြသူ တွေပါ။ ၂၀၂၅ ခုနှစ်ဟာ အဖွဲ့အစည်းကြီးကြီးမှာ အလုပ်လုပ်နေတဲ့ ကြိုးစားတဲ့ယုန်လေးတွေ အထက်လူကြီးရဲ့ အသိအမှတ်ပြုမှုနဲ့အတူ အခွင့်အလမ်းကောင်းတွေပါ ရရှိမယ့် နှစ် ဖြစ်ပါတယ်။ ငွေကြေးပိုင်းမှာလည်း အဓိက အလုပ်မှတဆင့် ဝင်ငွေတိုးလာပြီး အလားအလာကောင်းတွေ ရှိလာပါလိမ့်မယ်။ သို့ပေမယ့် မမျှော်လင့်ထားတဲ့ အသုံးစရိတ်နဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ငွေကုန်ကြေးကျ များနိုင်တာကြောင့် အသုံးစရိတ်ကို ကောင်းစွာ စီမံနိုင်ဖို့ အရေးကြီးပါတယ်။ လက်တွဲဖော်နဲ့ သဟဇာတဖြစ်မှု၊ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနဲ့ ဆက်ဆံရေးကောင်းမွန်မှုကို ထိန်းသိမ်းထားခြင်းအားဖြင့် အကူအညီကောင်းများရရှိမယ့် နှစ်လည်းဖြစ်ပါတယ်။ ဒီနှစ်အတွင်း ကျန်းမာရေးနဲ့ အိမ်တွင်းရေးကို အထူးဂရုပြုရန်လိုအပ်ပါတယ်။ မလိုလားအပ်တဲ့ မတော်တဆမှု တွေကို ရှောင်ရှားနိုင်ဖို့ တိရစ္ဆာန်များနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ၊ အိမ်တွင်းပြုပြင်မှု‌တွေပြုလုပ်တဲ့အခါ သတိထား ဖို့ လိုအပ်ပါတယ်။

နဂါးနှစ်ဖွား ( 2024, 2012, 2000, 1988, 1976 )

သန်မာပြီး အမှီအခိုကင်းကင်းနေတတ်သူတွေ ဖြစ်ကာ စိတ်ကူးယဥ်ဆန်ပြီး ရည်မှန်းချက်ကြီးသူတွေလည်း ဖြစ်ကြပါတယ်။ ဒီနှစ်မှာတော့ တည်တည်ငြိမ်ငြိမ်ဖြစ်လာပြီး ကျန်းမာရေးနဲ့ အိမ်ထောင်ရေးမှာတော့ စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်။ အာရုံစူးစိုက် ကြိုးစားအားထုတ်သင့်တဲ့ နှစ်ဖြစ်တာမို့ အလုပ်ပတ်ဝန်းကျင် အပြောင်းအလဲတွေ ရင်ဆိုင်ရတဲ့အခါ ပိုမိုကောင်းမွန်တဲ့ အလားအလာတွေ စောင့်ကြိုနေနိုင်တာပါ။ အချစ်ရေးမှာ တစ်ကိုယ်တည်းသမားတွေရော ချစ်သူရည်းစားရှိပြီးသူတွေပါ ကံကောင်းသောနှစ် ဖြစ်စေပါတယ်။ ကျန်းမာရေးလိုက်စားသင့်ပြီး ဟန်ချက်ညီတဲ့ နေထိုင်မှုပုံစံကို ဦးစားပေးရင်း ပုံမှန်စစ်ဆေးမှုတွေ လုပ်ဆောင်သင့်ပါတယ်။

မြင်းနှစ်ဖွား ( 2026, 2014, 2002, 1990, 1978 )

သွက်လက် ထက်မြက်သူတွေ ဖြစ်တာကြောင့် ကိုယ်ပိုင်စွမ်းရည်နဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ဆို အောင်မြင်တဲ့လမ်းကြောင်းပေါ် ရောက်ရှိနိုင်ပါတယ်။ အလုပ်အကိုင် အလားအလာကောင်းတွေနဲ့အတူ လုပ်ဖော်ကိုင်ဖက် သို့ အထက်လူကြီးဆီက အကူအညီ ရရှိနိုင်မှာပါ။ ရေရှည်လုပ်ကိုင်နေတဲ့ အလုပ်နဲ့ စီးပွားရေးကိုပဲ အာရုံစိုက်သင့်ပြီး အန္တရာယ်များတဲ့ ရင်းနှီးမြုပ်နှံမှုကို ရှောင်ကြဥ်ဖို့လိုပါတယ်။ အချစ်ရေးမှာ ခိုင်မာတဲ့ ဆက်ဆံရေးတွေအတွက် သဟဇာတဖြစ်အောင် သစ္စာရှိရှိနေထိုင်ပြီး ရှုပ်ထွေးမှုတွေ မရှိအောင် ထိန်းသိမ်းပေးဖို့ အရေးကြီးပါတယ်။ တစ်နှစ်စာ ကျန်းမာရေးအတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးပြီး စိတ်အပန်းဖြေရင်းနဲ့ အလုပ်နဲ့ဘဝ ဟန်ချက်ညီအောင် လုပ်ဆောင်သင့်ပါတယ်။

ဆိတ်နှစ်ဖွား ( 2027, 2015, 2003, 1991, 1979 )

လူမှုဆက်ဆံရေးမှာ စကားပြောပျော့ပျောင်းကာ နူးညံ့သိမ်မွေ့သူများ ဖြစ်ပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ ဆိတ်နှစ်ဖွားများ ဖြစ်ပါတယ်။ တည်ငြိမ်ပြီး အစစအရာရာချောမွေ့တဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ငွေကြေးအခွင့်အလမ်းကောင်းတွေ ရရှိနိုင်ပါတယ်။ လုပ်ငန်းခွင်မှာတော့ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ မဖြစ်အောင် တိကျတဲ့ပန်းတိုင်နဲ့ မျှော်လင့်ချက်တွေကို ရှိလာနိုင်တာမို့ ကြိုတင်ကာ ရှင်းရှင်းလင်းလင်း ပြောဆိုထားလိုက်ပါ။ အမြတ်အစွန်းနဲ့ အခွင့်အရေးကောင်းတွေ ရရှိနိုင်တဲ့နှစ်ဖြစ်ပေမယ့်လည်း ကြိုးစားအားထုတ်မှုနဲ့ ဂရုတစိုက် ကြိုတင်စီစဥ်မှုတွေ လိုအပ်ပါလိမ့်မယ်။ ရှိရင်းစွဲ ဆက်ဆံရေးကို ထိန်းသိမ်းတန်ဖိုးထားသင့်ပြီး တစ်ကိုယ်ရည်သမားများအတွက် ကိုယ်ပိုင်တိုးတက်မှုကို အလေးပေးသင့်တဲ့ ကာလပါပဲ။ ကျန်းမာရေးနဲ့ ဘေးကင်းစေရန် အထူးသတိထားသင့်ပြီး အလှူဒါနပြုရင်း ကံကောင်းမှုတွေကို တိုးပွားစေနိုင်ပါတယ်။

မျောက်နှစ်ဖွား ( 2028, 2016, 2004, 1992, 1980 )

အတွေ့အကြုံသစ်တွေ ရရှိနိုင်ပြီး သင်ယူမှုနဲ့ ဘဝတိုးတက်မှုအတွက် ကောင်းမွန်နေတဲ့နှစ်ပါ။ ကြင်နာတတ်ပြီး လိုအပ်တိုင်း ကူညီတတ်သူများပီပီ သူငယ်ချင်းမိတ်ဆွေနဲ့ မိသားစုတွေကို ဂရုစိုက်တတ်ကြသူများ ဖြစ်ပါတယ်။ အမျိုးသမီးများနဲ့ဆိုင်တဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်နေသူဆို အခွင့်အလမ်းကောင်းတွေ ရရှိနိုင်ပြီး ရာထူးတိုးနိုင်ပါတယ်။ ငွေကြေးပိုင်းမှာ စုမိ စောင်းမိ နိုင်လောက်တဲ့အထိ အမြတ်အစွန်း မရနိုင်သေးတာကြောင့် ငွေကြေးသုံးစွဲမှုကို သတိထားသင့်ပါတယ်။ အချစ်ရေးမှာတော့ အတက်အကျများတဲ့နှစ် ဖြစ်တာကြောင့် ချစ်ရသူနဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းမျှဝေသင့်တာပါ။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ဂရုစိုက်ဖို့အပြင် အနားယူသင့်တဲ့အချိန်မှာ အပြည့်အဝအနားယူသင့်ပါတယ်။

ကြက်နှစ်ဖွား ( 2029, 2017, 2005, 1993, 1981 )

တာဝန်သိတတ်ပြီး ယုံကြည်စိတ်ချရတဲ့ ကြက်နှစ်ဖွားတွေအတွက်ကတော့ ပိုမိုကောင်းမွန်တဲ့ လူမှုဆက်ဆံရေးနဲ့ အချိတ်အဆက်တွေကနေ လူမှုရေးနဲ့ စီးပွားရေးမှာ အကျိုးကျေးဇူးတွေ ရရှိမယ့်နှစ်ဖြစ်ပါတယ်။ လေ့လာမှုအားကောင်းပြီး လက်တွေ့အသုံးချနိုင်တာကြောင့် တိုးတက်မှုလမ်းကြောင်းတွေ မြင်ရနိုင်ပြီး စိန်ခေါ်မှုအသစ်တွေကို လုပ်ဆောင်သင့်ပါတယ်။ ရင်းနှီးမြုပ်နှံမှုများနဲ့ စာချုပ်စာတမ်းများ အတွက် အထူးစဥ်းစားဆုံးဖြတ်ဖို့လိုပြီး ဝီရိယကောင်းနေသင့်ပါတယ်။ တစ်ကိုယ်ရည်သမားများအတွက် လူသစ်များနဲ့ တွေ့ဆုံနိုင်ပြီး ခိုင်မာတဲ့ ဆက်ဆံရေး ရှိထားပြီးသူများအတွက်လည်း အပြန်အလှန်တိုးတက်မှုနဲ့ ပံ့ပိုးမှုတွေ ခံစားရမှာပါ။ အတွေးလွန်တာနဲ့ စိုးရိမ်ပူပင်တတ်တာတွေ သတိထားသင့်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုပြုပေးသင့်ပါတယ်။

ခွေးနှစ်ဖွား ( 2030, 2018, 2006, 1994, 1982 )

ငွေကြေးကံကောင်းပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ပေါများတဲ့ နှစ်တစ်နှစ်ပါပဲ။ သနားကြင်နာတတ်ကာ ပျော်ပျော်နေတတ်တဲ့ ခွေးနှစ်ဖွားတွေအတွက်ကတော့ ချစ်ခင်ရင်းနှီးသူတွေနဲ့ ဆက်ဆံရေးကောင်းတွေကို ဆက်လက်ထိန်းသိမ်းနိုင်မှာပါ။ လုပ်ငန်းခွင်အပြောင်းအလဲတွေနဲ့ လိုက်ရောညီထွေဖြစ်အောင် နေထိုင်သင့်ပြီး လစာတိုး၊ ဝင်‌ငွေတိုးလာနိုင်တဲ့နှစ် ဖြစ်နိုင်ပါတယ်။ စွန့်စားရနိုင်ခြေများတဲ့ အလုပ်တွေကို ရှောင်ကြဥ်ပြီး တည်တည်ငြိမ်ငြိမ်အလုပ်တွေကိုသာ အာရုံစိုက်လုပ်ဆောင်သင့်ပါတယ်။ တစ်ကိုယ်ရည်သမားတွေအတွက် ဒီနှစ်မှာ လက်တွဲဖော်ရှာတွေ့နိုင်ပြီး ဆက်ဆံရေးရှိပြီးသူများအတွက် နားလည်မှုလွှဲမှားနိုင်တဲ့ ကိစ္စမျိုးတွေ ဖြစ်လာနိုင်လို့ ရှောင်ရှားကြရမှာပါ။ ကျန်းမာရေးမှာတော့ ကိုယ်တိုင်အတွက်ရော ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေအတွက်ပါ အနီးကပ်ဂရုစိုက်ပေးသင့်ပါတယ်။

ဝက်နှစ်ဖွား ( 2031, 2019, 2007, 1995, 1983 )

စိန်ခေါ်မှုတွေများတဲ့နှစ်ဖြစ်တာမို့ ပုံမှန်ထက် ကြိုးစားအားထုတ်မှု လိုအပ်တဲ့နှစ် ဖြစ်မှာပါ။ ကြိုးစားလေ၊ အောင်မြင်လေ မို့လို့ စိတ်အားထက်သန်မှုနဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အရာရာကို သတိထားဆောင်ရွက်သင့်ပြီး အလုပ်အတွက် ခရီးထွက်ရတာ၊ ပရောဂျက်အသစ်တွေ လုပ်ဆောင်ရနိုင်ပါတယ်။ မသေချာတဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ အသုံးစရိတ်များနေမှုကြောင့် ငွေကြေးဆုံးရှုံးမှုတွေရှိနိုင်တာကြောင့် ‌‌‌‌‌ငွေရေးကြေးရေး အထူးသတိထားသင့်ပါတယ်။ ခရီးသွားခြင်းကတစ်ဆင့် လူသစ်တွေ့ဆုံနိုင်ပြီး ပြောင်းလဲတိုးတက်မှုကို အားပေးတဲ့နှစ်ဖြစ်တာကြောင့် အိမ်ထောင်ပြုတာ၊ မိသားစုတစ်ခု စတင်ဖန်တီးမှုအတွက် အကောင်းဆုံးကာလပါ။ ကျန်းမာရေးအတွက် အစားအသောက် ဆင်ခြင်သင့်ပြီး စိတ်ဖိစီးမှု လျော့ချကာ အနားယူပေးဖို့ လိုပါတယ်။

ဘယ်လို ရာသီခွင်ပဲ ဖြစ်ပါစေ ကိုယ်တိုင် ကြိုတင်ဆောင်ရွက်မှုနဲ့ ကြိုးစားအားထုတ်မှုတွေက ဘဝကို တစ်ဖက်တစ်လမ်းက ပုံဖော်ပေးမှာမို့ လာမယ့် ၂၀၂၅ မြွေနှစ်ဟာ တိုးတက်ပြောင်းလဲခြင်း၊ ပျော်ရွှင်ခြင်းနဲ့ အောင်မြင်ခြင်းတွေ ပိုင်ဆိုင်နိုင်ကြဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။


Share

Comments

Khin Ei Ei Aung

ကျေးဇူးတင်ပါတယ််

Thu Thu Zin Lae

Happy Chinese New Year

Moe Pwint Thwe

ရှဲ့ရှဲ့

Related Posts