
အစားအသောက်ယဥ်ကျေးမှုတွေ ပိုမို ကူးလူးယှက်သွယ်လာတာနဲ့အမျှ ထိုင်းအစားအစာ၊ ကိုရီးယားအစားအစာ၊ ဂျပန်စာ စသဖြင့် စားစရာတွေကလည်း လိုက်လို့ကို မကုန်နိုင်ပါဘူးနော်။ နိုင်ငံတကာစားစရာတွေပဲ နာမည်ကြီး တာ၊ အရသာရှိ တာမဟုတ်ပါဘူး။ ပြည်တွင်းထုတ် ဒေသထွက်ကုန် မျိုးစုံကလည်း စားကောင်း၊ အရသာရှိ၊ အာဟာရပြည့်ပြီး နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ ရိုးရာစားသောက်ကုန်တွေပါပဲ။ ဒီဆောင်းပါးတိုလေးမှာ မြန်မာပြည်တလွှား ဒေသအလိုက်ထွက်ရှိ/ထုတ်လုပ်ကြတဲ့ စားသောက်ကုန် အမျိုးအစား အများကြီးထဲကမှ တချို့အကြောင်းကို မိတ်ဆက်သွားပေးမှာမို့ စိတ်ဝင်စားဖို့ မျှော်လင့်ပါတယ်။

(၁) ပုသိမ် ဟာလဝါ
ပုသိမ်ကို သွားတာပဲ ဖြစ်ဖြစ်၊ ပုသိမ်က လာလည်တဲ့သူပဲ ဖြစ်ဖြစ် လက်ဆောင်ဝယ်မယ်ဆို ပုသိမ်ဟာလဝါက မပါမဖြစ်ပဲပေါ့။ နာမည်ကြီးတာနဲ့အညီ စားလို့လည်း အလွန်ကောင်းတဲ့ ဒီ ဟာလဝါကို ဘယ်လိုပြုလုပ်ထားသလဲ စဥ်းစားဖူးကြလားဟင်။ ဟာလဝါက ကောက်ညှင်းမှုန့်၊ အုန်းနို့၊ နွားနို့၊ သကြား၊ ဘိန်းစေ့၊ သကြား၊ ကြံသကာရည်တို့နဲ့ အချိုးကျရောစပ်ပြုလုပ်ထားတဲ့ အိအိစေးစေး အချိုပွဲလေးပါ။ ဟာလဝါကို ထုတ်ပိုးမှုပုံစံ အမျိုးမျိုးနဲ့ ရောင်းချကြပြီး ဈေးကွက်ထဲမှာ ဟာလဝါ အစိုနဲ့ အခြောက်ဆိုပြီး နှစ်မျိုးတွေ့ရပါတယ်။ ပုသိမ် ဟာလဝါက မြန်မာတစ်ပြည်လုံးလိုလို ကြိုက်နှစ်သက်ကြတဲ့ အချိုပွဲတစ်မျိုး ဖြစ်ပြီး ဧည့်ခန်းစားပွဲပေါ်မှသည် ရိုးရာအလှူပွဲတွေအထိ နေရာယူထားတဲ့ ဒေသထွက် မုန့်ချိုတွေထဲက တစ်ခုပေါ့။

(၂) ပုဂံ ပုန်းရည်ကြီး
ပုန်းရည်ကြီးဆိုတာနဲ့ ပျစ်ပျစ်နှစ်နှစ် နီညိုရောင်ရှိတဲ့ အချဥ်ဖောက် ပဲအနှစ်ရည်တစ်မျိုးကို ပြေးမြင်ကြမှာပါ။ မြန်မာ့ရိုးရာအစားအစာတစ်မျိုးလည်း ဖြစ်ပြီးတော့ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ ဒီတိုင်းသုပ်စားနိုင်သလို ဝက်သား၊ ငါးတို့နဲ့ တွဲဖက်ချက်ပြီး ထမင်းမြိန်စေတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ပုန်းရည်ကြီးကို အများအားဖြင့်တော့ ပုဂံ၊ ညောင်ဦး၊ မြင်းခြံမြို့တွေမှာ အချက်များကြပြီး သူ့ကို ပဲပိစပ်ကနေ အဓိက အချဥ်ဖောက်ပြီး စားကြ၊ ရောင်းချကြတာရယ်ပါ။ အခုနောက်ပိုင်း လူငယ်တွေအစားများကြတဲ့ ကိုရီးယားပဲခေါက်ဆွဲ နည်းတူ ပုန်းရည်ကြီးကလည်း ပဲကနေ ပြုလုပ်ထားတဲ့ အစားအသောက်ဖြစ်လို့ ကြိုက်နှစ်သက်ရာ ပါဝင်ပစ္စည်းတွေနဲ့အတူ ထမင်း၊ ခေါက်ဆွဲနဲ့ပါ မကျန် လိုက်ဖက်စွာ စားလို့ရပါသေးတယ်။ ကိုယ်အလေးချိန်ထိန်းညှိပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေလည်း ရှိနေလို့ မြန်မာ့ရိုးရာအစားအစာတစ်ခုအနေနဲ့ တန်ဖိုးထား၊ စားသောက်သင့်တဲ့ ပြည်တွင်းထုတ်ကုန်တစ်မျိုးပါပဲ။

(၃) ချိုချိုချဥ်ချဥ် ယိုမျိုးစုံ
သရေစာအနေနဲ့ စားကြတဲ့ မုန့်တွေထဲမှာ အိမ်နီးချင်းနိုင်ငံတွေက တင်သွင်းတဲ့ သစ်သီးခြောက်လေးတွေကို တော်တော် ကြိုက်ကြတာ သတိထားမိပါတယ်။ အဲ့ဒီကနေ ဆက်စပ်စဥ်းစားမိတာက ပြည်တွင်းထုတ်ဆိုရင် ယိုစုံ အမျိုးမျိုး ရှိတယ်ဆိုတဲ့ အကြောင်းပါ။ နိုင်ငံအနှံ့မှာ တနိုင်တပိုင် သစ်သီးယိုထိုးတဲ့ လုပ်ငန်းတွေ အများကြီး ရှိကြတယ် ဆိုပေမယ့် ယိုစုံနဲ့ပတ်သက်ရင် နာမည်ကြီးတာ မော်လမြိုင်ပါ။ မော်လမြိုင်ဟာ ဒူးရင်း၊ မင်းဂွတ်၊ နာနတ်၊ ကြက်မောက်၊ သရက်စတဲ့ သစ်သီးတွေ လှိုင်လှိုင်ထွက်ရာ ဒေသဖြစ်လို့ လတ်ဆတ်သန့်ရှင်းတဲ့ ယိုမျိုး စုံကို အများဆုံးထုတ်လုပ် ဖြန့်ဖြူးရာ ဒေသဖြစ်နေတာပေါ့။ သစ်သီးတွေကို အမျိုးအစားအလိုက် ပြုတ်တာ၊ ထုံးစိမ်တာ စသဖြင့် လိုသလို ပြုပြင်ပြီး သကြား၊ ကြံသကာရည် စတဲ့ အချိုဓာတ်ကို ထည့်သွင်းကာ အပူပေး မွှေကြိုပြီး ယိုပြုလုပ်ကြတာ ဖြစ်ပါတယ်။ မော်လမြိုင်ဒေသထွက် ချိုချိုချဥ်ချဥ် ယိုမျိုးစုံကို ဘူး၊ အထုတ် စသဖြင့် သေသပ်လှပတဲ့ ထုတ်လုပ်မှု ပုံစံ အမျိုးမျိုးနဲ့ ထုတ်လုပ်ရောင်းချနေတာကို တွေ့ရလို့ ပြည်တွင်းထုတ် သရေစာတွေထဲမှာ ရွေးချယ်မှုကောင်း လို့ ထင်မြင်မိပါတယ်။

(၄) နွားနို့ခြောက်
သဘာဝခြံထွက်နွားနို့ကနေ ကြိုချက်၊ အခြောက်ခံထားတဲ့ နွားနို့ခြောက်ကလည်း ဒီတိုင်းစားလည်း ရသလို၊ ကြော်စားလို့လည်း အရသာရှိလွန်းတာပါ။ လူကြီး၊ လူငယ်မရွေး စားလို့ရတဲ့ ဒီနွားနို့ခြောက်ဟာ ကျန်းမာရေး နဲ့လည်း ညီညွတ်ပြီး ပြုလုပ်ရာမှာ မီးအပူချိန်ကစားပြီး လတ်လတ်ဆတ်ဆတ်ဖြစ်အောင် ဖန်တီးရတဲ့ မြန်မာ့ပြ ည်တွင်းအစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလိုနွားနို့ကနေ ပြုလုပ်တဲ့ နွားနို့ခြောက်အပြင် နွားနို့ခဲနဲ့ တခြား အဆာပြေစားစရာ မုန့်အမျိုးမျိုးကိုလည်း ဖန်တီးစားနိုင်သေးတာမို့ ပြည်တွင်းထုတ်ကုန်တွေထဲမှာ နွားနို့ခြောက်နဲ့ တခြားနို့ထွက်ပစ္စည်းတွေကလည်း မရှိမဖြစ်၊ အာဟာရဖြစ်ဖွယ်ရာ အစားအစာတွေချည်းပါ။ မြန်မာနိုင်ငံ မြို့ အတော်များများမှာ နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြတာကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းထုတ်လုပ်နိုင်တာ ဒေသ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နွားနို့ခြောက်လို့ ပြောလိုက်ရင် မြစ်ကြီးနားဒေသထွက် နွားနို့ခြောက် တွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေက ဈေးကွက်ထဲမှာ အရည်အသွေး ထိပ်တန်းရှိတဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။
နိုင်ငံတစ်ဝှမ်းမှာ လူသိများထင်ရှားတဲ့ စားသောက်ကုန်အမျိုးမျိုး၊ ဒေသစာ အမျိုးမျိုးအပြင် စားလို့ကောင်းပေ မယ့် သူသိပ်မသိသေးတဲ့ စားစရာတွေ၊ ဟင်းပွဲတွေပါ အများကြီး ရှိနေတာနော့။ ဒေသတစ်ခုကနေ တစ်ခုကို ခရီးသွားကြ၊ ပြန်လာကြတဲ့အခါ ဒေသစာတွေကို တခုတ်တရ ဝယ်ယူရတဲ့အထိ စားသုံးသူတွေ စိတ်ထဲမှာ နေရာ ယူထားတဲ့၊ ဒေသခံတွေလည်း ဂုဏ်ယူရတဲ့ စားသောက်ကုန်တွေကို ဒီနေ့မှာ ခရီးသွားစရာမလိုဘဲ ကိုယ့်အနီး အနားမှာတင် ဝယ်ယူလို့ ရနေပါပြီ။ သီးသန့်ဒေသထွက်ကုန်တွေ ရောင်းချတဲ့ ဆိုင်ငယ်လေးတွေရှိသလို City Mart တို့ Ocean တို့လို ပစ္စည်းအစုံရတဲ့ ကုန်တိုက်ကြီးတွေမှာလည်း အမျိုးအမည် တော်တော်များများကို တွေ့ရတတ်တာမို့ ပြည်တွင်းဖြစ်စားသောက်ကုန်တွေကို ကိုယ့်လက်တစ်ကမ်းမှာ ဝယ်ယူလို့ ရနေပြီဖြစ်ကြောင်း သတင်းပါး တင်ပြလိုက်ပါတယ်။
Comments