ပိုမိုသာယာ တို့ကမ္ဘာ၊ သဘာ၀နဲ့ နေထိုင်ပါ

Posted in လူမှုဘဝ

ယနေ့ကမ္ဘာမှာ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲတွေကို ပိုမိုဂရုထားစောင့်ကြည့်စရာ ဖြစ်လာတာ အားလုံးအသိပဲ ဖြစ်ပါတယ်နော်။ ဒါကြောင့် သဘာ၀နဲ့ နီးစပ်အောင် နေထိုင်ဖို့ဆိုတာဟာ မိမိတို့ရဲ့ တစ်ကိုယ်ရည်ရွေးချယ်မှုကိစ္စတစ်ခုမျှမဟုတ်ပဲ တစ်ကမ္ဘာလုံးအတူတူ ပူးပေါင်းဆောင်ရွက်ရမယ့် လိုအပ်ချက်တစ်ခု ဖြစ်လို့လာပါပြီ။ ဒါကြောင့် ယခုဆောင်းပါးလေးမှာတော့ မိမိတို့ရဲ့ နေ့စဉ်ဘ၀ကို ပိုမိုရေရှည်တည်တံ့စေပြီး ကမ္ဘာကြီးကိုကျန်းမာအောင် ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မယ့် ထိရောက်ရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို အားလုံးအတွက် ဝေမျှပေးပါရစေနော်။ ဒီနည်းလမ်းလေးတွေကို လိုက်နာခြင်းအားဖြင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချခြင်း၊ သဘာ၀ရင်းမြစ်များကို ထိန်းသိမ်းခြင်းတို့နဲ့အတူ ရေရှည်တည်တံ့နိုင်မယ့် ကမ္ဘာကြီးကို အတူတကွ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ 

ရိုးရှင်းလှပမှုကို လက်ကမ်းကြိုပါ

ယနေ့ခေတ်မှာ မီနီမယ်လစ်ဇင်လို့ပြောကြတဲ့ ရိုးရှင်းလှပတဲ့စတိုင်ဟာ အမြင်အာရုံဒီဇိုင်းဖန်တီးမှုတွေအတွက်သာမဟုတ်ပဲ ဘ၀နေထိုင်မှုပုံစံတစ်ခု ဖြစ်လာပါပြီ။ တစ်နည်းအားဖြင့် အလွန်အကျွံ ဝယ်ယူသုံးစွဲခြင်းကို ရှောင်ရှားပြီး အနည်းဆုံးပိုင်ဆိုင်မှုနဲ့ ရှင်သန်နေထိုင်တဲ့ အတွေးအခေါ်လေးပဲ ဖြစ်ပါတယ်။ မလိုအပ်တဲ့အရာတွေကို မဝယ်ဘဲရှောင်ရှားလို့ ပိုင်ဆိုင်မှုပမာဏ နည်းနည်းနဲ့ နေထိုင်မယ်၊ အရေအတွက်ထက် အရေအသွေးကို ပိုမိုဦးစားပေးမယ်ဆိုရင် စွန့်ပစ်ပစ္စည်းတွေကို လျှော့ချနိုင်ပြီး သဘာ၀ရင်းမြစ်တွေကိုလည်း ချွေတာရာရောက်မှာ အသေအချာပဲပေါ့နော်။

သဘာ၀ထုတ်ကုန်တွေကို ရွေးချယ်ပါ

စျေးဝယ်ထွက်တဲ့အခါ ပြန်လည်သုံးစွဲနိုင်တဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေကို ဦးစားပေးဝယ်ယူနိုင်တဲ့အပြင် စက္ကူနဲ့ အပင်ထွက်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ထုပ်ပိုးမှုပုံစံကိုလည်း ဦးစားပေးရွေးချယ်ပြီး စွမ်းအင်လေလွင့်မှုကို လျှော့ချနိုင်ပါတယ်။  

သဘာ၀စွမ်းအင်ကို အားကိုးပါ

မိမိအိမ်အတွက် ဆိုလာနဲ့ လေစွမ်းတို့က ရရှိတဲ့ လျှပ်စစ်နဲ့ ပါဝါစတဲ့ သန့်ရှင်းတဲ့ သဘာ၀စွမ်းအင်ရင်းမြစ်တွေကို ပိုမိုမီခိုသုံးစွဲဖို့ ရွေးချယ်နိုင်ပါတယ်။ ဒီလိုဆိုရင် ပြန်လည်အစားမထိုးနိုင်တဲ့ ဆီနဲ့သဘာ၀ဓာတ်ငွေ့အရင်းအမြစ်တွေကို လျှော့ချနိုင်ရုံသာမက ရေရှည်အတွက်သင့်လျော်ပြီး စျေးနှုန်းသက်သာတဲ့ စွမ်းအင်ကို သုံးစွဲနိုင်မှာပေါ့။  

စွမ်းအင်ကို ထိရောက်ချွေတာ သုံးစွဲပါ

LED မီးသီးတွေ သုံးစွဲခြင်း၊ မီးသီးတွေကို မလိုအပ်ပဲ မဖွင့်ခြင်း၊ အသုံးမပြုတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပလက်ချွတ်ထားခြင်း စတဲ့ လက်တွေ့ကျပြီး လွယ်ကူတဲ့ နည်းလေးတွေနဲ့ စွမ်းအင်ရင်းမြစ်ကို ချွေတာနိုင်သလို အပူအအေးစနစ်တွေကို အထိရောက်ဆုံးအသုံးချပြီး စွမ်းအင်သုံးစွဲမှုကို အများအပြား လျှော့ချပေးနိုင်ပါတယ်။

အများပြည်သူသုံး သွားလာရေးစနစ်ကို အသုံးပြုပါ

နီးနီးဝေးဝေး နေရာတိုင်းကို စွမ်းအင်လိုအပ်ချက်များပြားလွန်းတဲ့ ကိုယ်ပိုင်ကားနဲ့ တစ်ကိုယ်တည်း သွားလာမယ့်အစား အများနဲ့ အတူသွားလာခြင်း၊ အများပြည်သူသုံးသွားလာရေးစနစ်ကို အသုံးပြုခြင်း၊ ဘတ်စ်ကား၊ စက်ဘီး၊ လမ်းလျှောက်ခြင်း စတဲ့ ကာဗွန်ထုတ်လွှင့်မှု နည်းပါးတဲ့ နည်းလမ်းတွေကို အသုံးပြုခြင်းဖြင့် ကမ္ဘာကြီးအတွက် စွမ်းအင်ချွေတာရာရောက်သလို မိမိကိုယ်တိုင် အတွက်လည်း ငွေကြေးသက်သာစေတာပေါ့။ ဒါ့အပြင် ပိုမိုလှုပ်ရှုားရတဲ့အတွက် ကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေမှာ သေချာပါတယ်နော်။ 

သဘာ၀ဥယျာဉ်ပန်းမံတွေကို အားပေးပါ

ခြံထွက်သီးနှံနဲ့ ပြည်တွင်း၊ သဘာ၀ထုတ်ကုန်တွေကို ဦးစားပေးဝယ်ယူခြင်းဖြင့် ဌာနေလုပ်ငန်းတွေရဲ့ စီးပွားရေးကို အားပေးကူညီရုံသာမက ကာဗွန်ထုတ်လွှတ်မှုကိုလည်း တစ်ဖက်တစ်လမ်းက လျှော့ချပေးရာ ရောက်ပါတယ်။ ရပ်ဝေးကနေ သယ်ယူပို့ဆောင်ရတဲ့အခါ စွမ်းအင်များစွာ သုံးစွဲရလို့ မိမိတို့နဲ့ နီးစပ်တဲ့ သဘာ၀ထွက်ကုန်လေးတွေကို ဦးစားပေးဝယ်ယူခြင်းဖြင့် စျေးနှုန်းပိုမိုသက်သာပြီး ကျန်းမာရေးနဲ့လည်း ပိုမိုညီညွတ်တဲ့ အာဟာရရင်းမြစ်ကို ရရှိနိုင်တာပေါ့။ 

သဘာ၀အခြေခံ စားသောက်မှုပုံစံကို ရွေးချယ်ပါ

စက်ရုံတွေကနေ ထုတ်လုပ်တဲ့ ပြန်လည်ပြုပြင်ထားတဲ့ အသားတွေကို အလွန်အကျွံ စားသုံးတာထက်စာရင် သီးပင်စားပင်တွေကို အခြေခံတဲ့ သဘာ၀ဆန်ဆန် စားသောက်မှုပုံစံက သဘာ၀ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချပေးပြီး ကာဗွန်ထုတ်လွှတ်မှုပမာဏကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒီလိုပြောလို့ သားသတ်လွှတ်စားသုံးသင့်တယ်လို့ ဆိုလိုတာတော့မဟုတ်ပါဘူးနော်။ တစ်ယောက်ချင်းစီရဲ့ အသားစားသုံးမှုကို အတန်အသင့် လျှော့ချနိုင်ရင်တောင် သဘာ၀ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို ကြီးကြီးမားမား အထောက်အကူပြုနိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

သဘာ၀ဝန်းကျင်ဆိုရာ အသိပညာများကို ဖြန့်ဝေပါ

မိမိသိရှိထားတဲ့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများကို အများသိရှိအောင် ဖြန့်ဝေခြင်းဟာလည်း အရမ်းထိရောက်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ သဘာ၀ပတ်ဝန်းကျင်ကို ဘာကြောင့်ထိန်းသိမ်းစောင့်ရှောက်သင့်တယ်၊ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်သင့်တယ် စသည်ဖြင့် မိမိသိရှိထားတဲ့ ဗဟုသုတများကို မျှဝေရင်း အခြားသူများအတွက် စံပြနေထိုင်လိုက်ပါနော်။ 

တကယ်တော့ သဘာ၀အနဲ့အညီ နေထိုင်ခြင်းဟာ အသစ်အဆန်းမဟုတ်ပဲ၊ မိမိတို့မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီးကို ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် ကူညီအားဖြည့်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အထက်ပါ အချက်လေးတွေကို စဦးခြေလှမ်းအနေနဲ့ သတိထားလိုက်နာပြီး၊ မိမိမှတဆင့် အခြားပတ်ဝန်းကျင်ကိုပါ အလေ့အကျင့်ကောင်းလေးတွေ ကူးစက်ပျံ့နှံ့စေပြီး ပိုမိုသာယာတဲ့ကမ္ဘာကြီးကို အတူတကွ ဖန်တီးလိုက်ကြရအောင်နော်။  


Share

Comments

Related Posts