ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ကြမယ်

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


မိုးရာသီလိုပြောလိုက်တာနဲ့ သူနဲ့အတူတွဲပါလာတဲ့ ရာသီတုပ်ကွေးအကြောင်းကိုလည်း မဖြစ်မနေ ပြောပြဖို့လိုလာပြန်ပါတယ်။ မိုးရာသီမှာဆိုရင် အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်စေသည့် ဗိုင်းရပ်စ်ကနေ ဖြစ်ပွားတဲ့ ရာသီတုပ်ကွေးက အဖြစ်အများဆုံး ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ရာသီတုပ်ကွေးကူးစက်ခံရပြီဆိုရင် ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာစေး နှာမွှန်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်းစတဲ့ လက္ခဏာတွေကိုစတင်ခံစားလာရတယ်။ ကိုယ်ခံအားနည်းတဲ့ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာဆိုရင် လက္ခဏာတွေက ပိုပြင်းနိုင်တဲ့အတွက်  အဆုတ်ရောင်တာ၊ နားတွင်းပိုးဝင်ပြီး ယောင်ယမ်းတာ၊ ထိပ်ကပ်နာနဲ့ ရေဓာတ်ချို့တဲ့တာမျိူး အထိ စိုးရိမ်ရတဲ့ အခြေအနေအထိရောက်ရှိနိုင်ပါတယ်။

ဒါကြောင့်မို့ အခုလို တုပ်ကွေးရာသီအတွင်း ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်နော်။

တုပ်ကွေးကာကွယ်ဆေးထိုးပါ။

တုပ်ကွေးကာကွယ်ဆေးဟာ ကိုယ့်ကိုယ်ကိုယ်နှင့် ကိုယ်ချစ်ရတဲ့သူတွေကိုပါ တုပ်ကွေးရောဂါကနေ ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ခြောက်လနှင့် အထက် အသက်အရွယ်အားလုံး ထိုးနှံနိုင်ပြီး အထူးသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုအားလုံးအတွက် မဖြစ်မနေ ထိုးနှံရန် အကြံပြုလိုပါတယ်။ တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ် မေလမှ  စက်တင်ဘာလအတွင်း ဆေးရုံ ဆေးခန်းများနှင့် ဒေသတွင်း ကျန်းမာရေးဌာနများမှာ ပုံမှန်ထိုးနှံနိုင်ပါတယ်။ ကိုယ့်အိမ်နားအနီးတစ်ဝိုက်က ဒေသန္တရဆေးပေးခန်းတွေအပြင် အခြားအပြင်ဆေးခန်းတွေမှာလည်း လွယ်လွယ်ကူကူ၊ စျေးသက်သက်သာသာပဲ ထိုးလို့ရပါတယ်။

လက်ကို မကြာခဏ ဆေးကြော ပြီး မျက်လုံး၊ နှာခေါင်း နှင့် ပါးစပ်တို့ကို ထိတွေ့ခြင်းကိုလျှော့ချပါ

တုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ မမြင်နိုင်တဲ့ အမှုန်မွှားလေးတွေဖြစ်တာကြောင့် ချောင်းဆိုးနှာချေတဲ့အခါမျိုးကနေ  အသက်ရှုလမ်း‌ကြောင်းအတွင်း အလွယ်တကူးစက်ပျံ့နှံ့နိုင်ပါတယ်။ ဒါ့အပြင် တုပ်ကွေးဗိုင်းရပ်စ်ပိုးရှိတဲ့ မျက်နှာပြင် ဒါမှမဟုတ် အရာဝတ္ထုကို ထိမိပြီး ကိုယ့်မျက်လုံး၊ နှာခေါင်း ဒါမှမဟုတ် ပါးစပ်ကို တို့ထိခြင်းအားဖြင့်လည်း ကူးစက်နိုင်ပါသေးတယ်။ ဒါ့ကြောင့်  လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောဖို့ သို့မဟုတ် လက်သန့်ဆေးရည်ကို အသုံးပြုပေးပါ။ လက်မဆေးဘဲ မျက်နှာကို ထိတွေ့ခြင်းမျိုး ရှောင်ရှားပြီး နှာချေ ချောင်းဆိုးတဲ့ အခါမှာလည်း တစ်ရှူး ဒါမှမဟုတ် တံတောင်ဆစ်ကို အသုံးပြုဖို့ အကြံပြုလိုက်ပါတယ်။

နေမကောင်းပါက အိမ်မှာအနားယူပါ။

ကိုယ်တိုင် ဒါမှမဟုတ် မိမိကလေးငယ်မှာ ကိုယ်ပူ ၊ လည်ချောင်းနာ၊ နှာစေး ခေါင်းကိုက် ၊ မောပန်းနေတဲ့ လက္ခဏာများ ရှိနေတယ်ဆိုရင်  အိမ်မှာနေပြီး အနားယူသင့်ပါတယ်။ အဖျားကျဆေး သောက်စရာမလိုတော့ပဲ နေကောင်းလာတဲ့နေ့အထိ ကျောင်း၊ အလုပ် နှင့် လူစုလူဝေးများတဲ့ နေရာများအား သွားလာခြင်းမှ ရှောင်ပါ။ ဒါမှ အခြားသူများထံ တုပ်ကွေးရောဂါပျံ့နှံ့ခြင်းကို တားဆီးပေးနိုင်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖျားနာနေသူတွေနဲ့  အနီးကပ် ထိတွေ့ခြင်းကို ရှောင်ပြီး အနည်းဆုံး (၆) ပေ အကွာအဝေးထားပြီးနေရပါမယ်။ 

ရေများများသောက်ပါ အားပြည့်အောင် စားပါ။ 

ကူးစက် ရာသီတုပ်ကွေးရောဂါက ရေဓာတ်ချို့တဲ့စေနိုင်တာမို့  အထူးသဖြင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ပါးစပ်ပျက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ နှင့် အော့အန်ခြင်းတို့ ခံစားရနိုင်ပါတယ်။ ရေဓာတ်ချို့တဲ့မှုကနေ ကာကွယ်ဖို့ ကော်ဖီ၊ ဆိုဒါလိုမျိုး ကဖိန်းဓာတ်ပါတဲ့ အရည်များကို ရှောင်ရှားပြီး ရေ၊ သစ်သီးဖျော်ရည်၊ စွပ်ပြုတ် နှင့် ဓာတ်ဆားရည် လိုမျိုး ရေဓာတ်ပြန်လည် ဖြည့်တင်းပေးနိုင်တာမျိုး သောက်သုံးပေးပါ ။ ဒါ့အပြင် သစ်သီး ၊ဟင်းသီးဟင်းရွက် ၊ ပရိုတိန်းဓာတ်ကြွယ်ဝသော အစားအသောက်များ ၊ အစေ့အဆန်များနှင့် နို့ထွက်ပစ္စည်းများကို အထူးဂရုတစိုက် စားသုံးပေးဖို့လည်းလိုအပ်ပါတယ်။

တုပ်ကွေးကုသခြင်း

ကလေးငယ်တွေ နှင့် သက်ကြီးရွယ်အိုတွေမှာ တုပ်ကွေးရောဂါလက္ခဏာတွေရှိမယ်ဆိုရင် ဆရာဝန်ဆီ ချက်ချင်း သွားရောက်ပြသပြီး အမြန်ဆုံး ဆေးကုသမှု ခံယူသင့်ပါတယ်။ တုပ်ကွေးရောဂါလက္ခဏာ အနည်းငယ် အတွက် အက်ဆီတာမင်နိုဖင် (တိုင်လင်နိုဖင်) သို့မဟုတ် အိုင်ဘူပရိုဖင် (အိုင်ဘူပရိုဖင်) ကိုသောက်သုံးနိုင်ပြီး နှာစေး နှာပိတ်နှင့် ချောင်းဆိုးခြင်း တို့အတွက် နှာခေါင်းဖြန်းဆေး နှင့် ချောင်းဆိုးပျောက်ဆေးတို့ ကိုသောက်သုံးနိုင်ပါတယ်။

အခု ပြောပြသွားတဲ့ နည်းလမ်းလေးတွေကို  လိုက်နာပြီး တုပ်ကွေးရာသီအတွင်း သင့်ကိုယ်သင်နှင့် သင့်မိသားစုကို ကျန်းမာစွာ ကာကွယ်စောင့်ရှောက်လိုက်ပါ။


Share

Comments

Falling Love

ရောဂါကြီးဖြစ်လာမှဆေးခန်းပြေးကုရတာတွေထက် အခုလိုကြိုတင်ကာကွယ်လေးတွေမျှဝေးပေးလို့သိထားရတော့ပိုအဆင်ပြေတာပေါ့ဗျာ။ရောဂါကဘယ်လိုစဖြစ်တတ်တယ် ဖြစ်လာခဲ့ရင်ဘယ်လိုမျိုးတွေဆောင်ရန်ရှောင်ရန်တွေလုပ်ရမယ်ဆိုတာပါအသေးစိတ်ရှင်းပြပေးထားတော့ လိုက်လုပ်ရမယ့်သူတွေအတွက်လဲလွယ်ကူစေတဲ့အတွက်ကျေးဇူးပါ ❤

Related Posts