မိုးရာသီမှာ Trekking သွားမယ်ဆိုရင် ဆောင်ရ၊ ရှောင်ရမယ့် အချက်လေးတွေ

Posted in လူမှုဘဝ, ခရီးသွားခြင်း


မုတ်သုံရာသီဝင်လာပြီဆိုတာနဲ့  လူတော်တော်များများက မှန်းမရတဲ့မိုးအခြေအနေနဲ့ ရာသီဥတုကြောင့် အိမ်တွင်းပုန်းပြီးနေကြဖို့ တွေးနေကြမှာပါ။ဒါပေမယ့် အပြင်လောက စွန့်စားမှုတွေကို ကြိုက်နှစ်သက်ကြသူတွေအတွက်တော့  အခုလိုမိုးရာသီမှာ  Trekking  ခြေလျင်ခရီးကြမ်းသွားဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။  အခုဒီဆောင်းပါးလေးမှာ  မိုးရာသီ Trekking သွားဖို့ စဉ်းစားနေကြသူတွေကို အထောက်အကူပြုစေဖို့ မိုးရာသီ Trekking ရဲ့ အားသာချက်နဲ့အားနည်းချက်တွေကို  ပြောပြပေးလိုက်ပါတယ်။ 

မိုးတွင်းကာလ Trekking သွားရခြင်းရဲ့ ကောင်းတဲ့အချက်လေးတွေက

ဝသန်ကာလရဲ့ မိုးဖွဲလေးတွေကြား Trekking လျှောက်ရတဲ့အခါ ရင်သပ်ရှုမောဖွယ် စိမ်းစိုနေတဲ့ သဘာဝရှုခင်းတွေကို တစ်ဝကြီးခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ မိုးရေစက်တွေကနေ သယ်ဆောင်လာပေးတဲ့  စိမ်းစိုနေတဲ့ မြက်ခင်းလေးတွေ၊ အစွမ်းကုန်ပွင့်လန်းနေတဲ့ ပန်းပွင့်လေးတွေ၊ တဝေါဝေါစီးဆင်းနေတဲ့ ရေတံခွန်နဲ့ စမ်းချောင်းတွေကိုလည်း ခံစားနိုင်တယ်။ ဒီလို စိမ်းစိမ်းစိုစိုတောတောင်ရှုခင်းတွေက မေ့မရနိုင်တဲ့တစ်သက်တာအမှတ်တရတွေကို ဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။ မိုးရာသီမှာ Trekking သွားတဲ့အခါ လူစည်ကားတဲ့ ခရီးသွားရာသီနဲ့မတူဘဲ လူစုလူဝေးနည်းတဲ့အတွက် သဘာဝရဲ့ငြိမ်သက်အေးချမ်းမှုကို ပိုပြီးခံစားလို့ရနိုင်ပါတယ်။ သဘာဝရဲ့အလှတရားမှာ နစ်မြောနိုင်မယ့်  တစ်မူထူးခြားတဲ့အတွေ့အကြုံကို ရရှိနိုင်မှာပါ။

နောက်တစ်ချက်ကတော့ ရေအပြည့်နဲ့ စီးဆင်းနေတဲ့ စမ်ချောင်း၊ မြစ်တွေနဲ့ သဘာဝ စမ်းရေစိမ့်စမ်းတွေကြောင့် ခြေလျင်ခရီးလမ်းတစ်လျှောက် သန့်ရှင်းလတ်ဆတ်တဲ့ရေကို အလွယ်တကူရရှိနိုင်ပါတယ်။ ရေအတွက် တကူးတက  လိုက်ရှာစရာလည်း မလိုအပ်တော့သလို အလေးခံပြီး သယ်ဆောင်ရတဲ့ဝန်ကိုလည်းပေါ့ပါးစေလို့ ခရီးတစ်လျှောက် ပေါ့ပေါ့ပါးပါးသွားလာနိုင်ပါတယ်။

မိုးတွင်းကာလ Trekking သွားရခြင်းရဲ့ မကောင်းတဲ့အချက်လေးတွေကော ဘာဖြစ်မလဲ

မိုးရာသီရဲ့ စိတ်ညစ်ဖို့ကောင်းတဲ့ တစ်ချက်ကတော့ ခန့်မှန်းလို့မရတဲ့ ရာသီဥတုပါပဲ။ မိုးသားတွေမည်းလာပြီး ချက်ချင်းရွာချလိုက်တာမျိုး၊ မြူတွေရုတ်တရက် ကျလာတဲ့အခါ မြင်ကွင်းပိတ်ဆို့တာမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။ မိုးလေဝသခန့်မှန်းချက်တွေကို မျက်‌ခြေမပြတ် သိနေဖို့လိုအပ်ပြီး မှန်းမရတဲ့ ရာသီဥတုအလိုက် အသုံးလိုမယ့် မိုးတွင်းအသုံးအဆောင်တွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

ရွှံ့အပြည့်နဲ့ ချောနေတဲ့ လမ်းကြောင်းတွေမှာ ဂရုပြုသွားလာဖို့အရေးကြီးပါတယ်။ မိုးသည်းတဲ့အခါ လျှောက်လမ်းတွေ ပျက်စီးနေနိုင်တဲ့အတွက် အသိ၊ သတိကပ်ပြီးသွားလာဖို့ လိုအပ်ပါတယ်။ မတော်တဆထိခိုက်မှုဖြစ်နိုင်‌ခြေကို နည်းပါးအောင် ချော်မထွက်အောင် ထိန်းပေးမယ့် ဖိနပ်ကောင်းကောင်းနဲ့ တောင်တက်အထောက်အကူပြု ထောက်တိုင်( တုတ်ကောက်) တို့ကို အသုံးပြုဖို့လည်း အကြံပေးလိုပါတယ်။

မိုးရာသီမှာ အထူးပြုရမယ့် နောက်တစ်ချက်ကတော့ 

စိုစွတ်တဲ့ တောလမ်းခရီးမှာအတွေ့များတဲ့ မျှော့နဲ့ အင်းဆက်ပိုးမွှားတွေပဲဖြစ်ပါတယ်။ အကောင်သေးပေမယ့် စိတ်အနှောင့်အယှက် အပြည့်ပေးနိုင်တဲ့ အပြင် အခန့်မသင့်ရင် အန္တရာယ်ပြုနိုင်ပါတယ်။ ဒါ့ကြောင့် ပိုးကောင်တွေရန်ကနေ ကာကွယ်ဖို့  မျှော့မတွယ်ကပ်နိုင်တဲ့ ခြေအိတ်မျိုး၊ အင်ဆက်ပိုးသတ်ဆေးမျိူး ဆောင်ထားပြီး အကာအကွယ်ပေးနိုင်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ 

အကယ်လို့ကိုယ်က မိုးတွင်းကြီး trekking သွားဖြစ်တယ်ဆိုရင်တော့ ကွာလတီကောင်းတဲ့ မိုးကာ၊ လက်နှိပ်ဓာတ်မီး၊ တစ်ကိုယ်ရည်သုံး ဓားအသေးလေး၊ ဆေးပစ္စည်းတွေ စသဖြင့် ကိုယ့်အတွက် တကယ်လိုအပ်မယ်ထင်တဲ့ အရာတွေကို ထည့်သွားဖို့လည်း မမေ့ပါနဲ့နော်။ 

ဒါ့အပြင် ကိုယ်သွားမယ့် လမ်းခရီးက လမ်းကြောင်းအခြေအနေကောင်းမွန်လား ဆိုတာမျိုးကိုပါ လမ်းကျွမ်းကျင်တဲ့သူ ဒါမှမဟုတ် နယ်ခံတစ်ယောက်ယောက်ကို ကြိုတင်ဆက်သွယ်ပြီး စုံစမ်းထားတာမျိုးတွေလည်း လုပ်ထားသင့်ပါတယ်။

မိုးရာသီတွင်းမှာ Trekking ခြေလျှင်ခရီးကြမ်းသွားဖို့ စဉ်းစားနေကြတယ်ဆိုရင် အရင်ဦးဆုံး ကိုယ်ကိုယ်တိုင်ရဲ့ကျွမ်းကျင်မှုနဲ့ ခံနိုင်ရည်က ဘယ်လောက်ရှိလဲ စမ်းစစ်ဖို့အပြင် ခန့်မှန်းမရနိုင်ရာသီဥတုနဲ့ ချော် ချွတ်တဲ့တောလမ်းခရီးလမ်းကိုပါ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားပါ။ မရှိမဖြစ်လိုအပ်တဲအရာတွေကိုသယ်ဆောင် သွားဖို့နဲ့ ကိုယ်သွားရောက်မယ့်ဒေသရဲ့ အခြေအနေတွေကို သတိပြုပြီး ဘေးကင်းဖို့အတွက် ဂရုပြုကြဖို့ အကြံပြုလိုက်ပါတယ်။  



Share

Comments

Related Posts