ဝါသနာမှသည် ဘဝရဲ့ ပြည့်စုံခြင်းဆီသို့

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


Ikigai (生き甲斐) ဆိုတဲ့ ဂျပန်စကားလုံးလေးက သိပ်ကိုလှပတဲ့ စကားလုံးလေးဖြစ်ပါတယ်။ အဓိပ္ပာယ်ကိုတော့ ယေဘုယျအားဖြင့် အသက်ရှင်နေရတဲ့ အကြောင်းအရင်း ဒါမှမဟုတ် ဘဝမှာ ရှင်သန်နေရတာ တန်တယ်၊ အဓိပ္ပာယ်ရှိတယ် စသဖြင့် ဘာသာပြန်လေ့ရှိကြပါတယ်။ ဒီမှာတော့ ပိုပြီးဆီလျော်အောင် ဘဝရဲ့ ပြီးပြည့်စုံခြင်း ဒါမှမဟုတ် နေပျော်ဖွယ်ဘဝ လို့ သုံးနှုန်းချင်ပါတယ်။

ဂျပန်လူမျိုးတွေကတော့ ဒီစကားလုံးကို အလုပ်အကိုင်၊ ဝင်ငွေ စတဲ့ လူနေမှူဘဝတွေမှ မဟုတ်ဘဲ နေ့စဉ်ကြုံတွေ့နိုင်တဲ့ အသေးငယ်ဆုံး ပျော်ရွှင်မှုလေးတွေကိုပါ ရည်ညွှန်းလေ့ရှိပါတယ်။ ဥပမာ ဥယျာဉ်စိုက်တာ၊ နေထွက်လာတာကို ကြည့်တာ ဒါမှမဟုတ် လက်ဖက်ရည်တစ်ခွက်ကို အရသာခံပြီး သောက်လိုက်တာမျိုးပါ။

ဒါကို အနောက်တိုင်းမှာတော့ လူနေမှုဘဝတစ်ခုလုံးနဲ့ ပြန်ပြီးချိတ်ဆက်ပုံဖော်ထားတာရှိပါတယ်။ အဲဒါကတော့ ပြီးပြည့်စုံတဲ့၊ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုဖြစ်ဖို့ဆိုရင် အချက်လေးချက်နဲ့ပြည့်စုံတဲ့ အလုပ်တစ်ခုရှိနေဖို့ လိုပါတယ်တဲ့။ အဲဒီအချက်တွေမှာတော့ ကိုယ်ချစ်တဲ့အရာ၊ ကိုယ်ကျွမ်းကျင်တဲ့အရာ၊ ကမ္ဘာကြီးက လိုအပ်တဲ့အရာ နဲ့ ဝင်ငွေရတဲ့အရာ ဆိုပြီး ပါဝင်ပါတယ်။

ဒီလေးချက်ထဲက တစ်ချက်ပဲ မကိုက်ညီရင်တောင် အချိန်တစ်ခု၊ အခိုက်အတန့်တစ်ခုမှာ ငါ့ဘဝက တကယ်ရော ပြည့်စုံရဲ့လား၊ ငါလုပ်နေတာတွေက အဓိပ္ပာယ်ရော ရှိရဲ့လားဆိုတဲ့ စိတ်မျိုး သေချာပေါက် ဝင်လာပါလိမ့်မယ်တဲ့။ အဲဒီအချိန်ကျရင် ဘဝကလည်း နေပျော်စရာဖြစ်မနေတော့ပါဘူး။ ဒါဆိုရင် ဒီလေးချက်လုံး ပြည့်စုံတဲ့အရာကို ဘယ်လိုရှာဖွေလို့ရမလဲ တစ်ခုချင်းစဥ်းစားကြည့်ရ‌အောင်။

ကိုယ်ချစ်တဲ့အရာ

ဒီအချက် ပြည့်စုံဖို့က လွယ်ပါတယ်။ ကိုယ်ချစ်တဲ့အရာဆိုတာ ကိုယ်ဝါသနာပါတဲ့အရာနဲ့ အတူတူပါပဲ။ ကိုယ်ပျော်တဲ့အလုပ်၊ ကိုယ်ဝါသနာပါတဲ့လမ်းကို ရွေးချယ်ရင် ဒီအချက်က အရင်ဆုံးပြည့်စုံမှာပါ။ ဒါကြောင့် ဘဝရဲ့ ပြီးပြည့်စုံခြင်း ဒါမှမဟုတ် နေပျော်ဖွယ်ဘဝ ကိုရဖို့ဆိုရင် ကိုယ့်ဝါသနာက အခြေခံအုတ်မြစ်လို့ ဆိုလို့ရပါတယ်။

ကိုယ်ကျွမ်းကျင်တဲ့အရာ

ပညာရပ်တစ်ခုဖြစ်ဖြစ်၊ အလုပ်တစ်ခုဖြစ်ဖြစ် ကျွမ်းကျင်တယ်ဆိုတဲ့ အဆင့်ကို ရောက်ဖို့ဆိုရင် နာရီပေါင်းတစ်သောင်းလောက် လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း လူတွေဆိုတာ ကိုယ်ပျော်ရာကို လုပ်နေရရင် အချိန်ကုန်လို့ကုန်မှန်း မသိတတ်ကြဘူးမဟုတ်လား။ ဒါကြောင့် ဒီအချက်က ဝါသနာပါရာလုပ်မယ်ဆိုရင် ကိုယ်တိုင်တောင် သတိမထားမိဘဲ တဖြည်းဖြည်း ပြည့်စုံလာမယ့်အချက်ဖြစ်ပါတယ်။

ကမ္ဘာကြီးက လိုအပ်တဲ့အရာ

ဒီနေရာမှာ အနည်းငယ်ရှင်းလင်းဖို့ လိုအပ်တာကတော့ ဘယ်လိုအရာတွေကို ကမ္ဘာကြီးက လိုအပ်တာလဲ ဆိုတာပါ။ သိပ်ပြီး ကြီးကျယ်တဲ့အရာတွေပဲ အကျုံးဝင်တယ်လို့တော့ မထင်စေချင်ပါဘူး။ သဘာဝတရားကြီးကို ထောင့်တစ်နေရာက ထောက်ပံ့ပေးတဲ့အရာပဲဖြစ်ဖြစ်၊ ကမ္ဘာမှာ အတူတကွနေထိုင်ကြတဲ့ လူသားအချင်းချင်း အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ကူညီပေးနိုင်တဲ့အရာပဲဖြစ်ဖြစ်၊ အဲဒီအရာဟာ ကမ္ဘာကြီးက လိုအပ်တဲ့အရာပါပဲ။ အဲဒါက သစ်တောတစ်အုပ်လည်းဖြစ်နိုင်သလို စာတစ်ပုဒ်လည်းဖြစ်နိုင်ပါတယ်။

ဝင်ငွေရတဲ့အရာ

အများအားဖြင့် ဒီအချက်နဲ့ ကိုယ်ချစ်တဲ့အရာ ဆိုတဲ့အချက်က တစ်ချိန်တည်းမှာဖြစ်ဖို့ ခက်ခဲနေတဲ့အတွက် ပြီးပြည့်စုံမှုဆီ မရောက်နိုင်ကြတာပါ။ ဒါကြောင့်လည်း တစ်ဖက်က ဝါသနာ၊ တစ်ဖက်က ဝမ်းစာ ဆိုပြီး ပြောလေ့ရှိကြတာပါပဲ။ ဝင်‌ငွေရတဲ့အရာ ဆိုတဲ့ လမ်းကစပြီး ကိုယ်ချစ်တဲ့အရာမှာ ဆုံးဖို့ ခက်ပါတယ်။ ဒါပေမဲ့ ကိုယ်ချစ်တဲ့အရာ၊ ကိုယ့်ဝါသနာကနေ စမယ်ဆိုရင်တော့ အချိန်နဲ့ကြိုးစားမှုပေါ်မူတည်ပြီး ဖြစ်နိုင်ချေပိုများပါတယ်။ 3 Idiots ရုပ်ရှင်ထဲက ဇာတ်လိုက် ရန်ချို ရဲ့စကားကို ယူပြီးပြောရရင် အောင်မြင်မှုနဲ့ ငွေကြေးနောက်ကိုမလိုက်ဘဲ ကိုယ်ချစ်တဲ့အရာနောက်ကိုလိုက်ရင် အောင်မြင်မှုရော၊ ငွေကြေးရော နောက်က ပြန်ပြီးလိုက်လာလိမ့်မယ် ဆိုတာပါပဲ။

ဝါသနာမှသည် ဘဝရဲ့ပြည့်စုံခြင်းဆီသို့

ဒီလမ်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ဘဝအခြေအနေတွေကြောင့် လူတိုင်းလျှောက်လှမ်းဖို့တော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး။ ကိုယ်ဝါသနာပါရာအလုပ်ဟာ ကိုယ်ကျွမ်းကျင်ရာလည်းဖြစ်တယ်၊ ကမ္ဘာကြီးကို တစ်ထောင့်တစ်နေရာက အကျိုးပြုသလို ဝင်ငွေလည်းရတယ်ဆိုတဲ့ ဘဝမျိုးဟာ သေချာပေါက် ပြီးပြည့်စုံနေမှာပါ။ ဒီလိုမျိုး ပြီးပြည့်စုံတဲ့ဘဝတစ်ခုကို လူတိုင်း ပိုင်ဆိုင်နိုင်ကြပါစေလို့လည်း ဒီနေရာကနေ ဆန္ဒပြုလိုက်ပါတယ်။


Share

Comments

Related Posts