ငွေကုန်မှ ကိုယ်ကာယကြံ့ခိုင်တာမဟုတ်ပါ

Posted in ကျန်းမာရေး, ကိုယ်ကာယကြံ့ခိုင်ခြင်း


ဒီနေ့‌တော့ Fitness ဆိုတဲ့ ကိုယ်ကာယကြံ့ခိုင်မှုအကြောင်း ပြောကြည့်ကြရအောင်။ ဒီခေါင်းစဥ်ကို ပြောလိုက်တာနဲ့ ဈေးကြီးပေးရတဲ့ Gym membership တွေ၊ အားကစားဝတ်စုံတွေ၊ ဖြည့်စွက်အစားအသောက်တွေ စသဖြင့် ဒါတွေကို အရင်ဆုံးပြေးမြင်မိကြမယ်ထင်ပါတယ်။ ဒီလိုအရာတွေအတွက် ငွေကြေးမတတ်နိုင်လို့ Fitness ဆိုတာ ငါတို့နဲ့မဆိုင်ဘူး ဆိုပြီး မေ့ထားကြတဲ့သူတွေလည်း အများကြီးပါပဲ။ တကယ်တော့ ဒါတွေကို တတ်နိုင်ရင် ကောင်းတယ်ဆိုပေမဲ့ သေချာပေါက် လိုအပ်တဲ့အရာတွေလား ဆိုရင်တော့ မဟုတ်ပါဘူး။ ကိုယ်ကာယကြံ့ခိုင်မှုဆိုတာ ငွေကြေးပေါ်မှာ အခြေပြုတာမဟုတ်ဘဲ အချိန်နဲ့လိုက်ပြီး စကားပြောတာပဲဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးချင်တာ ဒီအကြောင်းပါ။

လက်တွေ့ကို ဖုံးကွယ်စေတဲ့ ဇိမ်ခံပစ္စည်းများ

Gym တွေ၊ Fitness Club တွေက လေ့ကျင့်ခန်းတွေ၊ ပစ္စည်းအသုံးပြုခွင့်တွေနဲ့အတူ ရောင်းချတာကတော့ ဂုဏ် ဆိုတဲ့ ခံစားမှုတစ်ခုပါ။ တခြားသော ဝတ်စုံတွေ၊ ဖြည့်စွက်အစားအသောက်တွေ ဆိုတာကလည်း ဒီလိုပါပဲ။ ငွေကြေးတတ်နိုင်တဲ့သူတွေအတွက်တော့ ဒါက ဘာမှမပြောပလောက်ပေမဲ့ သာမန်လူတွေအတွက်ကတော့ ကိုယ်ကာယကြံ့ခိုင်မှုဆိုတဲ့ လက်တွေ့ကို ဖုံးကွယ်သွားစေပါတယ်။

ရိုးရိုးလေးပဲ တွေးကြည့်ရအောင်ပါ။ ကိုယ့်ရဲ့ကြွက်သားတွေက သူ့အပေါ်မှာ သိန်းချီတန်တဲ့ ဝတ်စုံဝတ်ထားတယ်ဆိုတာကို မသိပါဘူး။ ဘယ်နေရာမှာ လေ့ကျင့်ခန်းလုပ်နေတယ်ဆိုတာကိုလည်း မသိပါဘူး။ သူတို့သိတာကတော့ လှုပ်ရှားမှုတွေ၊‌ လေ့ကျင့်ခန်းတွေ ပြုလုပ်နေတယ်ဆိုတာပါပဲ။ အစားအသောက်မှာလည်း ဒီလိုပါပဲ။ သဘာဝအတိုင်း အာဟာရပြည့်တဲ့အစားအသောက်တွေ စားနေတဲ့သူက လူတွေပြုပြင်ထားတဲ့ ဖြည့်စွက်အစားအသောက်တွေကို မလိုအပ်ပါဘူး။

ကမ္ဘာကြီးဟာ ကိုယ်ပိုင် “Gym” ပါ

လေ့ကျင့်ခန်းလုပ်ချင်တဲ့စိတ်၊ ကိုယ်ကာယကြံ့ခိုင်ချင်တဲ့စိတ်သာ ရှိပါစေ။ ကမ္ဘာကြီးတစ်ခုလုံးဟာ ကိုယ်ပိုင် Gym ကြီးဖြစ်နိုင်ပါတယ်။ ကိုယ့်အိမ်မှာပဲ လေ့ကျင့်ခန်းတွေလုပ်မလား၊ ပန်းခြံထဲမှာပဲ လမ်းလျှောက်မလား၊ လှေကားထစ်တွေပေါ် ပြေးတက်ပြေးဆင်းလုပ်မလား၊ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ယုတ်စွအဆုံး ကိုယ်ပိုင်ခြံလေးထဲမှာပဲ အပင်တွေစိုက်၊ ရေလောင်းပေါင်းသင်လုပ်နေတဲ့ လူကြီးတွေကို မြင်ဖူးကြမှာပါ၊ သူတို့ ဘယ်လောက် ကြံ့ခိုင်ကြသလဲဆိုတာ။

ဒါဆိုရင် ဆရာမပြ၊ နည်းမကျ ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲလို့ မေးစရာရှိပါတယ်။ ဒါကလည်း ဒီနေ့ခေတ်မှာတော့ အရမ်းလွယ်ကူပြီး လူတိုင်းလက်လှမ်းမီတဲ့ ကိစ္စတစ်ခုဖြစ်နေပါပြီ။ YouTube မှာ ကိုယ်ကြိုက်တဲ့နည်းလမ်း၊ ကိုယ်ကြိုက်တဲ့ နည်းပြကို ရှာဖွေနိုင်သလို အခု AI ခေတ်ကြီးမှာဆိုရင် AI တွေကို ကိုယ့်ရဲ့နည်းပြဆရာတစ်ယောက်လို အသုံးပြုလို့လည်းရနေပါပြီ။ ဒါတွေအားလုံးအတွက် အပိုကုန်ကျစရိတ်က မရှိသလောက်ပါပဲ။

ကိုယ်ကာယကြံ့ခိုင်မှုကို ပံ့ပိုးပေးတာ ငွေမဟုတ်၊ အချိန်နဲ့ စိတ်ဓာတ်ပါ

ကိုယ်က ဂုဏ်ရှိချင်လို့ Fitness ကို ဟန်ပြလုပ်တယ်ဆိုရင်တော့ ငွေကုန်ရုံပါပဲ။ ဘာမှထူးခြားမှာမဟုတ်ပါဘူး။ Gym ကိုလာပြီး ဓာတ်ပုံရိုက်၊ ဖုန်းသုံးပြီး ပြန်သွားကြတဲ့သူတွေလည်း အများကြီးပါပဲ။ တကယ့် ကိုယ်ကာယကြံ့ခိုင်မှုကို ရချင်ရင်တော့ ‌ငွေနဲ့ ရင်းနှီးမြှုပ်နှံရမှာမဟုတ်ဘဲ အချိန်နဲ့ စိတ်ဓာတ်မှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကျန်းမာရေးနဲ့ ကိုယ်ကာယကြံ့ခိုင်မှု ဆိုတာမျိုးဟာ ခဏလေးနဲ့ ရနိုင်တာမဟုတ်သလို အဆက်မပြတ် ထိန်းသိမ်းနေဖို့လည်း အ‌ရေးကြီးပါတယ်။ ဒီအတွက် ကိုယ့်ရဲ့စိတ်ဓာတ်ကလည်း ပြင်းပြနေဖို့ လိုအပ်ပါတယ်။

ဒီဆောင်းပါးက ငွေနဲ့ ရင်းနှီးမြှုပ်နှံရတဲ့ Gym တွေ၊ စားသောက်နေထိုင်မှုပုံစံတွေကို ဆန့်ကျင်ခြင်းမဟုတ်ပါဘူး။ ကိုယ်ကာယကြံ့ခိုင်မှု အစစ်အမှန်ကို ရရှိဖို့ ဘာတွေက အရေးအကြီးဆုံးလဲဆိုတဲ့ အတွေးအမြင်လေးအပြင် ကိုယ်ကာယကြံ့ခိုင်မှုဆိုတာ လူတိုင်းလက်လှမ်းမီနိုင်တဲ့အရာတစ်ခုဖြစ်ကြောင်း အားပေးချင်တာပဲဖြစ်ပါတယ်‌နော်။


Share

Comments

Related Posts