
အတာသင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ ပျော်စရာအကောင်းဆုံး ပွဲတော်တစ်ခုလို့ပြောရင် ငြင်းကြမယ်မထင်ပါဘူး။ ခေတ်ကာလ ရွေ့လျားလာတာနဲ့အမျှ သင်္ကြန်လို့ ပြောလိုက်ရင် လမ်းပေါ်မှာ ရေကစားကြတာတွေ၊ ပျော်ပွဲရွှင်ပွဲတွေကိုပဲ အရင်ဆုံးမြင်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ မြန်မာ့နှစ်ကူး အတာသင်္ကြန်ဆိုတာ သိမ်မွေ့ပြီး အေးချမ်းတဲ့ ချစ်စရာဓလေ့ရိုးရာတစ်ခုဖြစ်ပါတယ်။
ဒီလိုမျိုး ဓလေ့ရိုးရာအတိုင်း မင်္ဂလာရှိတဲ့ သင်္ကြန်အချိန်အခါကို ဖြတ်သန်းဖို့ဆိုရင် သင်္ကြန်ရဲ့ အနှစ်သာရတွေဖြစ်တဲ့ သန့်စင်ခြင်း၊ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းနဲ့ နွေးထွေးတဲ့ မိသားစုအချိန်တွေကို ဦးစားပေးရမှာဖြစ်ပါတယ်။
သန့်စင်ခြင်း
မြန်မာ့ဓလေ့ရိုးရာအတိုင်းဆိုရင် သင်္ကြန်အချိန်အခါဆိုရင် နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကို ပါမလာစေဖို့အတွက် ဒီအချိန်အခါမှာ ခန္ဓာကိုယ်ကို ရေနဲ့သန့်စင်ကြသလို စိတ်ဝိညာဥ်အတွက်လည်း ကောင်းမှုကုသိုလ်တွေနဲ့ သန့်စင်ကြတာဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ ကိုယ့်ရဲ့ အိမ်ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းရေးတွေ လုပ်ကြသလို အဖိုးအဖွားတွေကိုလည်း သန့်ရှင်းရေးလုပ်ပေးပြီး ကုသိုလ်ယူကြတာ ချစ်စရာဓလေ့တစ်ခုပါပဲ။ ဒါကြောင့် မင်္ဂလာရှိတဲ့ သင်္ကြန်အချိန်အခါကို ဖြတ်သန်းဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ပတ်ဝန်းကျင်ကိုပါ သန့်စင်စေပြီး မကောင်းတဲ့ အမူအကျင့်တွေကိုတော့ ရှောင်ရှားသင့်ပါတယ်။

ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း
သန့်စင်ခြင်းမှာလည်း ကောင်းမှုကုသိုလ်တွေပါနေသလို ထပ်ဆင့်ကုသိုလ်ကောင်းမှုတွေ အများကြီးကိုလည်း ပြုလုပ်လေ့ရှိကြပါတယ်။ ဥပုသ်သီလဆောက်တည်ကြသူတွေရှိသလို စတုဒိသာကျွေးမွေးပြီး လှူဒါန်းကြတဲ့သူတွေလည်း အပြည့်ပါပဲ။ အများကြီးမဟုတ်ရင်တောင် အိမ်မှာပဲ မုန့်လေးတွေလုပ်ပြီး အိမ်နီးနားချင်းတွေကို ဝေလေ့ရှိကြပါတယ်။ ရေကစားပွဲချင်းတူရင်တောင် ဒါတွေဟာ မြန်မာ့ဓလေ့ရိုးရာမှာပဲတွေ့နိုင်တဲ့ မင်္ဂလာအရှိဆုံး အတာသင်္ကြန်ဆင်နွှဲပုံတွေဖြစ်ပါတယ်။
နွေးထွေးတဲ့ မိသားစုအချိန်အခါ
ဒီဘက်ခေတ်မှာ မေ့နေတတ်ကြတဲ့အရာတစ်ခုကတော့ အတာသင်္ကြန်ဆိုတာ မိသားစုတွေဆုံစည်းပြီး နွေးထွေးတဲ့အချိန်အခါကို ဖြတ်သန်းကြတဲ့ ဓလေ့ပါ။ တကယ်တော့ သင်္ကြန်မှာ အပြင်ထွက်ပြီး လျှောက်လည်တာထက် လူကြီးမိဘတွေကို ကန်တော့တာ၊ မိသားစုနဲ့ ကုသိုလ်အတူတူပြုကြတာ၊ အိမ်မှာ မုန့်တွေအတူတူလုပ်စားကြတာ စတဲ့ နွေးထွေးတဲ့အချိန်အခါတွေကို ဖန်တီးကြတာက မင်္ဂလာရှိတဲ့ နှစ်သစ်အချိန်အခါကို ဖြစ်စေပါတယ်။ ခေတ်နဲ့အညီလည်းဖြစ်အောင်၊ ရိုးရာဓလေ့လည်း မပျောက်ပျက်အောင်ဆိုရင် အပြင်မှာလည်း လျှောက်လည်သလို အိမ်မှာလည်း မိသားစုကို အချိန်ပေးပါလို့ တိုက်တွန်းပါရစေ။ သင်္ကြန်ဆိုတာ တစ်ရက်တည်းမှ မဟုတ်ဘဲနော်။
ဒါဆိုရင်တော့ ဓလေ့ရိုးရာလည်း မပျောက်ပျက်သလို မင်္ဂလာရှိတဲ့ နှစ်ကူးအတာသင်္ကြန်အချိန်အခါလည်း ဖြစ်စေဖို့အတွက် အတွေးစလေးတွေ ရသွားကြမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာ့နှစ်ကူး အတာသင်္ကြန်ကစပြီး အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကို ဖြတ်သန်းနိုင်ပြီး ကောင်းမှုကုသိုလ်တွေကို ထပ်တိုးပြုလုပ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။
Comments