နွားနို့နဲ့ ပြုလုပ်လို့ရတဲ့ အိမ်လုပ်မုန့် (၅) မျိုး

Posted in အစားအစာ


ထမင်းဟင်းကအစ၊ မုန့် အချိုပွဲအဆုံး အားလုံးကို အိမ်မှာပြုလုပ်ရမှ ကျေနပ်တဲ့သူတွေ ရှိကြလား။ မုန့်လုပ်ရတာ ဝါသနာပါလို့ပဲဖြစ်ဖြစ်၊ ချစ်ရသူတွေအတွက် မေတ္တာအပြည့်နဲ့ ဖန်တီးပေးချင်လို့ပဲဖြစ်ဖြစ် ယခုဖော်ပြမယ့်မုန့် လုပ်နည်းလေးတွေက အသုံးဝင်မှာပါ။ နွားနို့ကိုအခြေခံပြီး အိမ်မှာကိုယ်တိုင်ပြုလုပ်လို့ရတာကြောင့် ကျန်းမာရေး နဲ့ ညီညွတ်တဲ့ မုန့်လုပ်နည်း (၅) မျိုးကို ဖော်ပြလိုက်ပါတယ်။

ဒိန်ချဥ်

အရင်ဆုံး နွားနို့ အစိမ်း အကြမ်းပန်းကန် တစ်လုံးစာကို နို့ခဲပြီး အချဥ်နံ့ထွက်လာတဲ့အထိ အခန်းအပူချိန်မှာ (၂၄) နာရီ (သို့) နေ ပူပူမှာ နာရီအနည်း ငယ်ထားပါ။ ဒိန်ချဥ်ပြုလုပ်မယ့် နွားနို့ကို အိုးသန့်သန့်ထဲထည့်ပြီး ပွက်ပွက်ဆူ အောင် ကြိုချက်ပါ။ ဆူပွက်ပြီးသားနို့ကို ကြက်သီးနွေးအနေအထားထိရောက်အောင် အအေးခံပြီး အပေါ်မှာ ပြု လုပ်ထားတဲ့ နို့ချဥ် ထမင်းစားဇွန်းတစ်ဇွန်းထည့်မွှေပေးပါ။ ပြီးရင် အခန်းအပူချိန်မှာ (၂၄) နာရီကြာအောင် ထား ပါ။ နွေရာသီလိုပူတဲ့ အချိန်မှာဆိုရင် နေ့တစ်ပိုင်း (သို့) (၆) နာရီ လောက်ထားရုံနဲ့ ဒိန်ချဥ်ရပါတယ်။ သတိထားရ မှာက ဒိန်ချဥ်ဖောက်ထားတဲ့ အိုး ကို နေရာမ‌ရွှေ့ရပါဘူး၊ မမွှေရပါဘူး။ လိုအပ်တဲ့ အချဥ်အနေအထား ရပြီဆိုရင် ရေခဲသေတ္တာထဲကို ပြောင်းထည့် ပြီး သိမ်းဆည်းပြီး သကြား(သို့) ထန်းလျက်ရည်ထည့်ကာ စားသုံးလို့ရပါပြီ။

နွားနို့ကြော် 

နွားနို့ (၁) လီတာဆိုရင် ပြောင်းဖူးကော်မှုန့် (၁၂၀) ဂရမ်၊ သကြား (၁၀၀) ဂရမ် အချိုးအတိုင်း ထည့်ပြီး ခေါက်တံနဲ့ သမအောင်မွှေပါ။ သမသွားပြီဆိုရင် မီးဖိုပေါ်တည်ပြီး အဆက်မပြတ်မွှေပေးရပါမယ်။ ရေခမ်းပြီးပျစ်လာတဲ့အခါ ဆီသုတ်ထားတဲ့ လေးထောင့်ပုံမုန့်ဗန်းထဲကို ဖြန့်ထည့်ပေးပြီး ပလတ်စတစ်စနဲ့အုပ်ကာ ရေခဲသေတ္တာထဲ (၂) နာရီ ခန့် ထည့်ထားပေးပါ။ အဲ့လိုထည့်ထားတုန်း ဂျုံ၊ သကြား၊ ဆားနဲ့ရေကို သမအောင်ရောမွှေထားပါ။ (၂) နာရီ ကြာ ပြီးတဲ့နောက်မှာ မုန့်ဗန်းထဲက နို့အနှစ်တွေဟာ ကျောက်ကျောလေးလို့ အိအိတုန်တုန်လေး အေးခဲနေပါပြီ။ နွာနို့ အနှစ်လေးတွေကို လက်နှစ်လုံးလောက်ပမာဏ လှီးဖြတ်ပြီးရင် စောနကပြုလုပ်ထားတဲ့ ဂျုံအရောနှောထဲ နှစ်ပြီး ပေါင်မုန့်အကြေကပ်ပြီး ဆီထဲ ထည့်ကြော်လိုက်ပါ။ အပေါ်ယံ ရွှေရောင်သန်းလာရင် အိုးထဲကဆယ်ယူပြီး ပြင် ဆင် စားသုံးနိုင်ပါပြီ။ အပြင်ပိုင်းက ကြွပ်ယွယွနဲ့ အတွင်းမှာ နွားနို့အနှစ်အပြည့် နွားနို့ကြော်ကို ကလေး၊ လူကြီး မ‌ရွေး ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

Images Credit to May Ko and greenwaymyanmar.com

နွားနို့ခြောက် 

နွားနို့ခြောက်ပြုလုပ်ဖို့ နွားနို့ကိုအရင်ဆုံးအပူပေးရပါမယ်။ ဒီနေရာမှာ ဆူပွက်အောင်တည်ဖို့မလိုဘဲ ကြက်သီးနွေး အနေအထားရောက်ရင် ရပ်လိုက်ပါ။ ဗနီကာနဲ့ ရေကို ဆတူရောပြီး နွားနို့ထဲ ထည့်မွှေပေးပါ။ အဆက်မပြတ် မွှေရင်း နို့က အရည်နဲ့ အဖတ်ကွဲလာပြီဆိုရင် အဖတ်တွေကို သတ်သတ်စုပြီး ဇကာတစ်လုံးထည့် ရေစစ်ပေးပါ။ နို့ခဲကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် လက်နဲ့ပုံသွင်းပြီး  တူနဲ့ ဆွဲဖြန့်ပေးပါ။ လိုချင်တဲ့ အထူအပါးရပြီဆိုရင် ဗန်း ထဲကို ထည့်ပြီး လေသလပ်ခံထားပါ။ ပြီးရင် နေပူထဲမှာ ဖြစ်စေ၊ Oven ထဲ ထည့်ပြီးဖြစ်စေ အခြောက်ခံနိုင်ပါ တယ်။ လုံးဝခြောက်သွားပြီဆိုရင် ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်။ နွားနို့ခြောက်စိမ့်စိမ့်လေးကို ဒီတိုင်းဖြစ်စေ၊ နွားနို့ခြောက်ကြော်အဖြစ်ပဲဖြစ်စေ စားသုံးနိုင်ပါတယ်။

နွားနို့ယို 

နွားနို့ယို ပြုလုပ်ဖို့ နွားနို့၊ သကြားနဲ့ ထောပတ်အနည်းငယ်ပဲ လိုပါတယ်။ နွားနို့ကို ဝေမကျအောင် အိုးကြီးကြီးနဲ့ ထည့်ပြီး ဆူအောင်ကြိုပါ။ ဆူပွတ်ပြီးပြီဆိုရင် မီးအရှိန်ကို လျှော့ပြီး မီးအေးအေးနဲ့ ပျစ်အောင်တည်ပါ။ အောက် ခြေမကပ်အောင်လည်း မကြာမကြာမွှေပေးရပါမယ်။ (၁) နာရီကျော်ကျော်တည်ထားပြီးလို့ နွားနို့တော်တော် ပျစ် လာတဲ့အခါ သကြားနဲ့ ထောပတ်ကို လိုသ‌လောက် ထည့်ပြီး သမအောင်မွှေပေးရပါမယ်။ နောက်ထပ် နာရီ ဝက် လောက်ကြာတဲ့အခါ ရေခမ်းပြီး ခပ်ပျစ်ပျစ်လေးဖြစ်လာရင် မီးပိတ်လို့ ရပါပြီ။ ဒီနွားနို့ယိုလေး အေးသွား ပြီဆို ရင် ခြောက်သွေ့တဲ့ ဘူးထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါပြီ။ နွားနို့ယိုကို သူ့ချည်းပဲဖြစ်စေ ပေါင်မုန့် နဲ့ဖြစ်စေ တွဲဖက်စားသုံးနိုင်ပါတယ်။

Image Credit to MyFood Myanmar

နွားနို့ခဲ

အညာဒေသစာဖြစ်တဲ့ နွားနို့ခဲကို ကြိုက်နှစ်သက်လို့ အိမ်မှာ လုပ်စားချင်ရင်တော့ ဒီနည်းလမ်းလေးကို အသုံးပြု လို့ရပါတယ်။ ထုံးစံအတိုင်း နွားနို့ကို ဆူပွက်လာအောင် ကျိုပါ။ ဆူပြီးသားနွားနို့ကို နို့ပျက်ပြီး နို့ကွဲသွားစေဖို့ ရှာလကာရည် (သို့) သံပုရာရည်ထည့်ပါ။ (အရည်နဲ့ အဖတ် သတ်သတ်စီဖြစ်သွားတာကို နို့ကွဲတာလို့ ခေါ်ပါတယ်) ပြီးရင် နွားနို့ကို ဆူလာတဲ့အထိ မီးအေးအေးနဲ့ တည်ထားပါ။ ဝေကျတတ်တာမို့ မကြာခဏမွှေပေးဖို့ လိုပါတယ်။ ပြီးရင် ဇကာတစ်လုံးပေါ်မှာ ပိတ်ပါးစ အဖြူသန့်သန့်ခံကာ နို့ကိုလောင်းချပြီး အရည်နဲ့ အဖတ်ကို စစ်ထုတ်ပေးရ ပါမယ်။ ပိတ်ပါးစထဲမှာ နို့အဖတ်တွေကျန်ခဲ့မှာပါ။ ပိတ်ပါးကို စုကိုင်ပြီး အရည်တွေကို တတ်နိုင်သလောက် စစ် ထုတ်ပေးရပါမယ်။ အရည်တွေ အကုန်စစ်သွားအောင် အပေါ်က အလေးတစ်ခုခုနဲ့ နာရီအနည်းငယ် ဖိပေးထားရ ပါမယ်။ နွားနို့ခဲက အရည်တွေအကုန်စစ်သွားရင်တောင် အပေါ်ယံမှာ အစိုဓာတ်ကျန်သေးလို့ အစိုဓာတ်ကုန် အောင် အိုးကင်းပူတိုက်တာ၊ မီးကင်တာမျိုး လုပ်ပေးဖို့လိုပါတယ်။ ဒီအဆင့်တွေပြီးရင်တော့ နို့ခဲကို သူ့ချည်းပဲ ကြော်ပြီး သကြားလေးနဲ့တို့စားစား၊ ခရမ်းချဥ်သီးနဲ့ပဲ နို့ခဲအညာချက် ချက်စားစား နှစ်သက်သလို သုံးဆောင် နိုင်ပါ တယ်။

နွားနို့ဟာ ကျိုချက်ပြီးသောက်တာအပြင် မုန့်အမျိုးမျိုး၊ ဟင်းအမယ်အမျိုးမျိုးအဖြစ်လည်း ဖန်တီးစားသုံးလို့ရ တာကြောင့် အလွန်အသုံးဝင်တဲ့ သဘာဝကုန်ကြမ်းတစ်ခုပါပဲ။ နွားနို့နဲ့ ဘယ်လိုအစားအစားမျိုးပဲလုပ်လုပ် နွားနို့ ထည့်တဲ့ အိုး၊ အသုံးပြုတဲ့ပစ္စည်းတွေ သန့်ရှင်းစင်ကြယ်နေဖို့ အလွန်အရေးကြီးပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ အစားအစာတွေအပြင် ကိုယ်စားဖူးတဲ့ အခြား မုန့်မျိုးစုံနဲ့ ဟင်းပွဲတွေကိုလည်း မျှဝေသွားခဲ့ပါဦးနော်။


Share

Comments

Related Posts