ဘဝကြီးမှာ နေပျော်စေဖို့ ဝါသနာတွေ ရှာဖွေရာဝယ်

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


စိတ်ပါဝင်စားမှု၊ ဝါသနာ နဲ့ အရည်အချင်းပါရမီတို့ဆိုတာက အပြန်အလှန်ဆက်နွယ်နေကြတာပါ။ ကိုယ်ရဲ့စိတ်အားထက်သန်မှုကို ဖမ်းစားထားနိုင်တဲ့ ဝါသနာတစ်ခုကိုတွေ့ပြီဆိုရင် ကိုယ်က အဲတာနဲ့ပတ်သက်ပြီး ပါရမီပါလာမှာ သေချာသလောက်ပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ကြိုက်နှစ်သက်ပြီး စိတ်ဝင်စားတဲ့အရာတွေမှာ တော်ကြတာများတာကြောင့်ပါ။ ဝါသနာတွေကနေတစ်ဆင့် အရည်အချင်းတွေရှိလာအောင် တည်ဆောက်လို့လည်းရပါတယ်။ ဥပမာဆိုရင် ကိုယ်က ဓာတ်ပုံပညာကို စိတ်ဝင်စားတယ်ဆိုပါစို့၊ ကိုယ်က ဒီပညာရပ်ရဲ့အခြေခံကနေ စပြီးလေ့လာရတယ်ဆိုပေမယ့် ကိုယ်က ပိုပြီးလေ့လာလေလေ ဒီပညာရပ်ပေါ်မှာ ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့အရည်အချင်းတွေပိုပြီး တိုးတက်လာလေပါပဲ။ 

အဓိကအချက်ကတော့ ကိုယ်စိတ်ပါဝင်စားတာနဲ့ထပ်တူကျတဲ့ ဝါသနာကို ရှာဖွေတွေ့ရှိလိုက်ရတဲ့အခါ ဒီဝါသနာအပေါ်မှာ အမြဲတမ်းစိတ်လိုလက်ရ လေ့လာနေဖြစ်ပြီး စွမ်းရည်အသစ်တွေ ပိုပိုတိုးလာနိုင်ပါတယ်။  သင့်ရဲ့စိတ်အားထက်သန်မှု၊ ပါရမီနဲ့ ထပ်တူကျတဲ့ ဝါသနာတွေကို ရှာဖွေနိုင်မယ့် အချက်တစ်ချို့ကိုဖော်ပြလိုက်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးသုံးသပ်ခြင်း  

ကိုယ်ဘာတွေကို စိတ်ဝင်စားတာလဲဆိုတာနဲ့ ဘယ်လိုအရာတွေကို လုပ်နေရရင် ပျော်နေလဲဆိုတာတွေကို သုံးသပ်ဖို့အတွက် အချိန်ခဏလောက်ယူပြီး ပြန်လည်သုံးသပ်ကြည့်ပါ။ ကိုယ်က ဘယ်မှာ ပါရမီပါတာလဲ၊ ဘယ်မှာ စိတ်ပါဝင်စားတာလဲ စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ်မေးပြီး ကိုယ့်ရဲ့ စိတ်ဝင်စားမှုနဲ့ စွမ်းရည်တွေအကြောင်းကို ပိုပြီး နားလည်လာတာနဲ့အမျှ ကိုယ်နဲ့ကိုယ်ညီမယ့် ဝါသနာတစ်ခုကို ရှာဖွေလို့ရပါပြီ။ 

အချိန်ကို စီမံခန့်ခွဲခြင်း 

ကိုယ့်ရဲ့ ဝါသနာတွေအတွက် အချိန်တစ်ခု သက်သက်ဖယ်ထားဖို့က တကယ်အရေးကြီးပါတယ်။ အချိန်ဖယ်ထားတယ်ဆိုတဲ့နေရာမှာ နေ့တိုင်း ဒီဝါသနာနဲ့ပဲ အချိန်ကုန်ရမယ်ဆိုတာမျိုးကို ပြောတာမဟုတ်ဘဲ ကိုယ့်ရဲ့အချိန်ဇယားထဲမှာ အချိန်လေးသက်သက်တစ်ခုဖယ်ထားလိုက်ရုံပါပဲ။ ဝါသနာအတွက် အချိန်မပေးဖြစ်ဘူးဆိုရင် ရေရှည်မှာ ဒီဝါသနာပေါ်ကို စိတ်ဝင်စားမှုအားနည်းသွားပြီး လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။

လိုက်လျောညီထွေဖြစ်ခြင်း 

ဘဝဆိုတာ ကိုယ်စိတ်ဝင်စားမှုနဲ့ ဝါသနာတွေလိုပဲ အမြဲပြောင်းလဲနေတာပါ။ အသက်ကြီးလာပြီး စိတ်ဝင်စားစရာအသစ်တွေ တွေ့လာတဲ့အခါ ကိုယ့်ရဲ့ ပြောင်းလဲတတ်တဲ့လူနေမှုဘဝပုံစံနဲ့ ဝါသနာကို လိုက်လျောညီထွေဖြစ်အောင် လုပ်ယူပါ။ ဒါဟာ ဘဝမှာ အသစ်အဆန်း စမ်းကြည့်ဖို့ဖြစ်လာနိုင်သလို ဒါမှမဟုတ် လက်ရှိဝါသနာကို ဘယ်လိုမျိုး အချိန်ပေးမလဲဆိုတာလေးတွေ ပြောင်းဖို့ဖြစ်လာနိုင်ပါတယ်။

ဒီဆောင်းပါးလေးကနေတစ်ဆင့် ကိုယ့်ရဲ့ စိတ်ပါဝင်စားတဲ့အရာတွေကို ဆက်လက်ရှာဖွေပြီး ကိုယ်ရဲ့ အရင်ဝါသနာရော၊ ဝါသနာအသစ်တွေ ဆက်လက်တည်မြဲဖို့အတွက် အားပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ သေချာတာတစ်ခုက ကိုယ်စိတ်ပါဝင်စားပြီး ကျွမ်းကျင်တဲ့အရာတစ်ခုကို လုပ်ရတဲ့အခါမှာ အောင်မြင်မှု နဲ့ စိတ်ကျေနပ်မှုတွေကို တစ်ဝကြီး ခံစားနိုင်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးတက်စေပြီး စိတ်ကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် ပိုမိုနေပျော်တဲ့ဘဝကြီးတစ်ခုကို ပိုင်ဆိုင်ဖို့ လမ်းကြောင်းပေးလိုက်သလိုပါပဲ။



Share

Comments

@thszm29@gmail.com

ကိုယ်လုပ်နေရတဲ့အရာမှာပျော်တယ် စိတ်ဝင်စားမှုရှိတယ် အချိန်ကုန်မှန်းမသိကုန်သွားတာက ဝါသနာဆိုရင် စာဖတ်ခြင်းပါပဲ စာဖတ်တဲ့အတွက်လောကကြီးအကြောင်းအများကြီး သိလာခဲ့ရတယ် ခု ဆောင်းပါးကိုတွေ့မှ စာအုပ်တွေပြန်ဖတ်ဖို့ moti တက်လာပြီ ဒီနေ့ကစပြီးတစ်နေ့ကို နာရီဝက်စာဖတ်ဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲနှိုးဆော်နေရမယ်

Winhtutzaw

ဒီစာလေးဖတ်ဖြစ်သွားမှဝါသနာဘာပါလဲဆိုတာ သေသေချာချာ ပြန်သုံးသပ်ဖြစ်တော့တယ်။ ပီယာနိုတီးတတ်ချင်တာ ဝါသနာတစ်ခု။စာတွေဖတ်ရတာလဲဝါသနာပဲ။ ကိုယ့်ကိုယ်ကို ဘာဝါသနာပါမှန်းရှာဖွေမရဘူးဆို ဒီလိုအပေါ်ကစာလေးတွေဖတ်ကြည့်ရင်တစ်ခုခုတော့ရနိုင်ပါလိမ့်မယ်။

Thandar Aye

သူများနဲ့မတူအောင် ဖန်တီး နိုင် တဲ့ အားသာချက်တွေက ဝါသနာကို အရင်းခံပြီး ဖြစ်လာတာလို့ ကျွန်မ ထင်မိပါတယ်

Related Posts