ကလေးငယ်နှင့် အစာဓာတ်မတည့်ခြင်း

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်အာဟာရ


မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဖြည့်စွက်စာ၊ အစာမာ စကျွေးဖို့ အချိန်ရောက်လာတဲ့အခါ အစိုးရိမ်  ရဆုံး အချက်က အစာဓာတ်မတည့်မှုဖြစ်မလား ဆိုတာပါပဲ။ ဒါကြောင့် ကိုယ့်ကလေးငယ်တွေ အစာဓာတ်မတည့်မှု မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့ Food Allergies နဲ့ ပတ်သက်လို့  မိဘတွေသိထားရမယ့် အရေးကြီးတဲ့ အချက်အလက်တွေကို စုစည်းတင်ပြထားပါတယ်။

အစားအစာ ဓာတ်မတည့်ခြင်းဆိုတာ ဘာလဲ

အစာဓာတ်မတည့်ခြင်းဆိုတာ ကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ်က အစားအစာတစ်ခုကို အန္တရာယ်ရှိတယ်လို့ မှားယွင်းတုံ့ပြန်တဲ့ ဖြစ်စဥ် ဖြစ်ပါတယ်။ အများအားဖြင့် အစာစားပြီးပြီးချင်း ခန္ဓာကိုယ်က ပရိုတင်းတစ်ခုခုကို မတည့်ဘူးလို့ တုံ့ပြန်တာတဲ့အခါ အစားအသောက် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ ကလေးငယ်တွေရဲ့ ၈% ခန့်က အစာဓာတ်မတည့်မှုရှိပြီး ၄၀% လောက်က ရောဂါလက္ခဏာ ပြင်းထန်တတ်တယ်လို့ American Academy of Allergy, Asthma and Immunology  က ဆိုပါတယ်။ ဓာတ်မတည့်ခြင်းက လက္ခဏာအပျော့စားဖြစ်ပေါ်တာကနေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

အစာဓာတ်မတည့်မှု ဖြစ်နိုင်ချေရှိမရှိ ဘယ်လိုသိမလဲ 

ကလေးမိဘတွေထဲက တစ်ယောက်ယောက်၊ ဒါမှမဟုတ် ကလေးရဲ့ မောင်နှမ အရင်းအချာတွေထဲက တစ်ယောက်ယောက်မှာ အစာဓာတ်မတည့်တဲ့ ရာဇဝင်ရှိခဲ့ရင် ကလေးငယ်မှာလည်း အစာဓာတ်မတည့်မှု ဖြစ်နိုင် ချေများပါတယ်။ အစာဓာတ်မတည့်တာမဟုတ်ဘဲ ပန်းနာရင်ကြပ်၊ နှင်းခူလိုမျိုး အရေပြားရောဂါနဲ့ အမှုန်အမွှား တွေနဲ့ ဓာတ်မတည့်လို့ ချောင်းဆိုးတာ စတဲ့ ရောဂါတွေရှိတဲ့ မွေးချင်းတွေ၊ မိဘတွေရှိရင်လည်း ကလေးမှာ အစာဓာတ်မတည့်မှု ဖြစ်နိုင်ပါသေးတယ်။

ဓာတ်မတည့်မှုဖြစ်တတ်တဲ့ အစားအစာများ

ကလေးငယ်တွေအများစု ဓာတ်မတည့်တဲ့ အစားအစာတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ဥအမျိုးမျိုး( ကြက်ဥ၊ ဘဲဥ၊ ငုံးဥ)
  • နို့ နှင့် နို့ထွက်ပစ္စည်းများ
  • မြေပဲ
  • နှမ်း
  • အပင်ထွက် အစေ့အဆန်များ( သီဟိုဠ်စေ့၊ ဗာဒံစေ့၊ သစ်ကြားသီး)
  • ငါး
  • ပင်လယ်စာ

အပေါ်မှာဖော်ပြထားတဲ့ အစားအစာတွေက ယေဘုယျအားဖြင့် အစာဓာတ်မတည့်မှုအဖြစ်များတဲ့ အုပ်စု တွေလို့ ပြောလို့ရပါတယ်။

အစာဓာတ်မတည့်မှုရဲ့ လက္ခဏာများ

အစာဓာတ်မတည့်မှုက အမျိုးအစားကိုလိုက်ပြီး မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း လက္ခဏာတွေ ပေါ်တာ ရှိသလို နာရီပိုင်းလောက် ကြာပြီးမှ လက္ခဏာ ပေါ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အတွေ့ရများတဲ့ အစာဓာတ်မတည့်ခြင်း လက္ခဏာတွေက

  • မျက်နှာတွေနီပြီး ယောင်လာခြင်း
  • ယားယံလာတာခြင်း
  • အင်ပြင်တွေ ပေါက်လာတာခြင်း
  • မျက်လုံး၊ မျက်နှာ၊ နှုတ်ခမ်းနဲ့ လျှာတွေ ထူအမ်းအမ်းကြီးဖြစ်လာခြင်း
  • အသက်ရှုရခက်ခြင်း
  • အစာမျိုရခက်ခြင်း
  • အားနည်း၊ ပျော့ခွေသွားခြင်း
  • မျက်နှာဖြူဖျော့လာခြင်း
  • ဗိုက်နာခြင်း
  • ဝမ်းပျက်ခြင်း
  • မူးဝေခြင်း
  • အော့အံခြင်း စတာတွေ ဖြစ်ပါတယ်။

အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှု လက္ခဏာတွေက

  • လေပြွန်တွေ ကျဉ်းသွားခြင်း
  • လည်ချောင်းအတွင်းပိုင်း ပြင်းထန်စွာရောင်ရမ်းပြီး အသက်ရှူရခက်ခြင်း
  • သွေးပေါင်တွေ ကျလာခြင်း
  • နလုံးခုန်မြန်ခြင်း
  • သတိလစ်ခြင်းစတာ တွေ ဖြစ်ပါတယ်။

အစာဓာတ်မတည့်ခြင်းက အပျော့စားနာကျင်မှုတွေကနေ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်တာကြောင့် ဓာတ် မတည့်မှု တစ်စုံဖြစ်ပွားပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုအပ်ပါတယ်။

အစာဓာတ်မတည့်မှုကို ဘယ်လိုကာကွယ်ကြမလဲ

အစာဓာတ်မတည့်မှုကို ကာကွယ်ဖို့ အခြေခံအကျဆုံးနည်းလမ်းက ကလေးငယ်ကို မွေးဖွားပြီး (၆) လအထိ မိခင်နို့ကို အပြည့်အဝတိုက်ကျွေးဖို့ပါ။ မိခင်နို့တိုက်ခြင်းက အစာဓာတ်မတည့်တာအပြင် အခြား ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါသေးတယ်။ ဒီနေရာမှာ နို့တိုက်မိခင်က ကလေးဓာတ်မတည့်မှု မဖြစ် စေဖို့ အစာရှောင်ရမယ်လို့ ထင်နေတတ်ကြပါတယ်။ ဒီအယူအဆက တကယ်တော့ မှားပါတယ်။ မိခင်က ဓာတ် မတည့်မှုဖြစ်စေတဲ့ အစာအုပ်စုတွေအပါအဝင် အစာကို စုံအောင် စားပေးဖို့ လိုအပ်ပါတယ်။ နို့တိုက်မိခင်က အခွံ မာသီးတွေ၊ အစေ့အဆန်တွေစားရင် ကလေး allergy ဖြစ်မလားလို့ စိုးရိမ်ကြပေမယ့် အဲ့လိုစားတာ မိခင်နို့တိုက်ပြီး (၆) လနောက်ပိုင်း ကလေးတွေ အစာမာ စစားတဲ့ အချိန်မှာ food allergy ဖြစ်နိုင်ချေကို လျော့ကျစေတယ်။ ကလေးတွေကို အစာမာ စကျွေးတော့ မယ်ဆိုရင် အာလာဂျီမဖြစ်နိုင်တဲ့ ဟင်းသီးဟင်းရွက် တွေ၊သစ်သီးတွေနဲ့ အတူတူ ကြက်ဥ တို့၊ ငါးတို့လို အလာဂျီ ဖြစ်တတ်တဲ့ အစားအစာတွေကို စမ်းကျွေးသင့် တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုကြပါတယ်။ စကျွေးတာ နောက်ကျလေလေ ဓာတ်မတည့်မှု ဖြစ်နိုင်ချေ များလေလေ လို့ လေ့လာချက်တွေအရ သိရပါတယ်။ တကယ်လို့ ကိုယ့်ကလေးက အစာဓာတ်မတည့်မှု ဖြစ်နိုင် ချေ များတယ်လို့ ထင်ရင် ကျွမ်းကျင်တဲ့ ဆရာဝန် (သို့) အာဟာရ ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

အစာဓာတ်မတည့်မှုကို ကုသနိုင်တဲ့ ကုထုံးလို့တော့ သီးသန့်မရှိသေးပါဘူး။ အချို့ကလေးငယ်တွေက ငယ်စဥ်က ဓာတ်မတည့်မှုကို ခံစားရနိုင်ပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ သက်သာသွားကြတာမျိုး ရှိပါတယ်။ အစာဓာတ် မတည့်မှုတစ်ခုခုရှိတယ်ဆိုရင် ကုသနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဓာတ်မတည့်တဲ့ အစားအစာတွေ ကို မစားဘဲ ရှောင်လိုက်တာပါပဲ။ အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ကိုယ့်ဘေဘီလေးရဲ့ အစာဓာတ်မတည့်မှု ဖြစ်နိုင်ချေကို လျော့ချလို့လည်း ရပါတယ်။ ဓာတ်မတည့်မှုက မပြင်းထန်ရင် သူ့အလိုလို သက်သာနိုင်တယ်ဆိုပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေလည်း ရှိတာမို့ ပြင်းထန်တဲ့ လက္ခဏာ တွေဖြစ်ပေါ်လာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားရောက်ဖို့ အကြံပေးပါရစေ။ 



Share

Comments

Han Ni Tun

ကလေး အဟာရ နဲ့ ပတ်သက်ပြီး ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်

Related Posts