ကိုယ်ပိုင်အချိန်ကောင်းလေးတစ်ခု ဖန်တီးနိုင်ဖို့

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး



တစ်နေ့တာရဲ့ (၂၄) နာရီကို စီးပွားရေး၊ လူမှုရေး၊ သွားရေးလာရေး စတဲ့ အရေးကိစ္စများစွာအတွက် ခွဲဝေအသုံးပြု နေရတော့ ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့ မေ့နေတတ်ကြပါတယ်။ ချစ်ရသူတွေကို အချိန်ပေးဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မေ့နေတတ်ကြတယ်နော်။ စိတ်ရော ကိုယ်ပါ အနားယူဖို့ ဘယ်သူမဆို ကိုယ်ပိုင်အချိန်လေးတစ်ခုတော့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး ဂရုစိုက် အနားယူဖို့ ဒီလို နည်းလမ်းလေးတွေ လိုက်လုပ်ကြည့်ရအောင် .... 

ကိုယ်ပိုင်အချိန်ဖယ်ထားပါ

ဒီခေါင်းစဥ်က အရမ်းမြင်သာလို့ ထည့်မပြောလည်း လူတိုင်းသိမှာလို့ ထင်ရပေမယ့် ကိုယ့်ကိုယ်ကိုယ် ပျောက် ဆုံးနေရတဲ့ အဓိကအကြောင်းရင်းက Me time အတွက် အချိန်အတိအကျ ဖယ်မထားမိတာက စတာပါပဲ။ “အားတဲ့အချိန် ငါ့အချိန်ပဲ”၊ “လုပ်စရာတွေအကုန်ပြီးမှ အေး‌ဆေးနားတော့မယ်” စတဲ့ အလုပ်ဦးစားပေး အတွေး တွေက ကိုယ်ပိုင်အချိန်တွေ ပျောက်ဆုံးစေတာပါ။ ဘာလို့လဲဆိုတော့ အလုပ်တွေဆိုတာ ပြီးတယ်မရှိလို့ပါပဲ။ ဒါ ကြောင့် ကိုယ့်ရဲ့ အချိန်ဇယားထဲမှာ ကိုယ်ပိုင်အချိန်အတွက် အတိအကျ ဖယ်ထားဖို့ လိုပါတယ်။

ကိုယ်ပိုင်အချိန်မှာ ဘာတွေလုပ်ရမှာလဲ 

ဒါကလည်း အရေးကြီးတဲ့ မေးခွန်းပဲနော်... များမြောင်လှတဲ့ အရေးကိစ္စတွေနဲ့ လုံးချာလိုက်နေပြီး ကိုယ့်ကိုယ် ကိုယ် အတွက် အချိန်မပေးနိုင်ရာကနေ ကိုယ်ပိုင် အချိန်လို့တိတိကျကျ ရှိလာတဲ့အခါမှာ ဘာလုပ်လို့ ဘာကိုင် ရမလဲမသိ ယောင်ချာချာကြီး ဖြစ်နေတတ်ပါတယ်။ ကိုယ်ပိုင်အချိန်ဆိုတာ စိတ်ရောကိုယ်ပါ အပြည့် အဝ အနားယူဖို့ပါ။ Me time မှာ ဘာလုပ်ရမလဲ မသိသေးဘူးဆိုရင် အောက်ပါအကြောင်းအရာလေးတွေက အသုံးဝင်မှာပါ။

ဝါသနာနောက် လိုက်ကြမယ်

ဝါသနာဆိုတာ ပင်ပန်းတယ်လို့ မခံစားရဘဲ လုပ်ရတာပျော်ရွှင်နေတဲ့ တစ်စုံတစ်ခုပေါ့။ ကိုယ်ပိုင်အချိန်မှာ ဝါသနာပါတာလေးတွေ ပြုလုပ်ပြီး ပျော်ရွှင်ကောင်းမွန်စွာ ဖြတ်သန်းခြင်းက အပန်းဖြေနည်းတစ်ခုပါပဲ။ ကိုယ့်ရဲ့ ဝါသနာကို ရှာမတွေ့သေးရင်ပဲဖြစ်ဖြစ်၊ ဝါသနာအသစ်တွေ စူးစမ်းရှာဖွေချင်ရင်ပဲဖြစ်ဖြစ် အသစ်အသစ်သော စိတ်ဝင်စားမှု တွေကို ရှာဖွေဖို့ ကိုယ်ပိုင်အချိန်တွေ လိုအပ်တာပေါ့။ ချည်ထိုး၊ ပန်းထိုး၊ ပန်းအလှဆင်၊ စက္ကူခေါက်တာ လိုမျိုး DIY လေးတွေ၊ စာဖတ်၊ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်၊ Journal ရေးတာ စတဲ့ အပန်းပြေစေတဲ့ ဝါသနာလေးတွေ စသဖြင့် ကိုယ့် စိတ်ကြိုက် ရွေးချယ်ပြုလုပ်နိုင်ပါတယ်။


သဘာဝတရားကို ခံစားပါ 

သဘာဝတရားမှာ ကုစားပေးနိုင်တဲ့ အစွမ်းသတ္တိရှိတယ်ဆိုတာ လက်ခံကြလား။ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ရပ်တန့်ပြီး အနီးအပါးက လေတိုးသံ၊ ငှက်သံ၊ မိုးရေစက်သံ၊ သစ်ရွက်လှုပ်သံ စတဲ့ သဘာဝရဲ့ အသံတွေကို နားစွင့်ခံစားကြည့်ပါ။ တောင်တန်းနဲ့ ပင်လယ်တွေဆီ ခရီးထွက်မှမဟုတ်ဘဲ ကိုယ့်အိမ်နားက ပန်းခြံဆီ၊ မြစ်ကမ်း ‌ဘေးဆီ လမ်းလျှောက်ထွက်ရင်း စိမ်းလန်းတဲ့ မြက်ခင်း၊ လတ်ဆတ်တဲ့ လေညှင်းတွေကို သတိပြု ခံစားတတ်တာ ကလည်း သဘာဝတရားမှာ မွေ့လျော်ခြင်းပါပဲ။ ပစ္စုပ္ပန်မှာ အသက်ရှင်နေထိုင်ပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ နှလုံးသားရဲ့ အသံကို နားထောင်ခြင်းဟာ စိတ်ငြိမ်းချမ်းရတဲ့ အခိုက်အတန့်ကောင်းတစ်ခု ဖြစ်မှာပါ။ 

စိတ်ရောကိုယ်ပါ အပြည့်အဝ အနားယူပါ

ကိုယ်ပိုင်အချိန်မှာ အနားယူမယ်ဆိုရင် စိတ်ရောကိုယ်ပါ ပြည့်ဝစွာ နားလိုက်သင့်ပါတယ်။ လူက နားနေပေမယ့် စိတ်က အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေ တွေးနေမယ်ဆိုရင် နားချိန်ကောင်းတစ်ခု ဖြစ်မှာ မဟုတ်ပါဘူး။ ဒီလို နား ဖို့ဆိုရင် အိပ်စက်ခြင်းက စိတ်ရောကိုယ်ပါ အားပြည့်စေတာမို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အိပ်လိုက်ပါ။ အိပ်ရာနိုးရင်တော့ ကိုယ့်အကြိုက် ကော်ဖီ(သို့) လက်ဖက်ရည် နဲ့ အရသာရှိတဲ့ တွဲဖက် မုန့်လေးတွေနဲ့ Tea Time ဖန်တီးနိုင်ပါသေးတယ်။ ဒါမှမဟုတ်ရင်လည်း သီချင်းတိုးတိုးဖွင့်ပြီး စာဖတ်ရင်းနဲ့လည်း အချိန်ကောင်းတွေ ခံစားလို့ရပါတယ်။ ကိုယ့်စိတ်ကြိုက် အသားရေထိန်းသိမ်းတာ ဒါမှမဟုတ် သင်ကြိုက်နှစ်သက်တဲ့ ဘယ်လိုပုံစံမျိုးနဲ့မဆို အနားယူနိုင်ပါတယ်။

ကိုယ်ပိုင်အချိန်မှာ လုပ်သင့်တဲ့အချက်တချို့ကို ဖော်ပြပြီးတဲ့နောက်မှာ ရှောင်ရှားသင့်တဲ့ အပြုအမူတွေကိုလည်း ဆက်လက် ဖော်ပြသွားပါမယ်။

Social Media နဲ့ ဝေးဝေးမှာနေပါ

ကိုယ်နဲ့ ဆိုင်သော၊ မဆိုင်သော စိတ်ညစ်ညူးစရာ၊ ပူလောင်စရာ မျိုးစုံက social media ပေါ်မှာတင် ပြီးမသွား ဘဲ လက်တွေ့ဘဝမှာပါ ကပ်ငြိလာတတ်ပါတယ်။ ဒါကြောင့် Facebook, Instagram အစရှိတဲ့ social media တွေရဲ့ အဝေးမှာနေပြီး စိတ်ကို အနားပေးလိုက်ပါ။ ချက်ချင်းထလုပ်ဖို့မလိုတဲ့ အလုပ် e-mail တွေ၊ Notification တွေကို ဝင်မကြည့်ပါနဲ့။ “ကိုယ်ပိုင်အချိန်ပဲလေ၊ ငါကြိုက်တာ လုပ်မှာပေါ့” ဆိုပြီး social media မျိုးစုံပေါ်မှာ အချိန်တွေကုန်ဆုံးနေရင် စိတ်အပန်းပြေတဲ့ အချိန်ကောင်းတစ်ခု ဖြစ်လာမှာတော့ မဟုတ် ပါဘူး။

နားရက်မှာ အိမ်အလုပ်တွေသိမ်းကြုံးလုပ်တာကို ရှောင်ပါ

အားလပ်ရက်ရောက်ပြီဆိုမှ ချက်ပြုတ်၊ လှည်းကျင်း၊ လျှော်ဖွတ်၊ ဆေးကြော စတဲ့ အိမ်အလုပ်တွေကို အကုန် သိမ်းကြုံးလုပ်တာမျိုးကို အားမပေးပါဘူး။ ကိုယ်က အိမ်မှုကိစ္စဝါသနာပါလို့ ပင်ပန်းတယ်မထင်ရင်‌တောင် လုပ်စရာတွေအကုန် စုပြုံလုပ်ပြီးသွားရင်တော့ တော်တော်မောသွားမှာမို့ အချိန်ကောင်းလေးတစ်ခု ရခဲ့တယ်လို့ ခံစားနိုင်မှာမဟုတ်ပါဘူး။

အဆိုးမြင်မှုတွေနဲ့ ဝေးအောင်နေပါ

အေးအေးဆေးဆေး အနားယူတဲ့ ကိုယ်ပိုင်အချိန်မှာမှ အတွေးတွေက စုပြုံဝင်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အားမရတာ၊ မကျေနပ်တာ၊ အနာဂတ်ကို ကြိုတွေးပြီး စိုးရိမ်ပူပန်တာ၊ အတိတ်ကို နောင်တရတာ စတဲ့ အဆိုးမြင်တဲ့ အတွေးတွေနဲ့ စိတ်ပင်ပန်းမခံပါနဲ့။ လက်ရှိပစ္စုပ္ပန်ကို အကောင်းဆုံးဖြတ်သန်းဖို့ အတွက်ပဲ အာရုံစိုက်သင့်ပါတယ်။ ကိုယ်ပိုင်အတွေးတွေသာမကဘဲ စိတ်ပင်ပန်းရတဲ့ စကားဝိုင်းတွေကိုလည်း ရှောင်ပါ။ ကိုယ်ပိုင်အချိန်မှာတော့ စိတ်ဆင်းရဲစရာတွေ၊ ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ကင်းလွတ်‌အောင် နေသင့်ပါတယ်။

ရှင်သန်ရတဲ့ ဘဝမှာ ရုန်းကန်ရဲ့ အရေးကိစ္စများစွာကြောင့် ကိုယ်ပိုင်အချိန်တွေ ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံး လာ ရပါတယ်။ သံပတ်ပေးထားတဲ့ စက်ရုပ်တွေလို အမြဲတမ်း လှုပ်ရှားရင်း ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မေ့လျော့လာ ကြပါတယ်။ ပင်ပန်းနေတဲ့ ခန္တာကိုယ်နဲ့ စိတ်နှလုံးကို အနားပေး၊ အားဖြည့်ပြီး ပိုကောင်းမွန်တဲ့ မနက်ဖြန်တွေကို ဖြတ်သန်းနိုင်ကြပါစေ။



Share

Related Posts