
ဒီနေ့ခေတ်မှာ မိဘအုပ်ထိန်းမှုနဲ့ ပတ်သက်ပြီး အကြီးဆုံးအမှားတစ်ခုကို ပြရမယ်ဆိုရင်တော့ ကလေးငယ်တွေကို အထိန်းအကွပ်မရှိ ဖုန်းပေးသုံးထားတာပါပဲ။ တချို့မိဘတွေကလည်း အလုပ်တွေမအားလပ်လို့၊ တချို့ကလည်း ကိုယ်တိုင်မထိန်းချင်၊ မထိန်းတတ်လို့ ငြိမ်ရင်ပြီးရောဆိုပြီး ဖုန်းတစ်လုံးကို လက်ထဲထည့်ပေးထားတာဟာ ကလေးငယ်တွေရဲ့ လူမှုရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်မှုတွေအပြင် အနာဂတ်ကိုပါ ဖျက်ဆီးပစ်နိုင်တဲ့ ဗုံးတစ်လုံးထည့်ထားပေးလိုက်တာနဲ့ အတူတူပါပဲ။
ဘာကြောင့်ဒီလိုပြောရတာလဲဆိုရင် အဖြေက ရှင်းပါတယ်။ အထိန်းအကွပ်မရှိဘဲ ဖုန်းသုံးခွင့်ပေးခံထားရတဲ့ကလေးငယ်တွေဟာ ကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ကောင်းမွန်တဲ့ ကျန်းမာရေး စတဲ့ လမ်းမှန်တွေပေါ်မှာ ကြီးပြင်းလာဖို့ထက် လမ်းမှားပေါ်ကိုရောက်ဖို့က အဆများစွာ ပိုနေလို့ပါပဲ။ လက်တွေ့သာဓကတွေလည်း ကိုယ့်အနီးနားဝန်းကျင်မှာပဲ အများကြီးရှိနေပါတယ်။ အထူးသဖြင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေဆိုရင် မိဘအုပ်ထိန်းမှုကို သေချာပေါက် လိုအပ်ပါလိမ့်မယ်။
ဘယ်လိုထိန်းသိမ်းသင့်လဲ?
ကလေးငယ်တွေရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အလေ့အထတွေကို ထိန်းသိမ်းဖို့အတွက်ဆိုရင် မိသားစုစည်းကမ်းပိုင်းနဲ့ နည်းပညာပိုင်း ဆိုပြီး နှစ်ပိုင်းခွဲထားလို့ရပါတယ်။ နှစ်ပိုင်းလုံးကို ထိန်းသိမ်းထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
မိသားစုစည်းကမ်းပိုင်း
၁။ အချိန်နဲ့ နေရာ
ကလေးငယ်တွေကို ဖုန်းတွေ၊ ကွန်ပျူတာတွေ ပေးသုံးမယ်ဆိုရင် ဘယ်အချိန်တွေမှာ ဘယ်လောက်ကြာကြာပဲ သုံးရမယ်၊ ဘယ်လိုနေရာတွေမှာ မသုံးရဘူးဆိုတဲ့ စည်းကမ်းတွေကို သတ်သတ်မှတ်မှတ်ထားဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဒီစည်းကမ်းတွေကို ရှေ့ကနေ လုပ်ပြဖို့လိုပါတယ်။ ဥပမာ စာတွေအကုန်လုပ်ပြီးတဲ့အချိန်မှာ တစ်နာရီပေးသုံးမယ်၊ အိပ်ခါနီးအချိန်ဆိုရင် မသုံးရဘူး၊ ထမင်းစားပွဲဝိုင်းမှာ ဖုန်းမသုံးရဘူး စတဲ့ အလေ့အထတွေကို သတ်မှတ်ပေးသင့်ပါတယ်။ စည်းကမ်းဖောက်ဖျက်ရင် တစ်ရက်ဖုန်းသုံးခွင့်ပိတ်မယ် ဆိုတဲ့ နောက်ဆက်တွဲပြစ်ဒဏ်မျိုးကိုလည်း ကြပ်မတ်ထားနိုင်ပါတယ်။
၂။ အတူတကွ ပြုလုပ်ခြင်း
ဖုန်းကြည့်တာပဲဖြစ်ဖြစ်၊ ဂိမ်းဆော့တာပဲဖြစ်ဖြစ် မိဘတွေကပါ အတူတူလိုက်လုပ်တဲ့ အလေ့အထလေးကို တည်ဆောက်ထားရင် ပိုကောင်းပါတယ်။ ဒီလို အတူတူလုပ်ခြင်းက ကလေးနဲ့ မိဘကြားမှာ ပိုမိုရင်းနှီးလာစေနိုင်သလို မသင့်လျော်တာတွေ တွေ့လာရင်လည်း ချက်ချင်းထိန်းချုပ်နိုင်တဲ့ အခွင့်အရေးလည်း ရစေမှာပါ။
၃။ ရွေးချယ်ပေးပါ
ကလေးငယ်တွေဆိုတာ ကိုယ်ပိုင်မှန်ကန်တဲ့ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ ဒီအတွက် မိဘက ကောင်းမွန်တဲ့အရာတွေကို ပြသပေးဖို့လိုပါတယ်။ အဲဒီအထဲကမှ သူတို့စိတ်ဝင်စားတာကို ဆက်ပြီးပံ့ပိုးပေးရမှာပါ။ ဥပမာ YouTube ကြည့်မယ်ဆိုရင် ကာတွန်းတွေ ပြလို့ရသလို သိပ္ပံ၊ နည်းပညာ၊ အနုပညာ စတဲ့ နယ်ပယ်မျိုးစုံက ကလေးတွေအတွက် ပြုလုပ်ပေးထားတဲ့ ဗီဒီယိုတွေလည်း ပြလို့ရပါတယ်။
ဒါကတော့ မိသားစုစည်းကမ်းပိုင်းမှာ ပြုလုပ်ပေးသင့်တဲ့ ထိန်းကွပ်မှုလေးတွေပါ။
နည်းပညာပိုင်း
နည်းပညာပိုင်းမှာ သေချာပေါက်လုပ်ထားသင့်တဲ့အရာကတော့ Parental Control ပါပဲ။ အဲဒါကတော့ လုပ်လို့ရတဲ့ feature တွေ အများကြီးရှိပါတယ်။ ဖုန်းအသုံးပြုတဲ့ Screen time ကို ကန့်သတ်တာ၊ App အသုံးပြုမှုတွေကို ကန့်သတ်ထားတာ၊ ကလေးငယ်အတွက် Account သပ်သပ်ဖွင့်ထားပြီး မိဘကိုယ်တိုင် control လုပ်ထားတာမျိုးတွေ လုပ်ထားသင့်ပါတယ်။ YouTube မှာဆိုရင်တော့ YouTube kids ဆိုပြီး သပ်သပ်ရှိသလို Restricted Mode ကို ဖွင့်ထားလို့လည်းရပါတယ်။ Browser တွေမှာဆိုရင်လည်း Safe Search ဒါမှမဟုတ် Strict ဆိုတာကို ဖွင့်ထားလို့ရပါတယ်။
နည်းပညာခေတ်ကြီးဖြစ်တဲ့အတွက် ကိုယ့်ကလေးငယ်က နည်းပညာနဲ့ လုံးဝကြီး အစိမ်းသက်သက်ဖြစ်နေလို့လည်း မရပါဘူး။ ကောင်းမွန်တဲ့လမ်းကို ရောက်အောင် လမ်းပြပေးရမှာကတော့ မိဘတွေတိုင်းရဲ့ အရေးအကြီးဆုံးတာဝန်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အရမ်းအလိုလိုက်တာလည်း မဖြစ်၊ တင်းကြပ်လွန်းတာလည်းမဖြစ်အောင် ဒီလိုနည်းလေးတွေနဲ့ ထိန်းကွပ်ဖို့ ဝေမျှပေးလိုက်ရပါတယ်။
Comments