ဆောင်းရာသီမှာ အချစ်တော်လေးတွေ ကျန်းမာနေစေဖို့

Posted in တိကျန်းမာရေး


ဆောင်းတွင်းကို တဖြည်းဖြည်းရောက်လာသလို ရာသီဥတုကလည်း တဖြည်းဖြည်း အေးလာပြီမို့ ရာသီအကူးအပြောင်းမှာ အအေးမိတာတွေ၊ ဖျားနာတာတွေကို ဂရုစိုက်နေကြရပြီမဟုတ်လားနော်။ ဒါမျိုးက လူတွေမှာတင်မဟုတ်ဘဲ အချစ်တော် တိလေးတွေမှာလည်း ဖြစ်တတ်တယ်ဆိုတာ သိထားရဲ့လား။ မသိသေးရင်လည်း သိသွားအောင်၊ သိပြီးသားဆိုရင်လည်း နှစ်ထပ်ရှိ မှတ်မိအောင် ပြောပြပေးချင်ပါတယ်။

မှားယွင်းတတ်တဲ့ အယူအဆ

အရင်ဆုံးပြောပြချင်တာကတော့ တိလေးတွေရဲ့ အမွေးနဲ့ ပတ်သက်ပြီး အမှတ်မှားလေ့ရှိတဲ့ အယူအဆအကြောင်းပါ။ တချို့က ခွေးလေး၊ ကြောင်လေးတွေမှာ လူတွေထက် ထူထဲတဲ့ အမွေးအမျှင်တွေရှိတဲ့အတွက် အအေးဒဏ်ကို ပိုပြီး ခံနိုင်ရည်ရှိမယ်လို့ မှတ်ယူလေ့ရှိပါတယ်။ ဒါဟာ တစ်စိတ်တစ်ပိုင်းတော့ မှန်သယောင်ရှိပေမဲ့ တကယ်တမ်းမှာတော့ အဲဒီလိုမှတ်ယူထားလို့ မရနိုင်ပါဘူး။

တိလေးတွေရဲ့ အမျိုးအစားအလိုက် အမွေးအမျှင်ထူထဲမှုက ကွာခြားသလို အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေအရလည်း ကွာခြားပါသေးတယ်။ ဒါ့အပြင် အမွေးအမျှင်မရှိတဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ခြေဖဝါးလိုနေရာတွေ၊ အမွေးအမျှင်နည်းတဲ့ နားရွက်နဲ့ အမြီးလို နေရာတွေကလည်း အအေးဒဏ်ကို ပိုပြီး ခံစားရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နှင်းမကျပေမဲ့ မနက်စောစောနဲ့ ညပိုင်းတွေမှာ စိုထိုင်းဆများပြီး ရေငွေ့တွေ၊ မြူမှုန်တွေရှိနိုင်တဲ့အတွက် အဲဒီလိုအခြေအနေမျိုးမှာဆိုရင်လည်း သူတို့ရဲ့ အမွေးအမျှင်တွေက အနွေးဓာတ်ကို ပေးဖို့ ခက်ခဲပါတယ်။ ဒါကြောင့် တိလေးတွေမှာလည်း အအေးမိဖျားနာတာတွေ ဖြစ်နိုင်တာပါ။

အဖြစ်များသော ရောဂါများ

ဆောင်းတွင်းမှာ တိလေးတွေ အဖြစ်များလေ့ရှိတဲ့ ရောဂါတွေနဲ့ လက္ခဏာတွေကိုတော့ အောက်က ဇယားလေးနဲ့ ဖော်ပြပေးလိုက်ပါတယ်။

အမျိုးအစား

သတိထားကြည့်ရန် လက္ခဏာများ

အအေးမိခြင်း၊ အပူချိန်ကျဆင်းခြင်း

နားရွက်၊ အမြီးတို့တွင် အရောင်ပြောင်းလာခြင်း၊ ထိုင်းမှိုင်းနေခြင်း

ပြင်းထန်သောချောင်းဆိုးခြင်း (Bordetella)

ပျို့အန်ခြင်း၊ အပြင်းအထန်ချောင်းဆိုးခြင်း

တုပ်ကွေး

ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ ဖျားနာခြင်း၊ ထိုင်းမှိုင်းနေခြင်း

အဆစ်အမြစ်ကိုက်ခြင်း

အထိုင်အထ နှေးကွေးခြင်း၊ အမြင့်တစ်နေရာကို ခုန်တက်ရန် ခက်ခဲနေခြင်း

ကာကွယ်ခြင်းနဲ့ ကုသခြင်း

ဒီလိုရောဂါတွေ မဖြစ်ရအောင် တိလေးတွေကို ဂရုတစိုက် ကာကွယ်ပေးရမှာက ကိုယ့်တာဝန်ပါပဲ။ ပထမဆုံးအနေနဲ့အရေးအကြီးဆုံးကတော့ တိလေးတွေ အိပ်တဲ့နေရာပါပဲ။ ရာသီဥတုက ညဘက်တွေမှာ အအေးဆုံးဖြစ်တဲ့အတွက် တိလေးတွေအိပ်တဲ့နေရာက နွေးနွေးထွေးထွေးဖြစ်နေဖို့ လိုပါတယ်။ လိုအပ်ရင် တိလေးတွေအတွက် အင်္ကျီ‌လေးတွေ၊ ဆွယ်တာလေးတွေ ဝတ်ထားပေးလို့လည်းရပါတယ်။ တကယ်လို့ အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေ တွေ့လာရရင်တော့ အချိန်မီကုသနိုင်ဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ ဆေးခန်းတွေနဲ့ ဆက်သွယ်ဖို့လိုပါတယ်နော်။ဒါဆိုရင်တော့ ဆောင်းတွင်းမှာ ကိုယ့်ရဲ့ အချစ်တော်တိလေးတွေကို နေမကောင်းမဖြစ်ရအောင် ဂရုတစိုက်စောင့်ရှောက်ရင်း ကိုယ့်ကိုယ်ကိုယ်လည်း ကျန်းမာရေးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။


Share

Comments

Related Posts