အိမ်မွေးတိလေးတွေကို သားကြောဖြတ်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ

Posted in အိမ်မွေးတိရစ္ဆာန်, တိကျန်းမာရေး


တိလေးတစ်ကောင်ကို စမွေးပြီဆိုရင် ကိုယ်က အဲ့တိလေးရဲ့ ကလေးလေးတွေကို လိုချင်လား မလိုချင်ဘူးလား စဉ်းစားဖို့ အရေးကြီးလှပါတယ်။ သင်းခြင်း နဲ့ သားကြောဖြတ်ခြင်းတို့ ဆိုတာဟာ တိရိစ္ဆာန်ဆရာဝန်တွေ ကြောင်လေးတွေ၊ ခွေးလေးတွေကို လုပ်ပေးရလေ့ရှိတဲ့ ခွဲစိတ်ကုသရေးနည်းလမ်းတွေပါ။ ဒီခွဲစိတ်ကုသရေးနည်းလမ်းတွေမှာဆိုရင် တိလေးတွေ ကလေးရခြင်းမှ ကာကွယ်ဖို့ သူတိုရဲ့မျိုးပွားအင်္ဂါတွေကို ခွဲစိတ်ပြီး ဖယ်ထုတ်ပစ်လိုက်တာပါ။

သားကြောဖြတ်ခြင်းဆိုတာက တိအမလေးတွေမှာ သားအိမ် နဲ့ သားဥအိမ်တွေကို ဖယ်ထုတ်ပစ်လိုက်တာကို ရည်ညွှန်းတာဖြစ်ပြီးတော့ တိအထီးလေးတွေမှာဆိုရင်တော့ လိင်အင်္ဂါ ဝှေးစေ့ ကို ဖယ်ထုတ်လိုက်တာကိုရည်ညွှန်းပါတယ်။ တိရိစ္ဆာန်ဆရာဝန်တွေပြောကြားချက်အရ တိအမလေးတွေမှာဆိုရင်တော့ အသက် ငါးလနဲ့ ခြောက်လအရွယ် ပထမဆုံးရာသီမလာခင်ကာလမှာ သားကြောဖြတ်ဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ တိအထီးလေးတွေကတော့ သူတို့ရဲ့ အမျိုးအစားနဲ့ အရွယ်အစားပေါ်မူတည်ပြီး ဆုံးဖြတ်သင့်ပါတယ်။

တိကလေးတွေကို ပထမဆုံးစမွေးကြမယ့် တိမိဘတွေအဖို့ တိကလေးတွေကို သားကြောဖြတ်သင့်သလား သင်းသင့်သလား ဆိုပြီးသိချင်တတ်ကြပါတယ်။ အဲ့ဒါကြောင့် တိလေးတွေကို သင်းခြင်း၊သားကြောဖြတ်ခြင်းရဲ့ ကောင်းကျိုး၊ဆိုးကျိုးလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ကောင်းကျိုးများ

မလိုချင်ပဲ ကိုယ်ဝန်ရခြင်းမှ ကာကွယ်ပေးပါတယ် 

တိကလေးသေးသေးလေးတွေက ချစ်စရာကောင်းပြီးဖက်ချင်စရာကောင်းလှပေမယ့် သူတို့ကို ဂရုစိုက်ဖို့ ရုပ်ပိုင်းဆိုင်ရာအရရော ငွေရေးကြေးရေးအရပါ အများကြီးအားစိုက်ထုတ်ရပါတယ်။ သူတို့လေးတွေနေကောင်းလားမကောင်းလားဆိုတာကို အဆက်မပြတ်စောင့်ကြည့်ရမယ်၊ အီးတွေရှူးတွေကိုလဲ နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးရမယ့်အပြင် သူတို့လေးတွေရဲ့ ဆေးခန်းသွားခ၊ ကာကွယ်ဆေးခတွေကိုပါ အကုန်အကျခံရမှာပါ။

တိကောင်ရေ အဆမတန်တိုးပွားလာခြင်းမှ ကာကွယ်ပေးပါတယ် 

တိကောင်ရေအများအပြားဟာ သူတို့ပိုင်ရှင်တွေ သူတို့ကိုမမွေးချင်တော့တာကြောင့် တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေမှာ အစွန့်ပစ်ခံကြရပါတယ်။ သားကြောဖြတ်ခြင်း သို့မဟုတ် သင်းခြင်းဟာ တိလေးတွေကို စွန့်ပစ်ခြင်းနဲ့ တိကောင်ရေ အဆမတန်တိုးပွားလာခြင်းမှ ကာကွယ်ပေးနိုင်မယ့်အပြင် တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေရဲ့ ဖိအားကိုပါလျော့ကျစေမှာပါ။

ကျန်းမာရေး ပိုကောင်းလာပါစေတယ် 

သားကြောဖြတ်ခြင်းနဲ့ သင်းခြင်းတို့ဟာ အချို့ရောဂါတွေဖြစ်တဲ့ ဝှေးစေ့ကင်ဆာ၊ နို့အုံကင်ဆာ နဲ့ သားအိမ်ပိုးဝင်ခြင်းရောဂါတွေဖြစ်လာနိုင်ချေကို လျှော့ချပေးပါတယ်။

အမူအကျင့်ဆိုင်ရာ ပြဿနာတွေကို လျှော့ချပေးပါတယ် 

သားကြောဖြတ်ထားတဲ့ သို့မဟုတ် သင်းထားတဲ့ တိလေးတွေဟာ သူတို့ရဲ့ ပိုင်ရှင်နဲ့ ပိုင်ရှင်မိသားစုကို ပိုပြီးဂရုစိုက်နားထောင်ကြပါတယ်။ အသက်ငယ်ချိန်မှာ သင်းထားတာက ရန်လိုတတ်တဲ့ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဆိုးကျိုးများ 

သားကြောဖြတ်တာပဲဖြစ်ဖြစ် သင်းတာပဲဖြစ်ဖြစ် မေ့ဆေးအသုံးပြုပြီး ခွဲစိတ်ကုသရပါတယ်။ အထွေထွေကုသမှုတွေမှာသုံးတဲ့ မေ့ဆေးကြောင့် ဆိုးကျိုးတွေဖြစ်လာနိုင်ချေနည်းပေမယ့် သားကြောဖြတ်တာပဲဖြစ်ဖြစ် သင်းတာပဲဖြစ်ဖြစ် မလုပ်ခင်မှာ ဒီအန္တရာယ်တွေကို ထည့်သွင်းစဉ်းစားပေးဖို့တော့လိုပါတယ်။

ကိုယ်အလေးချိန်တိုးလာခြင်း 

သင်းထားတဲ့ သို့မဟုတ် သား‌ကြောဖြတ်ထားတဲ့ တိလေးတွေမှာ ခွဲစိတ်ကုသမှုပြီးသွားလျှင် ကိုယ်အလေးချိန်တိုးလာချေမြင့်ပါတယ်။ ကုသမှုပြီးသွားလျှင် တိလေးတွေရဲ့ ဇီဝလောင်ကျွမ်းမှု ဖြစ်စဉ်ဟာ နှေးသွားလေ့ရှိတာကြောင့် ကိုယ်အလေးချိန်တိုးလာနိုင်ချေမြင့်လာတာပါ။

နာကျင်မှု 

တိလေးတွေဟာ ခွဲစိတ်နေချိန်အတွင်းမှာ မေ့ဆေးကြောင့် နာကျင်မှုကို မခံစားရနိုင်ပေမယ့် ခွဲစိတ်ပြီးချိန်မှာတော့ အနည်းငယ်ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်က သူတို့လေးတွေအတွက် ဆေးပေးမှာမို့လို့ အရမ်းကြီးစိုးရိမ်ဖို့တော့ မလိုအပ်ပါဘူး။

ကလေးမရနိုင်တော့ခြင်း 

သင်းခြင်း နဲ့ သားကြောဖြတ်ခြင်း ဟာ တိလေးတွေ ဘယ်တော့မှကလေးမရနိုင်အောင် လုပ်ဆောင်တဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ အဲ့ဒါကြောင့် အနာဂတ်မှာ ကိုယ့်တိလေးတွေရဲ့ ကလေးလေးတွေကို လိုချင်လားမလိုချင်ဘူးလားဆိုတာကို သေသေချာချာ စဉ်းစားပြီး ဆုံးဖြတ်ချက်ချသင့်ပါတယ်။

ကိုယ့်ရဲ့ တိလေးကို သားကြောဖြတ်တာ သို့မဟုတ် သင်းတာ လုပ်သင့်လား မလုပ်သင့်ဘူးလားဆိုတာက သေသေချာချာဆုံးဖြတ်ရမယ့်ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။ တိလေးတွေရဲ့ ကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ အမျိုးအစား နဲ့ အရွယ်အစားပေါ်လိုက်ပြီး ဆုံးဖြတ်ချက်ချရတာ ကွဲပြားနိုင်တာကြောင့် ကိုယ်တိုင် ဆေးခန်းသွား၊ တိဆရာဝန်နဲ့တွေ့ပြီး ဆွေးနွေးတိုင်ပင်ဆုံးဖြတ်တာကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။


Share

Comments

Than Toe Aung

ကလေးမလိုချင် အထီးပဲမွေးပါ သူ့သဘာဝအတိုင်းပဲထားပါ သူကြိုက်တဲ့အမကို သူ့ဟာသူသွားရှာ အမကမွေးလာတဲ့ကလေးကိုလည်းခွေးဖြစ်နေလို့ တာဝန်ယူစရာမလို၊ ခွေး‌နေရာကစဉ်းစားပါ ခွေးဘဝရောက်တုံး စားသောက်၊အိပ်၊မေထုံမှီဝဲ သုံးမျိုးပဲလုပ်စရာရှိတာ၊ လူတွေလို လုပ်စရာပေါတာလည်းမဟုတ် သုံးမျိုးလုံး ပေးလုပ်သင့်ပါတယ်။

Wai Min Htay

အိမ်မှာ တီကောင်းလေးတွေမွေးတော့မယ်ဆိုရင်.သေချာ.အိမ်နဲ့တိုင်ပင်ပြီတော့မွေးသင့်ပါတယ်.ကိုယ်တစ်ယောက်ထဲ.တီလေးတွေချစ်ပြီးမမွေးသင့်ပါဘူး.ကိုယ်2တိုင်ကလဲ.သူရဲ့.ကောင်းချင်းဆိုးချင်းသေချာစောင်ရှောက်နိူင်ရဲ့လားသေချာစဥ်စားပြီးမွေးသင့်ပါတယ်

Thazin Naing

တိကုဆရာဝန်တွေမရှိတဲ့အရပ်ဒေသက တိချစ်သူတွေအတွက်တော့ တန်ဖိုးရှိတဲ့စာဆောင်ပါ။ ဂရုစိုက်ပြုစုပေးဖို့အဆင်မပြေရင် မှန်ကန်တဲ့နည်းလမ်းနဲ့သားဆက်ခြားပေးတာ အကောင်းဆုံးပါ။

Related Posts