
အခုဆိုရင်တော့ အေးချမ်းပြီး လှပတဲ့ ဒီဇင်ဘာလလေးကို ရောက်ရှိလို့လာပါပြီ။ ဆောင်းရာသီထဲက အားလပ်ရက်တွေ၊ ပွဲတော်တွေနဲ့ ပျော်ရွှင်စရာ လတစ်လဖြစ်ရုံတင်မကဘဲ နှစ်ဟောင်းနဲ့ နှစ်သစ်ကြားထဲက ပေါင်းကူးနေတဲ့ တံတားတစ်စင်းဆိုလည်း မမှားပါဘူး။ ဒီလိုထူးခြားတဲ့ ဒီဇင်ဘာလလေးကို အကောင်းဆုံးဘယ်လိုဖြတ်သန်းကြမလဲ ဆိုတာ အတူတူဆွေးနွေးကြည့်လိုက်ရအောင်။်။
တစ်နှစ်တာကို ပြန်လည်သုံးသပ်ကြည့်ပါ
တစ်နှစ်တာရဲ့ နောက်ဆုံးလ ဖြစ်တာနဲ့အညီ ဒီအချိန်မှာ အရင်ဆုံးလုပ်သင့်တာကတော့ ဖြတ်သန်းခဲ့တဲ့ တစ်နှစ်လုံးကို အစအဆုံး ပြန်လည်သုံးသပ်တာပါပဲ။ ဒီနှစ်ထဲမှာ ကိုယ့်အနေနဲ့ ဘယ်လို ရည်မှန်းချက်တွေ ချမှတ်ခဲ့ပြီး ဘာတွေကို အောင်မြင်ခဲ့လဲ၊ ဘာတွေ ကျရှုံးခဲ့လဲ စသဖြင့် မှတ်မိသမျှကို ချရေးကြည့်လိုက်ပါ။ အောင်မြင်မှုတွေအတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုလိုက်ပါ။ ကျရှုံးခဲ့တာတွေ၊ အမှားတွေကနေတော့ သင်ခန်းစာတွေ ရပါလိမ့်မယ်။ ဒီကနေ နောက်ထပ်ဆက်လျှောက်မယ့် လမ်းတွေအတွက်လည်း အတွေးအမြင်အသစ်တွေ၊ နည်းလမ်းအသစ်တွေ စဥ်စားမိလာနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် အနားပေးပြီး အားအင်တွေ ပြန်ဖြည့်ပါ
ဒီဇင်ဘာလမှာဆိုရင် ပိတ်ရက်တွေ၊ ပွဲတော်တွေ အများကြီးရှိသလို ရာသီဥတုကလည်း အေးအေးချမ်းချမ်းနဲ့ တစ်နှစ်တာရဲ့ အနားယူဖို့ အကောင်းဆုံးအချိန်လေးပါပဲ။ ဒီလိုအချိန်မှာ ခရီးထွက်ပြီး အားအင်တွေ ပြန်မွေးကြသလို အိမ်မှာပဲ မိသားစုတွေ၊ ချစ်ရသူတွေနဲ့ အနားယူကြတာမျိုး လုပ်လေ့ရှိကြတယ်မဟုတ်လား? ခရစ္စမတ်နဲ့ နှစ်ကူးကာလတွေမှာ ချစ်ရသူတွေနဲ့ နွေးနွေးထွေးထွေးကုန်ဆုံးခြင်းက တစ်နှစ်တာ ပင်ပန်းခဲ့သမျှကို အကောင်းဆုံး ပြေပျောက်အောင် လုပ်ပေးနိုင်မှာ အသေအချာပါပဲ။
နှစ်သစ်အတွက် ခြေလှမ်းတွေ ပြင်ဆင်ထားလိုက်ပါ
တစ်နှစ်တာကို ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အနားပေးရင်း နောက်နှစ်အတွက် ခြေလှမ်းအသစ်တွေကို ကြိုပြီး ပြင်ဆင်ထားလို့ရပါတယ်။ ငွေရေးကြေးရေး၊ အလုပ်အကိုင်၊ ပညာရေး၊ လူမှုရေး စတဲ့ နယ်ပယ်အမျိုးမျိုးမှာ ဘယ်အရာတွေကို ဦးစားပေး ကြိုးစားမလဲဆိုတဲ့ ရည်မှန်းချက်တွေကို ကြိုပြီး စဉ်းစားထားလိုက်ပါ။ ဥပမာ - နောက်နှစ်မှာ ငွေဘယ်လောက်ရအောင်စုမယ်၊ ဘယ်ပညာရပ်ကို ဖြစ်ဖြစ်မြောက်မြောက် လေ့လာမယ် စသဖြင့်ပေါ့။
ဒီအချက်လေးတွေကတော့ အတိတ်ကို ပြန်လည်သုံးသပ်ခြင်း၊ ပစ္စုပ္ပန်ကို အာရုံစိုက်ခြင်းနဲ့ အနာဂတ်အတွက် ပြင်ဆင်ခြင်း ဆိုတဲ့ ကာလသုံးပါးလုံးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ကုန်ဆုံးခြင်းအားဖြင့် နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ရတာကလည်း အကျိုးမယုတ်သလို အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်းတွေနဲ့ စတင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ အေးချမ်းလှပတဲ့ ဒီဇင်ဘာလလေးကိုလည်း ပျော်ပျော်ရွှင်ရွှင် အကျိုးရှိရှိ ကုန်ဆုံးပြီးသားဖြစ်သွားမှာဖြစ်လို့ အတူတူလုပ်ကြည့်လိုက်ကြရအောင်နော်။
Comments