အမွှေးတိုင်နဲ့ ကျန်းမာရေးအန္တရာယ်

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


ဘာသာရေးနဲ့ ယဥ်ကျေးမှု ရောထွေးဆက်စပ်နေတဲ့ ဒီနိုင်ငံမှာ အမွှေးတိုင်ယဥ်ကျေးမှုက ဘာသာရေးပေါ် အခြေခံပြီး ပေါ်ပေါက်တဲ့ အလေ့အထတစ်ခုလို့ ပြောရင် မှားမယ်မထင်ပါဘူး။ ကိုယ့်အိမ်က ဘုရားကျောင်း ဆောင်မှာပဲ ဖြစ်ဖြစ်၊ အများပြည်သူသွားလာကြတဲ့ ဘုရားကျောင်းကန်၊ စေတီပုထိုးတွေ၊ ဘုံကျောင်းတွေ မှာပဲဖြစ်ဖြစ် အ‌ငွေ့ တလူလူနဲ့ အမွှေးတိုင်လေးတွေက လက်ညှိုးထိုးမလွဲပါပဲ။ တချို့ကလည်း အခန်းတွင်း အနံ့အသက်ကောင်း အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမွှေးတိုင်ထွန်းတတ်ကြပါသေးတယ်။ အမွှေးတိုင်နံ့တွေကို ရေရှည်ရှူရှိုက်လာရတဲ့အခါ ဖြစ်ပေါ်လာမယ့် ကျန်းမာရေးဆိုးကျိုးတွေ နဲ့ သိထားရမယ့် အခြားအကြောင်းအရာ တွေကို ဖော်ပြလိုက်ပါတယ်။

ကင်ဆာ

ရှေးယခင်ကတော့ ရနံ့မွှေးစေဖို့ သဘာဝပစ္စည်းတွေကို မီးရှို့ထွန်းညှိတတ်ကြပေမယ့် ယနေ့ခေတ် အမွှေးတိုင်  တွေမှာတော့ သဘာဝရော၊ သဘာဝမဟုတ်တဲ့ အမှုန်လေးတွေပါ ပါရှိပါတယ်။ ဒါတွေကို မီးရှို့လို့ထွက်လာတဲ့ အငွေ့တွေနဲ့ အမှုန်အမွှားတွေ အချိန်ကြာမြင့်စွာ ရေရှည်ရှူရှိုက်ခြင်းက ကင်ဆာဖြစ်နိုင်ချ မြင့်မားစေတယ်လို့ American Cancer Society ရဲ့ သုတေသနတစ်ခုက ဖော်ပြထားပါတယ်။ အမွှေးတိုင်ငွေ့ရှုရှိုက်နေမိသူ တွေက ဆေးလိပ်သောက်သုံးသူတွေထက် အဆုတ်နဲ့လမ်းကြောင်းဆိုင်ရာ ကင်ဆာဖြစ် အသက်ရှုနိုင်ချေ (၂) ဆ ပိုများတယ်လို့ အဆိုပါသုသေသနက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီနေရာမှာ အမွှေးတိုင်ငွေ့မဟုတ်ဘဲ ခြင်ဆေး ခွေငွေ့တွေ ရှုရှိုက်နေရရင်လည်း အလားတူ သက်ရောက်မှုရှိတယ်လို့ ယူဆနိုင်ပါတယ်။

ပန်းနာရင်ကြပ် 

အမွှေးတိုင်တွေမှာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေအပြင် ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေလည်း ပါဝင်တာ ကြောင့် ပန်းနာရင်ကြပ်ရောဂါလို အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများစွာ ဖြစ်စေနိုင်ပါတယ်။ ပန်းနာရင် ကြပ်ရှိတဲ့သူတွေက အမွှေးတိုင်နံ့တွေရှူမိတာအခါမှာ တရွှီရွှီမြည်ပြီး အသက်ရှုကြပ်လာတာ၊ ပန်းနာရင်ကြပ် ဆေး ပိုသုံးရတာမျိုးကိုလည်း ‌လေ့လာတွေ့ရှိရပါတယ်။ 

နှလုံးရောဂါ

ကင်ဆာနဲ့ ပန်းနာရောဂါတွေလိုပဲ အမွှေးတိုင်အငွေ့တွေကြောင့် နောက်ထပ်အဖြစ်များတာကတော့ နှလုံးဆိုင်ရာ ရောဂါတွေပါပဲ။ စင်ကာပူနိုင်ငံက လူ (၆) သောင်းကို လေ့လာကြည့်ခဲ့တဲ့အခါ နှလုံးရောဂါကြောင့် သေဆုံးမှုတွေ ဟာ အိမ်မှာအမွှေးတိုင်ထွန်းကြပြီး အငွေ့တွေနဲ့ ကြာရှည်စွာ ထိတွေ့တာသူတွေမှာ ဖြစ်ကြကြောင်း တွေ့ရှိခဲ့ပါ။

အခြားကျန်းမာရေး ပြဿနာများ

အမွှေးတိုင်ငွေ့တွေဟာ အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေအပြင် ခန္ဓာကိုယ်တွင်း ဆဲလ်တွေ နာတာရှည် ရောင်ရမ်းမှုကို ဖြစ်ပေါ်စေ တယ်လို့လည်း တွေ့ရှိထားပါတယ်။ အထူးသဖြင့် အဆုတ်ဆဲလ်နဲ့ နှလုံးဆဲလ်တွေ ရောင်ရမ်းမှုပါ။ ပြီးတော့ အမွှေးတိုင်တွေမှာပါတဲ့ ဓာတ်ပစ္စည်းတွေက အကြောင်းရင်းမရှိဘဲ ပိန်ကျသွားမှုတွေကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်စေတဲ့ ကိုလစ်စထရောတွေကို နည်းသွားစေပါတယ်။ ဒီတွေ့ရှိမှု တွေဟာ ကြွက်တွေနဲ့ စမ်းသပ်ထားတဲ့ ရလဒ်တွေဖြစ်ပြီး လူတွေမှာလည်း အလားတူသက်ရောက်မှုတွေရှိနိုင် တယ်လို့ ယူဆလို့ ရပါ တယ်။

နောက်ဆက်တွဲပြဿနာများ 

ဒီကျန်းမာရေးပြဿနာတွေအပြင် အမွှေးတိုင်တွေက လေထုညစ်ညမ်းမှုကိုလည်း ဖြစ်စေပါသေးတယ်။ လေဝင် လေထွက်မရှိတဲ့ အခန်းထဲမှာ၊ လူအများသွားလာနေကြတဲ့ ယုံကြည်ကိုးကွယ်မှုနဲ့ဆိုင်တဲ့ နေရာတွေမှာ၊ ပွဲလမ်း သဘင်တွေမှာ စတဲ့နေရာပေါင်းစုံမှာ အမွှေးတိုင်ငွေ့တွေက လေထုကို ဆိုးရွားညစ်ညမ်းစေတာ အမှန်ပါပဲ။ အမွှေးတိုင်အသုံးပြုတဲ့ နိုင်ငံတွေမှာ ရနံ့မွှေးတဲ့သစ်သားတွေဖြစ်တဲ့ နံ့သာဖြူ၊ အကျော်၊ သနပ်ခါး၊ သစ်မွှေး စတဲ့ သစ်အမျိုးအစား တွေကနေ အမွှေးတိုင်ထုတ်ကြတယ်လို့ သိရပါတယ်။ ဒီနိုင်ငံမှာတော့ အမွှေးတိုင်ထုတ်ရာမှာ အသုံးပြုတဲ့ သစ်အမျိုးအစားက မန်ကျည်းသားအများစုဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုထားပါ တယ်။ ဒီတော့ အမွှေးတိုင်တွေဟာ သစ်ပင်ခုတ်ယူမှုတွေဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများစွာထဲက တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

အမွှေးတိုင် (သို့) နံ့သာတိုင် ထွန်းတဲ့ ဓလေ့က ယုံကြည်မှုနဲ့ သဒ္ဓါတရားကိုအခြေခံပြီး ဖြစ်ပေါ်လာတာကြောင့် ဒီဓလေ့ ကို ချက်ချင်းဖျောက်ဖျက်ဖို့တော့ ခက်ခဲမှာပါ။  အမွှေးတိုင်နေရာမှာ အမွှေးဆီနဲ့ နံ့သာဖယောင်းအိုးလို အငွေ့သိပ်မထွက်တဲ့ ရွေးချယ်စရာတွေနဲ့ အစားထိုး အသုံးပြုလို့ရပါတယ်။ ဒါမှမဟုတ် သဘာဝအတိုင်း ရနံ့မွှေး တဲ့ ပန်းတွေကိုလည်း ‌ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အမွှေးတိုင်ထွန်းမှဖြစ်မယ်ဆိုရင်တော့ အငွေ့တွေ လှောင် ပိတ်မနေစေဖို့ လေဝင်လေထွက်ကောင်းအောင် ဖန်တီးထားမယ်ဆိုရင်‌တော့ ထိခိုက်မှုသက်သာမှာပါ။ မွှေးရနံ့ တွေက စိတ်ကြည်လင် လန်း ဆန်း စေတယ်ဆိုပေမယ့် အ‌မွှေးတိုင်အငွေ့မတွေက အထက်မှာဖော်ပြခဲ့တဲ့ ကျန်းမာရေးနဲ့ အခြားသော ဆိုးကျိုး တွေ များတယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။


Share

Comments

Anonymous

ဒီ ဆောင်းပါးလေးကိုဖတ်ပြီး အမွှေး တိုင်နှင့်ခြင်ဆေးခွေ ရဲ့ ကင်ဆာ နှလုံးရောဂါစတဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင်တာကို သိခွင့်ရလို့ The good life ကိုကျေးဇူး တင်ပါတယ်ရှင့်။ သူငယ်ချင်း မိတ်ဆွေများကို sharing လုပ်ပြီး the good life ကို ကျေးဇူး တင်ပါတယ်ရှင့်။

Shin Minnthaw

တိုးတက်​နေတဲ့ကမ္ဘာကြီးမှာဓါတုထုတ်ကုန်​တွေ​ကြောင့်သန့်စင်တဲ့ အောက်ဆီဂျင်​​​တွေရှားပါးလာြခင်းမှာမွှေးတိုင်ကထွက်တဲ့အ​ခိုးအ​ငွေ့တွေကလည်းဝင်​နေပါတဲ့အတွက် "အ​မွှေးတိုင်နဲ့ကျန်းမာ​ရေအန္တရာယ်" ဆိုတဲ့​ဆောင်းပါး​​လေးကို​တော့ အကြိုက်ဆုံးပါပဲ။ဗဟုသုတ​တွေလည်းရတဲ့အတွက်ကျေးဇူးတင်ပါတယ် ။

Yar Yar

နေ့ရက်တိုင်း မနက်ခင်းနဲ့ ညနေတွေမှာ ဘုးရားရှိခိုးတိုင်း အမွှေးတိုင်ကို ကပ်လှူပူဇော်ပေမယ့် ၎င်း၏ ဆိုးကျိုးကို ယနေ့ထိ သတိမမူ/မပြုမိတဲ့ ကျွန်ုပ်အတွက် ဤဆောင်းပါးက အန္တာရာယ်ချောက်ကမ်းပါးစွန်းစွန်းမှ ကယ်တင်ခံလိုက်ရသလိုပါပဲ ခင်ဗျာ။ မိမိ၏ မိတ်ဆွေ များအားလည်း မျှဝေပေးပါရစေ။

Related Posts