စိတ်ဖိစီးမှု အရမ်းများတဲ့အခါ ကျန်းမာရေးမထိခိုက်အောင် ဘယ်လိုနေထိုင်မလဲ

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး


အခုလို ပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့ လူ့အဖွဲ့အစည်းမှာ နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုကို ရှောင်လွှဲလို့ မရတော့ဘူးနော်။ အလုပ်ခွင်ဖိအားကစပြီး ငွေရေးကြေးရေး ပူပန်စရာတွေ၊ လူမှုဆက်ဆံရေး ဝန်ပိတာတွေနဲ့ ကျန်းမားရေးအတွက် သောကတွေအဆုံး နည်းအမျိုးမျိုးနဲ့ စိတ်ဖိစီးမှုတွေ တောင်လိုပုံလာပြီး သင့်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ကောကိုယ်ပါ ကျန်းမာပျော်ရွှင်ဖို့အတွက် ကိုယ်ခန္ဓာမှာဖြစ်လာတဲ့ စိတ်ဖိစီးမှုရဲ့ သက်ရောက်မှုတွေကို နားလည်ပြီး ထိထိရောက်ရောက် ပြန်ဖြေရှင်းနိုင်တဲ့နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ကိုယ်ခန္ဓာအပေါ် စိတ်ဖိစီးမှုရဲ့ သက်ရောက်မှုများ

စိတ်ဖိစီးမှုဆိုတာ စိန်ခေါ်မှုတွေနဲ့ တောင်းဆိုချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ်ခန္ဓာရဲ့ မွေးရာပါတုံပြန်မှု တစ်ခုဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ဇီဝပြောင်းလဲမှုတစ်ခု ဖြစ်လာပါတယ်။ ဒါကတော့ Fight-or-Flight လို့ ခေါ်တဲ့ အရေးပေါ်ဗီဇတုံ့ပြန်မှုစိတ်ပါ။ ဒီလိုတုံ့ပြန်မှုက သေရေးရှင်ရေးကိစ္စတွေအတွက် အရေးကြီးပေမဲ့ ဒီလိုခံစားချက်ကြီးနဲ့ ကာလရှည် စိတ်ဖိစီးလာတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်နော်။

 နှလုံးနှင့် သွေးလည်ပတ်မှုစနစ် - အမြဲလိုလို စိတ်ဖိစီးနေတာက သွေးဖိအားမြင့်တက်စေပြီး နှလုံးခုန်နှုန်းမြန်ကာ နှလုံးနဲ့ပတ်သတ်တဲ့ရောဂါတွေနဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ဖိအားတုံ့ပြန်မှုစနစ်ကို ကြာရှည်စွာလှုံ့ဆော်ထားတဲ့အတွက် သွေးတွင်းအဆီလွှာကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး နှလုံးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေလည်း အများကြီး ရှိနိုင်ပါတယ်။ 

ကိုယ်ခံအားစနစ် - နာတာရှည်စိတ်ဖိစီးမှုက ကိုယ်ခံအားစနစ်ကို ဖိနှိပ်ထားတဲ့အတွက် အအေးမိဖျားနာခြင်းနဲ့ ကူးစက်ရောဂါတွေကို ခံနိုင်စွမ်း ပိုမိုလျော့နည်းစေပါတယ်။ ကော်တီဆိုလ် လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေ မြင့်တက်လာတဲ့အခါ ရောဂါတွေကို မတားဆီးပေးနိုင်တော့ပဲ နာမကျန်း ဖြစ်လွယ်ပါတယ်။

အစာခြေစနစ် - စိတ်ဖိစီးမှုက အစာခြေစနစ်ကိုအနှောင့်အယှက်ပေးတာတော့ အားလုံးအသိပဲဖြစ်မှာပါ။ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းတွေက စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်တဲ့ လက္ခဏာတွေပါ။ ဒါတွေမှတစ်ဆင့် ပိုမိုဆိုးရွားလာစေပြီး Irritable Bowel Syndrome (IBS) လို အူလမ်းကြောင်း မူမမှန်တဲ့ရောဂါနဲ့  Gastroesophageal Reflux Disease (GERD) ခေါ် စားချဉ့်ပြန်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်နော်။ 

ကြွက်သာနှင့်အရိုးဖွဲ့စည်းမှုစနစ် - စိတ်ဖိစီးတဲ့အခါ ကြွက်သားတွေ တောင့်တင်းနေတာကိုလည်း အမြဲတွေ့ရတတ်ပါတယ်။ ဒီကတစ်ဆင့် ခေါင်းကိုက်ခြင်း၊ ကျောနာခြင်း၊ ကြွက်သားတောင့်တင်းခြင်းတို့ ဖြစ်လာတတ်ပါတယ်။ 

စိတ်ဖိစီးမှုကို ဘယ်လိုဖြေရှင်းမလဲ

တရားရှုမှတ်ခြင်း - ကိုယ့်စိတ်ကိုယ် အမြဲသတိရှိနေစေမယ့် လေ့ကျင့်ခန်းတွေ၊ ဥပမာ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်ခြင်းတို့က စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်နော်။ ဒီလို မိမိစိတ်နဲ့ ခံစားချက်တွေကို သတိကပ်တဲ့ အလေ့အကျင့်က ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်စေပြီး စိတ်ကိုလျှော့ချကာ အတွင်းစိတ်ရဲ့ ငြိမ်းချမ်းမှုကို ခံစားရစေနိုင်ပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း - အမြဲတမ်း ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးတာလောက် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တာ မရှိပါဘူး။ ကိုယ်လက်လှုပ်ရှားပေးခြင်းက အန်ဒိုဖိန်းန်ခေါ် စိတ်ခံစားချက်ကို သဘာ၀အတိုင်း ပေါ့ပါးကောင်းမွန်စေတဲ့ ညူရိုထရန်စမစ်တာ တွေကိုထုတ်လွှတ်ပေးတာကြောင့် ကိုယ့်စိတ်အခြေအနေကို ပိုမိုကောင်းမွန်အောင် လုပ်ပေးတဲ့အပြင်၊ ပူပင်သောကကင်းဝေးပြီး ဖိစီးမှုတွေကို လျော့ပါးစေပါတယ်။ 

ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ရွေးချယ်ခြင်း - မနက်စာကို မျှမျှတတ စားသုံးခြင်း၊ အိပ်ရေးဝဝ အိပ်စက်ခြင်း၊ အရက်နဲ့ ကဖိန်းဓာတ်ကို အကန့်အသတ်နဲ့ သောက်သုံးခြင်း စတဲ့ အလေ့အကျင့်လေးတွေက စိတ်ဖိစီးမှုအပေါ် ကိုယ်ခန္ဓာရဲ့ ခုခံနိုင်စွမ်းကို ပိုမိုမြင့်တက်စေပြီး အလုံးစုံကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ 

လူမှုရေး အထောက့်အပံ့များ - အလွန်စိတ်ဖိစီးမှုများတဲ့ အချိန်ကာလမျိုးမှာ သူငယ်ချင်း၊ မိသားစုဝင်နဲ့ ကူညီဖေးမနိုင်တဲ့ အစုအဖွဲ့တွေကလည်း တန်ဖိုးရှိတဲ့ အားပေးမှုတွေ၊ ကွဲပြားတဲ့အမြင်တွေကို ပြသပေးနိုင်တဲ့အတွက် သူတို့ဆီကလည်း အကူအညီ ယူနိုင်ပါတယ်။ မိမိရဲ့ ပူပန်သောကတွေကို ဝေမျှပြီး ယုံကြည့်ရတဲ့သူတွေဆီက အကြံဉာဏ် ရယူတာကလည်း အထီးကျန်ခြင်းနဲ့ အကူအညီမဲ့နေတဲ့ ခံစားချက်ကို လျှော့ချပေးနိုင်ပါတယ်နော်။

ကျွမ်းကျင်သူရဲ့ အကူအညီ - စိတ်ဖိစီးမှု အရမ်းကို ကြီးမားလွန်းလို့ တောင့်မခံနိုင်လောက်အောင် ဖြစ်လာတဲ့အချိန်မှာတော့ ကျွမ်းကျင်သူရဲ့ အကူအညီကို ရယူသင့်ပါတယ်နော်။ ကျန်းမာရေးဝန်ထမ်းတွေ၊ ကုထုံးနဲ့ ကုသပေးမယ့် Therapist တွေ၊ နားထောင်ဆွေးနွေး အကြံပေးနိုင်မယ့် Counselor တွေဆီကနေ ပရော်ဖက်ရှင်နယ် အကူအညီတွေ ရယူသင့်ပါတယ်။ ဒီလို ကုထုံးတွေကနေ ပြင်းထန်တဲ့ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းပေးနိုင်မယ့် ပုံစံတွေနဲ့ စိတ်ဖိစီးမှုဒဏ်ကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ 

တကယ်တော့ စိတ်ဖိစီးမှုကြောင့် ကိုယ်ခန္ဓာအပေါ် သက်ရောက်မှုတွေကို အထင်သေးပေါ့ဆလို့ မရပါဘူး။ စိတ်ဖိစီးမှုတွေ ရှည်ကြာလာတဲ့အခါ ကိုယ်ခန္ဓာရဲ့ ပုံမှန်လည်ပတ်နေတဲ့ အခြေခံစနစ်တွေကို အနှောင့်အယှက်ပေးပြီး ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် အထက်ပါနည်းလမ်းလေးတွေကို လိုက်နာပြီး စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ မလိုလားအပ်တဲ့ အကျိုးဆက်တွေကို အားလုံးပဲ ကြိုတင်ကာကွယ်နိုင်ကြပါစေနော်။ 


Share

Comments

Related Posts