လွယ်ကူသက်သာ လက်ဖက်ဟင်းလျာ

Posted in အစားအစာ

လက်ဖက် ဆိုတာ မြန်မာတို့ရဲ့ အချက်အပြုတ်ဆိုင်ရာ ထုံးတမ်းစဉ်လာမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အရာတစ်ခုဖြစ်ပြီး နှလုံးသားတွေထဲရော ၊ လျှာဖျားမှာပါ အထူးနေရာယူထားတဲ့ အရွက်တစ်မျိုးလည်း ဖြစ်ပါတယ်။ လက်ဖက်ကို သုပ်စားကြတာအပြင်ကိုမှ လက်ဖက်ရဲ့ စစ်မှန်တဲ့အရသာကို ခံစားနိုင်စေမယ့် အခြားသော နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဒီဆောင်းပါးထဲမှာဆိုရင်တော့ လွယ်ကူ၊ အရသာရှိပြီး ထူးခြားတဲ့ လက်ဖက်အရောအနှော ဟင်းလျာတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

လက်ဖက်ကြော်

လက်ဖက်သုပ်ကြိုက်တယ်၊ ဒါပေမယ့် အပြောင်းအလဲလေးဖြစ်အောင် အရသာအသစ်လေးလည်းမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ လက်ဖက်ကြော်ကို စမ်းစားကြည့်ဖို့ အကြံပြုပါရစေ။ ဘယ်လိုပြင်ဆင်ရမလဲဆိုရင်တော့ - အရင်ဦးဆုံး လက်ဖက်ရဲ့ အခါးဓာတ်တွေလျော့သွားအောင် ရေ စင်စင်ဆေးပေးပါ။ ပြီးတာနဲ့ ပန်းကန်တစ်လုံးထဲမှာ ဆားအနည်းငယ်၊ ကြက်သွန်ဖြူ၊ သံပုရာရည်၊ ငါးငံပြာရည်၊ ငရုတ်သီးတို့နဲ့အတူ နှံ့အောင်ရောနယ်လိုက်ပါ။ ပြီးရင်တော့ အဲ့ဒီနယ်ထားတဲ့လက်ဖက်ကို ဆီပူထဲမှာနှစ်ပြီး ကြွပ်ရွလာတဲ့အထိ ကြော်ပေးပါ။ ရလာတဲ့ လက်ဖက်ကြော်ကိုဆိုရင်တော့ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ အကြော်စုံတွေနဲ့ စားသုံးနိုင်မှာဖြစ်ပြီး လက်ဖက်ရည်ဝိုင်းတွေမှာ ရေနွေးကြမ်းပူပူတစ်ခွက်နဲ့အတူ အရံဟင်းပွဲအဖြစ် တည်ခင်းနိုင်သလို အခုလို မိုးအေးတဲ့နေ့တွေနဲ့ဆိုရင် အထူးလိုက်ဖက်နေမှာ အသေအချာပါပဲ။

This photo is entirely credited to Ei San's Homemade Inspiration

ဝက်လက်ဖက်ဟင်း

“အသားမှာ ဝက် ၊ အရွက်မှာ လက်ဖက်” ဆိုတဲ့ မြန်မာစကားပုံအတိုင်းပဲ ဝက်လက်ဖက်ဟင်းလျာမှာဆိုရင်တော့ ဒီအကောင်းဆုံးအရာနှစ်ခုပေါင်းစပ်ထားတဲ့ ကောင်းမွန်ထူးကဲလှတဲ့ အရသာတွေကို ခံစားနိုင်မှာပဲဖြစ်ပါတယ်။ ဒီဟင်းလျာကိုဆိုရင်တော့ နူးညံ့တဲ့ဝက်သားတုံးလေးတွေနဲ့အတူ လက်ဖက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးနဲ့ သံပုရာရည်တို့ကို ပေါင်းစပ်ပြီး ရရှိနိုင်မှာပဲဖြစ်ပါတယ်။ အရင်ဆုံးအနေနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဂျင်းတွေကို ရောကြိတ်လိုက်ပါ။ ပြီးရင် လက်ဖက်၊ ငရုတ်သီးနဲ့ သံပုရာရည်တွေကို ရောနယ်ထားပါ။ ပြီးတာနဲ့ ကြိတ်ထားတဲ့ ကြက်သွန်ဖြူတွေကို ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်ထည့်ပြီး ဆီသတ်ပေးပါ။ ဆီသတ်ပြီးရင် ဝက်သားတုံးတွေကိုထည့်ပြီး (၃) မိနစ်လောက် မွှေပြီးကြော်ပေးပါ။ ပြီးရင် ရေနွေးထည့်ပြီး အရသာကဲအောင် ဆားထည့်ပေးပါ။ အသားနူးလာတဲ့အထိကို အပူရှိန်နည်းနည်းနဲ့ မိနစ် (၃၀) လောက် တည်ထားပေးပါ။ အသားတွေ ကောင်းကောင်းကျက်ပြီဆိုရင်တော့ အိုးထဲကို လက်ဖက်ထည့်ပြီး (၅) မိနစ်လောက် မီးအေးအေးနဲ့ တည်ထားပေးပါ။ ပြီးရင်တော့ ထမင်းပူပူလေး နဲ့လိုက်ဖက်လှတဲ့ မြန်မာအရသာ ဆီပြန် ဝက်လက်ဖက်ဟင်းလေးတစ်ခွက်ရပြီပဲဖြစ်ပါတယ်။

လက်ဖက်ကြက်သားအစပ်ချက်

စပ်စပ်ကလေးမှကြိုက်တဲ့သူတွေအတွက် ကြက်သားလက်ဖက်အစပ်ချက်က ခံတွင်းတွေ့စေမယ့် ဟင်းတစ်ခွက်ဖြစ်စေမှာပါ။ ဒီ ပူစပ်စပ်ဟင်းတစ်ခွက်မှာဆိုရင်တော့ ကြက်သား၊ လက်ဖက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီနဲ့ ငရုတ်သီးမှုန့်၊ ဂျင်းစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ပေါင်းစပ်ပါဝင်နေတာပဲဖြစ်ပါတယ်။ အရင်ဆုံး ကြက်သားကို ဆေးကြောသန့်စင်ပြီး ငံပြာရည်၊ သကြား၊ ကြက်သားမှုန့်စတာတွေနဲ့ အရသာသွင်းပြီး နှပ်ပေးထားရပါမယ်။ ပြီးရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီတွေကို ဆီပူပူမှာ ကြော်ပေးပါ။ ပြီးတာနဲ့ နှပ်ထားတဲ့ကြက်သားကို ထည့်ပြီး ခဏမွှေပေးပါ။ ကြက်သားရဲ့ အပေါ်ယံအလွှာရွှေရောင်သမ်းလာရင်တော့ အိုးထဲကို လှီးထားတဲ့ခရမ်းချဉ်သီးတွေ၊ ငရုတ်သီး၊ လက်ဖက်စတာတွေနဲ့အတူ ရေတစ်ခွက်ထည့်ပေးပါ။ အရသာအတွက်တော့ ငံပြာရည်နဲ့ သကြားထည့်ပေးပြီး ကြက်သားနူးလာပြီး လက်ဖက်နံ့မွှေးမွှေးလေး ထွက်လာသည်အထိ ချက်ပေးပါ။ အဲ့ဒီနောက်မှာတော့ ကြက်သွန်မြိတ်လေးဖြူးပြီး ဟင်းအိုးကိုချနိုင်ပါပြီ။ စပ်စပ်ကလေးနဲ့ မွှေးမွှေးပျံ့ပျံ့ လက်ဖက်ကြက်သားအစပ်ချက်ရဲ့ အရသာကို သဘောကျမယ်ဆိုတာတော့ အသေအချာပါပဲ။ ဒီဟင်းလေးကို အုန်းထမင်း၊ ပလာတာ ဒါမှမဟုတ် နံပြားစတာတွေနဲ့လည်း တွဲဖက်စားသုံးကြည့်ဖို့အကြံပေးလိုက်ပါတယ်။

အမဲသားလက်ဖက်စတူး

အမဲသားကို ဘယ်လိုချက်စားရမှန်းမသိတော့ဘူးဆိုရင်တော့ ချက်နည်းလေးတစ်ခုကို ညွှန်းပေးချင်ပါတယ်။ အဲ့ဒါကတော့ အစပ်မကြိုက်သူတွေအတွက် အချိုချက်   လက်ဖက်အမဲသားစတူး ပဲဖြစ်ပါတယ်။ အရင်ဆုံး အမဲသားတွေကို ဆား၊ ဒိန်ချဉ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆနွင်းမှုန့် စတာတွေနဲ့နှပ်ထားပြီး (၁၅) မိနစ်လောက်ထားထားပေးပါ။ အဲ့ဒီနောက်မှာတော့ ဆီကိုအပူပေးပြီး ကြက်သွန်နီတွေ ရွှေရောင်သန်းလာတဲ့အထိကြော်ပေးပါ။ ပြီးရင် နှပ်ထားတဲ့ အမဲသားကို ထည့်ပြီး အသားထဲက ရေတွေကုန်သွားတဲ့အထိ မွှေပြီး ကြော်ပေးပါ။ ပြီးတာနဲ့ ရေနည်းနည်းထည့်ပြီး အသားနူးလာတဲ့အထိ မီးနည်းနည်းနဲ့ တည်ပေးပါ။ နူးလာပြီဆိုရင်တော့ လက်ဖက်နဲ့ အရသာအတွက် ဆားထည့်ပေးပါ။ ဆီအပေါ်ယံကိုဝေ့လာပြီဆိုရင်တော့ နံနံပင်အုပ်ပြီး တည်ခင်းဖို့အဆင်သင့်ဖြစ်ပြီပဲဖြစ်ပါတယ်။

ဆိတ်လက်ဖက်ထောင်း

လက်ဖက်က ဟင်းလျာတွေအတွက်သာမကဘဲ အသုပ်တွေ၊ အထောင်းတွေကိုလည်း ထူးကဲတဲ့အရသာပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်။ ဒီဆိတ်လက်ဖက်ထောင်း ဟာဆိုရင်တော့ အရသာနှပ်ထားတဲ့ဆိတ်သားပြုတ်၊ လက်ဖက်၊ သံပုရာရည်နဲ့ ဟင်းခတ်အမွှေးအကြိုင်စတာတွေ ရောနှောထားတဲ့ ချဉ်ချဉ်စပ်စပ်နဲ့ အရသာကြွယ်ဝတဲ့ အသုပ်တစ်ပွဲဖြစ်ပါတယ်။ နူးညံ့တဲ့ဆိတ်သားရယ်၊ ချဉ်စူးစူး လက်ဖက်ရယ်ပေါင်းစပ်လိုက်တဲ့အခါ အနံ့အရသာနဲ့ပြည့်စုံပြီး စားပြီးရင်း ထပ်စားချင်နေစေမှာပဲဖြစ်ပါတယ်။ ဒီအသုပ်ဟာဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကျေနပ်စရာကောင်းတဲ့ ဟင်းတစ်ခွက်ကို ရှာဖွေနေသူတွေအတွက် ကွက်တိဖြစ်စေမှာပါ။ ရေနွေးကြမ်းပူပူလေးတစ်ခွက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘီယာတစ်ဘူးနဲ့ဖြစ်ဖြစ် တွဲသောက်နိုင်မယ့် ဟင်းလျာတစ်ပွဲလည်းဖြစ်ပါတယ်။

ဒီချက်ပြုတ်နည်းတွေကို ဖတ်ရှုပြီးတဲ့အခါမှာ လက်ဖက်က ပါဝင်ပစ္စည်းတစ်ခုထက်ပိုတယ်ဆိုတာကို ပိုသိလာမယ်လို့ယုံကြည်မိပါတယ်။   ငွေကုန်ကြေးကျသက်သာပြီး အရသာရှိတဲ့ဟင်းလျာတွေချက်ပြုတ်ဖို့ စဉ်းစားနေတာဆိုရင်တော့ ဖော်ပြထားတဲ့ပါဝင်ပစ္စည်းတွေကို နီးစပ်ရာ Ocean စူပါစင်တာတွေမှာသွားရောက်ဝယ်ယူပြီး ဒီဟင်းလျာတွေကို အိမ်မှာချက်ပြုတ်ကြည့်လိုက်နော်။


Share

Comments

Theinginway

လ္ဘက်ဆိုရင် သုပ်စားတာတစ်ခုပဲလုပ်လို့ရတယ်ထင်မိတဲ့အတွေးကနေကောင်းကောင်းရုန်းထွက်နိုင်ခဲ့တာပဲ ကိုယ်အရမ်းကြိုက်နှစ်သက်တဲ့ လ္ဘက်ကိုအခြေခံပြီး တခြားသော ဟင်းလျာတွေချက်လို့ရသေးတယ်ဆိုတာသိလိုက်ရတော့ အားလပ်ရက်တွေမှာ ကိုယ့်ကိုယ်ကို ပြုစုဖို့ လက်စွမ်းပြချိန်တန်ပြီလေ 🤗

Related Posts