ရုပ်ရှင်ပိတ်ကားထက်က ဘဝသင်ခန်းစာများ

Posted in လူမှုဘဝ, ဖျော်ဖြေရေး


သင့်ဘဝမှာ "ဒါက ရုပ်ရှင်တစ်ခုဆိုတာထက်ပိုပါတယ်ကွာ" ဆိုပြီး တွေးမိ၊ ရေရွတ်မိတဲ့ ဇာတ်ကားတစ်ကားလောက် ရှိဖူးလား။ ဒါဆိုရင်တော့ ရုပ်ရှင်တွေက လူတွေရဲ့ဘဝမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာ သင်ငြင်းနိုင်မယ် မထင်ပါဘူး။ စိတ်အပန်းဖြေရုံသက်သက်၊ မိသားစု သူငယ်ချင်းမိတ်ဆွေတွေနဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေ အတူတူဖြတ်သန်းလို့ရရုံတင်မဟုတ်ဘဲ ကိုယ်ပိုင်ဘဝတိုးတက်ရေးအတွက် တန်ဖိုးရှိတဲ့ဘဝသင်ခန်းစာတွေကိုလည်း‌ လေ့လာလို့ရနိုင်တာမို့လို့ ဒီဆောင်းပါးလေးထဲမှာတော့ ကိုယ့်ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ စိတ်ဓာတ်ခွန်အားပေးမယ့် ရုပ်ရှင်စာသားလေး ငါးကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးပြောပြပေးမှာကတော့ အားလုံးကြိုက်နှစ်သက်ကြတဲ့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ "The Pursuit of Happiness" ရုပ်ရှင်ထဲက စာသားလေးပါ။

“ဘယ်သူ့ဆီကမှ မင်းဒီအရာကို မလုပ်နိုင်ဘူးဆိုတာမျိုး အပြောမခံပါနဲ့။ မင်းမှာ အိပ်မက်ရှိတယ်မှတ်လား။ မင်းရဲ့အိပ်မက်ကို မင်းကိုယ်တိုင် ကာကွယ်မှရမှာပေါ့။ လူတွေက သူတို့မလုပ်နိုင်တိုင်း မင်းလည်း ဒါလုပ်နိုင်မှာမဟုတ်ဘူးဆိုပြီးပြောကြမှာပဲ။ မင်းတစ်ခုခုကိုလိုချင်တယ်မှတ်လား။ လိုချင်ရင် အရယူနိုင်ဖို့ ကြိုးစား၊ ဒါပါပဲ။" ဆိုတဲ့ စာသားလေးပါ။  ဒီရုပ်ရှင်က Chris Gardner ဆိုတဲ့ လူတစ်ယောက်အပေါ် အခြေခံရိုက်ကူးထားတာဖြစ်ပြီး အခုဖော်ပြထားတဲ့ စာသားလေးဟာဆိုရင် လူတစ်ယောက်ရဲ့  မဆုတ်မနစ်တဲ့ ဇွဲလုံ့လ၊ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အိပ်မက်တွေကိုအကောင်အထည်ဖော်တဲ့အခါမှာ ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲတွေနဲ့ ပြစ်တင်အပုပ်ချတတ်တဲ့ လူတွေကို ဂရုမစိုက်ဖို့ ဆိုတာတွေရဲ့ အရေးပါပုံတွေကို အလေးပေးဖော်ပြထားပဲဖြစ်ပါတယ်။

 "မင်းအနေနဲ့ ခက်ခဲပင်ပန်းတဲ့အချိန်တွေ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့်လည်း အမြဲတမ်း အဲ့ဒီအချိန်တွေရောက်မှသာ  ကိုယ်တိုင် သတိမထားမိခဲ့တဲ့ တန်ဖိုး ထားရမယ့်အရာတွေရှိတယ်ဆိုတာကို မင်းကိုယ်တိုင် မြင်လာနိုင်မှာ" ဆိုတဲ့ စကားလေးကတော့ ၁၉၉၇ မှာ ထွက်ရှိခဲ့တဲ့ "Good Will Hunting" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲက တွေးတောမိစရာ စာသားလေးဖြစ်ပါတယ်။  ဒါကို Sean Maguire ဆိုတဲ့ အဓိကဇာတ်ဆောင်ဖြစ်သူက ပြောခဲ့တာဖြစ်ပြီး အခက်အခဲဒုက္ခတွေထဲမှာတောင် မမြင်နိုင်တဲ့ ကောင်းချီးမင်္ဂလာတွေနဲ့ တန်ဖိုးရှိတဲ့ သင်ခန်းစာတွေရှိနေတယ်ဆိုတာကို  ကျွန်တော်တို့ကို သတိရစေမိတဲ့ ရုပ်ရှင်စာသားလေးပဲဖြစ်ပါတယ်။ ဒီစာသားလေးက ကျွန်တော်တို့သတိမထားမိခဲ့တဲ့ ကောင်းမွန်တဲ့ အရာတွေနဲ့ လှပတဲ့အရာတွေကို အသိအမှတ်ပြုတတ်ဖို့နဲ့  အခက်အခဲတွေကနေ အဓိပ္ပါယ်ရှိတဲ့ အရာတွေကို ရှာဖွေနိုင်ဖို့ သတိပေးနေပါတယ်။

၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့ပြီး မင်းသား Eddie Redmayne က Stephen Hawking အဖြစ်‌ ပြောင်မြောက်စွာသရုပ်ဆောင်ထားတဲ့  “The Theory of Everything” ဇာတ်ကားထဲက စာသားလေးတစ်ခုကိုလည်း ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါကတော့ “ဘဝဆိုတာ ကိုယ်တွေကို အဆုံးစွန်ချောက်ကမ်းပါးအထိ တွန်းပို့နေတဲ့ အတောမသတ်တဲ့ တွန်းအားတစ်ခုပါပဲ..ဒါပေမယ့် အဲ့လိုမျိုး ရုန်းကန်လှုပ်ရှားရတဲ့ အချိန်တွေရောက်မှသာ ကိုယ့်ရဲ့ စစ်မှန်တဲ့အင်အားကို တွေ့ရှိလာနိုင်မှာပါ ဆိုတဲ့ စာသားလေးက ဘဝက  အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ထပ်တလဲလဲပေးနေပေမယ့် အဲ့ဒါကပဲ ကျွန်တော်တို့ကို  အခက်အခဲတွေကို ရှင်သန်တိုးတက်ဖို့အခွင့်အလမ်းတွေအဖြစ်၊ ကိုယ်ကိုယ့်ကိုယ်ရှာဖွေတွေ့ရှိမှုနဲ့ ကိုယ်ပိုင်‌တိုးတက်မှုတွေအဖြစ် ပြောင်းလဲလက်ခံနိုင်အောင် တိုက်တွန်းပေးနေတာပဲဆိုတဲ့အကြောင်းကို အလေးပေးဖော်ပြထားတာပဲဖြစ်ပါတယ်။


(၁၉၉၄) မှာ ထွက်ရှိခဲ့တဲ့ "The Shawshank Redemption" ဆိုတဲ့ ရုပ်ရှင်ကားလေးကနေ သင်ယူမိတာကတော့ “မျှော်လင့်ခြင်းဆိုတာ ကောင်းမွန်တဲ့အရာတစ်ခု၊ အကောင်းမွန်ဆုံးလို့လည်း ဆိုနိုင်မယ့်အရာတစ်ခုဖြစ်ပြီး ၊ ကောင်းတဲ့အရာတွေဆိုတာ ဘယ်တော့မှ မသေဆုံးသွားဘူး” ဆိုတဲ့ အဖိုးတန်စာသားလေးပဲဖြစ်ပါတယ်။  ဒီစာပိုဒ်လေးကဆိုရင် ခိုင်မြဲတဲ့ မျှော်လင့်ခြင်းအင်အားက အခက်အခဲတွေရှိမယ်ဆိုရင်တောင် ပိုမိုကောင်းမွန်တဲ့အနာဂတ် ဆီကို ခေါ်ဆောင်ပေးသွားနိုင်တယ်ဆိုတဲ့အကြောင်းကို အသားပေးထားတာပဲဖြစ်ပါတယ်။

“နေ့ရက်တိုင်းမှာ အကောင်းဆုံး ရှင်သန်ပါ။ အသက်ရှင်ခွင့်ရတုန်းမှာ ကိုယ့်ဘဝကို အကောင်းမွန်ဆုံးဖြစ်အောင်ဖြတ်သန်းပါ။ ဆိုတဲ့ စာကြောင်းလေးကတော့ "Dead Poets Society" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲကပဲဖြစ်ပါတယ်။ လက်ရှိဘဝကိုလက်ခံ၊ ၊ အခွင့်အရေးတွေကို အရယူပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဘဝတစ်ခုကို နေထိုင်ကြဖို့ကို တိုက်တွန်းထားတာပဲဖြစ်ပါတယ်။ အခြားသူတွေရဲ့ အလိုကျ သူတို့ဖြစ်စေချင်တာတွေကိုပဲ လိုက်လုပ်မနေဘဲ၊ ကိုယ်စိတ်အားထက်သန်တဲ့အရာကို တစိုက်မတ်မတ်ကြိုးစားပြီး အဓိပ္ပာယ်ရှိအောင် နေထိုင်ကြဖို့ကိုလည်း သတိပေးထားပါသေးတယ်။ တစ်နေ့စာတစ်နေ့ အကောင်းဆုံးရှင်သန်ပြီးရင် ဘဝကြီးရဲ့ လှပတဲ့အရာတွေ မြင်နိုင်ပြီး မျှော်မှန်းချက်တွေဆီကို အရောက်သွားနိုင်မှာပါ။

အပေါ်မှာပြောပြသွားတဲ့ ရုပ်ရှင်ကားတွေထဲက သင်မကြည့်ဖူးသေးတဲ့ ရုပ်ရှင်တစ်ကားကို ရွေးပြီး ထဲထဲဝင်ဝင် နှစ်မြှုပ်ကြည့်မယ်ဆိုရင် ရုပ်ရှင်ကားတွေဆိုတာ စိတ်အပန်းဖြေဖို့ သက်သက်တင်မဟုတ်ဘဲ တန်ဖိုးရှိတဲ့သင်ခန်းစာတွေကို သင်ကြားပေးနိုင်ပြီး ဘဝကို လမ်းပြပေးနိုင်တဲ့ ဒိုင်ယာလော့ဂ်တွေ၊ စာသားတွေလည်း ပါဝင်နေတယ်ဆိုတာ အမှတ်ရနေဖို့ လိုအပ်ပါတယ်။


Share

Comments

Sai Yi Wai Oo

ရုပ်ရှင်ကြည့်ရတာကြိုက်သလိုရုပ်ရှင်တွေကပေးတဲ့သင်ခန်းစာတွေကိုပိုကြိုက်တယ် အချိန်ခဏလေးအတွင်းမှာ တွေးစရာတွေယူလာပေးတာဘဝသင်ခန်းစာတွေပေးနိုင်တာ ရုပ်ရှင်မို့ ဒီဆောင်းပါးလေးထဲကရုပ်ရှင်ဇတ်ဝင်ခန်းလိုပဲ နေ့ရက်တိုင်းမှာအကောင်းဆုံးရှင်သန်ပြီးဖြတ်သန်းနေပါတယ်

Saw Hla Moe Thet

ဇာတ်သမားလာရင်မှတ်သားစရာပါသလို ရုပ်ရှင်တစ်ကားကလည်း၂နာရီစာအတွင်းမှာသင်ယူတွေးဆစရာတွေချန်ထားတတ်ပါတယ် ခုဆောင်းပါးထဲကဇာတ်ကားထဲက short Noteတွေဆိုရင်လည်းမှတ်သားစရာတွေပါပြီးရုပ်ရှင်ကိုကြည့်ချင်လာတဲ့ထိဆွဲဆောင်နိုင်လို့ရုပ်ရှင်ကြည့်ပြီးသင်ခန်းစာတွေယူရခြင်းကတော့ Good Life တစ်ခုဆိုလည်းမမှားပါဘူး

Related Posts