နှလုံးသားများရဲ့ ဘာသာစကား

Posted in လူမှုဘဝ, ဖျော်ဖြေရေး


Jazz ဂီတဆိုတာက ကမ္ဘာအနှံ့က လူတွေရဲ့ ရင်ထဲ၊ အတွေးထဲမှာ စွဲမြဲနေတဲ့ အထင်ကရ ဂီတအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီဂီတအမျိုးအစားက ၂၀ ရာစုနှစ်အစပိုင်းလောက်က အမေရိကန်နိုင်ငံမှာ စတင်ခဲ့ပြီးတော့ ထူးခြားဆန်းသစ်ပြီး လူကြိုက်များတဲ့ စတိုင်ရှိတဲ့ ဂီတအမျိုးအစားတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ Jazz ဂီတရဲ့ သမိုင်းအကြောင်း၊ ဘယ်လိုစတင်ခဲ့ပြီး အခုအချိန်ထိ ထင်ရှားကျော်ကြားနေလဲဆိုတာကို မျှဝေပေးသွားပါမယ်။

Jazz ဂီတ ဘယ်ကစ

Jazz ဂီတကို ၁၉၀၀ ခုနှစ် အစပိုင်းတွေမှာတုန်းက Louisiana ပြည်နယ်၊ New Orleans မြို့ က အာဖရိကန်၊အမေရိကန် လူ့အဖွဲ့အစည်းတွေကနေ စတင်ခဲ့တာပါ။ ဒီဂီတက အာဖရိကန်စတိုင် ကာရန်တွေနဲ့ မယ်လိုဒီတွေ၊ ဥရောပစတိုင် ဟာမိုနီတွေနဲ့ အမေရိကန်စတိုင် နာမည်ကြီးတေးသီချင်းတွေကို ရောနှောပေါင်းစပ်ထားတဲ့ ဂီတအမျိုးအစားတစ်ခုဖြစ်ပါတယ်။ Jazz ဂီတကို ကပွဲတွေ၊ ကလပ်တွေနဲ့ အရက်ဆိုင်တွေမှာ လူအုပ်စုလေးတွေက စတင်ဖျော်ဖြေခဲ့တာကနေ စပြီး မြန်မြန်ဆန်ဆန်နဲ့ပဲ လူတွေသဘောကျကြတဲ့ ဖျော်ဖြေတင်ဆက်မှု ပုံစံတစ်ခု ဖြစ်လာခဲ့ပါတယ်။ 

Jazz ဂီတ ဘယ်လိုပြောင်းလဲလာတာလဲ

Jazz ဂီတ တဖြည်းဖြည်း နာမည်ကြီးလာတာနဲ့ အမျှ ဂီတပုံစံကလည်း ဆင့်ကဲပြောင်းလဲလာခဲ့ပါတယ်။ ၁၉၂၀ ခုနှစ်တွေ နဲ့ ၁၉၃၀ ခုနှစ်တွေမှာ  Jazz  ဂီတကို အဓိက ဖျော်ဖြေတဲ့ တီးဝိုင်းတွေကလည်း ပိုများလာခဲ့ပြီး ခရာတွေ၊ နှဲတွေနဲ့ စည်းချက်ညီညီ သေချာစီစဉ်ပြီး စတင် တီးခတ်လာခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကာလကိုတော့ Swing Era လို့ခေါ်ပြီး  Duke Ellington ၊ Benny Goodman နဲ့ Count Basie တို့လိုမျိုး နာမည်ကြီး အထင်ကရ jazz တေးဂီတပညာရှင်တွေ ပေါ်ထွက်ခဲ့တဲ့ အချိန်ကာလတစ်ခုဆိုလည်း မမှားပါဘူး။ 

၁၉၄၀ ခုနှစ်တွေမှာ စည်းချက်ခပ်သွက်သွက်နဲ့ Bebop ဆိုတဲ့  ပုံစံအသစ် ပေါ်ထွက်လာပြီး  Jazzဂီတပုံစံသစ်တစ်မျိုး  ထပ်ပြောင်းလာခဲ့ပြန်ပါတယ်။  စည်းသွက် Jazz ဂီတ (Bebop) က ပိုပြီး မြန်ဆန်လာတဲ့ tempo တွေ၊ ပိုပြီးခက်ခဲရှုပ်ထွေးတဲ့ ဟာမိုနီတွေနဲ့ လက်တန်းတီးတာတွေနဲ့ တီးခတ်ဖန်တီးရတာဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်တွေနဲ့ ၁၉၆၀ ခုနှစ်တွေမှာ Jazz ဂီတက ပိုပြီး ပြောင်းလဲတိုးတက်လာခဲ့ပြီး Cool Jazz ဂီတအမျိုးအစား၊ Free Jazz ဂီတအမျိုးအစား နဲ့ ဒီနှစ်မျိုးကို ပေါင်းစပ်ထားတဲ့ အမျိုးအစားတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

မြန်မာအနုပညာရှင် ဝင်းဦးနှင့် Jazz ဂီတပညာရှင် Count Basie တို့ မြနန္ဒာသီချင်းတိုက်နေကြပုံ (ဓာတ်ပုံ- အင်တာနက်)Jazz ဂီတနဲ့ ခေတ်ရေစီးကြောင်းယဉ်ကျေးမှု

Jazz ဂီတက  ခေတ်ရေစီးကြောင်းယဉ်ကျေးမှုမှာလည်း အများကြီး သက်ရောက်မှုရှိခဲ့ပါသေးတယ်။ ရော့ခ်၊ ပေါ့ပ် နဲ့ ဟစ်ဟော့ဂီတတွေလိုမျိုး တခြားဂီတအမျိုးအစားတွေကို ဖန်တီးတဲ့ အနုပညာရှင်တွေကိုလည်း Jazz ဂီတ ပညာရှင်တွေက အများကြီး လွှမ်းမိုးခဲ့ပါသေးတယ်။ Jazz ဂီတက ရုပ်ရှင်တွေ၊ တယ်လီဗေးရှင်းရှိူးတွေ နဲ့ ကြော်ငြာ တွေမှာလည်း တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပြီးတော့ ကမ္ဘာအနှံ့မှာလည်း ဂီတပွဲတော်တွေ၊ ဖျော်ဖြေပွဲတွေနဲ့ Jazz ဂီတကို သီဆိုကြတဲ့ ကလပ်တွေကနေတတစ်ဆင့် နားဆင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ Jazz ဂီတ ကို အဓိက ဖန်တီးခဲ့ကြတဲ့ ဂီတအနုပညာရှင်တွေကတော့ အနောက်တိုင်း Jazz ဂီတပုံစံတွေရဲ့ လွှမ်းမိုးမှုအများကြီးရှိတဲ့ ဂီတစတိုင်တွေ ဖန်တီးခဲ့တဲ့ ထူးအိမ်သင်နဲ့ ၂၀၂၂ ခုနှစ်မှာ “ကာချလာမာတိကာ” ဆိုတဲ့အခွေထွက်ရှိထားပြီးတော့  Jazz ဂီတ blues ဂီတတွေနဲ့ ပက်သက်လာရင် တိုင်းသိပြည်သိ ဂီတပညာရှင်လို့ သတ်မှတ်လို့ရတဲ့  Derek Millar တို့ပဲ ဖြစ်ပါတယ်။ မြန်မာ့သမိုင်းတွေကို ပြောပြပေးနေတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Lost Footsteps နဲ့ University of Arkansas Libraries က အချက်အလက်တွေအရ ၁၉၇၁ ခုနှစ်မှာ နာမည်ကြီး အမေရိကန် jazz အဆိုတော် Count Basie က မြန်မာမင်းသား ဝင်းဦး နဲ့ ရန်ကုန်က အခြားဂီတပညာရှင်တွေနဲ့ တွေ့ဆုံပြီး မြနန္ဒာသီချင်းကို ရီဟာဆယ်တိုက်ဖို့ တွေ့ဆုံခဲ့ကြပါတယ်။ 

Jazz ဂီတအကြောင်း  ပိုပြီးလေ့လာချင်တယ်ဆိုရင်တော့ အရင်ဦးဆုံးအနေနဲ့ ဂန္ဒဝင် Jazz ဂီတအနုပညာရှင်တွေဖြစ်တဲ့ Louis Armstrong၊ Duke Ellington နဲ့ Miles Davis တို့ရဲ့ သီချင်းတွေကို နားဆင်ကြည့်သင့်ပါတယ်။ Jazz ဂီတရဲ့ သမိုင်းနဲ့ တိုးတက်ပြောင်းလဲလာပုံတွေနဲ့ ပက်သက်တဲ့ ပညာပေးအကြောင်းအရာတွေ မျှဝေပေးနေတဲ့ Jazz ရေဒီယို အစီအစဉ်တွေ၊ Podcast တွေနဲ့  YouTube ချယ်နယ်တွေလည်း အများကြီးရှိပါသေးတယ်။ 

ဦးအံ့ကြီး သီဆိုဖျော်ဖြေနေပုံ(၁၉၅၅ခုနှစ်) (ဓာတ်ပုံ- အင်တာနက်) ဒါ့အပြင် Jazz သီချင်းလေးတွေ အမြဲတမ်းဖွင့်တဲ့ ကော်ဖီဆိုင်တွေနဲ့ ဘားတွေမှာ Jazz ဂီတကို live ဖျော်ဖြေတာတွေ နားထောင်ရတာကလည်း ဒီဂီတအမျိုးအစားကနေ ရနိုင်တဲ့ အားအင်တွေနဲ့ လက်တမ်းဖျော်ဖြေပြတာကို နားထောင်ရတဲ့ ခံစားချက်ကို မျက်မြင်ကိုယ်တွေ့ ခံစားနိုင်မှာပါ။  Jazz ဂီတဆိုတာက ကျယ်ပြန့်ပြီး အမျိုးအစားမျိုးစုံပါဝင်တဲ့ ဂီတပုံစံမျိုးဖြစ်ပြီးတော့ စတိုင်နဲ့ အမျိုးအစားပုံစံငယ်တွေလည်း ရှိတာကြောင့် ဒီလိုထူးခြားတဲ့ အနုပညာဘေးတစ်ခုကို ပိုပြီးတန်ဖိုးထားတတ်ဖို့နဲ့ နားလည်နိုင်ဖို့ မတူညီတဲ့ ဂီတခေတ်တွေနဲ့  အမျိုးအစားပုံစံငယ်လေးတွေကိုလည်း ရှာဖွေနားထောင်ကြည့်ကြဖို့ အကြံပေးလိုက်ရပါတယ်။


Share

Comments

Related Posts