မြေးဖိုးဖွားတို့အတူ အချိန်ကောင်းလေးတွေ ဖန်တီးနိုင်စေဖို့

Posted in လူမှုဘဝ, လူမှုဆက်ဆံရေး


အဘိုးအဘွားတွေဆိုတာ မိမိတို့ရဲ့ဘဝအတွက် အရေးပါတဲ့ လူသားတွေဖြစ်ပြီး သူတို့နဲ့အတူ ကုန်ဆုံးရတဲ့အချိန်တွေဟာဆိုရင်လည်း ဘဝရဲ့  အမြတ်တနိုးတန်ဖိုးထားရတဲ့ အမှတ်တရတွေထဲက တချို့အဖြစ်ရှိနေပါလိမ့်မယ်။  အသက် (၅) နှစ်လောက်ထဲက မူကြိုတက် ၊ ပြီးတာနဲ့ ကျောင်းသွား၊ ကျူရှင်တက်၊ ပြင်ပအတန်းတွေအစုံတက်နေရတဲ့ အားလပ်ချိန်မရှိတဲ့ ဒီနေ့ခေတ်ရဲ့  လူနေမှုဘဝပုံစံအရ အဖိုးအဖွားတွေနဲ့ မြေးတွေ အတူတူရှိဖို့က တဖြည်းဖြည်းနဲ့ ခက်ခဲလာတာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ ကလေးတွေကို သူတို့ရဲ့ ဖိုးဖိုးဖွားဖွားတွေနဲ့ တသက်တာအမှတ်ရနေမယ့် အမှတ်တရလေးတွေရှိနေစေချင်တယ်ဆိုရင်တော့ ပျော်စရာကောင်းပြီး အဓိပ္ပာယ်ရှိတဲ့ ဒီလိုအချိန်ကောင်း လေးတွေ ဖန်တီးပေးလို့ရပါတယ်။ ဘာလေးတွေလဲဆိုတာကိုတော့ အောက်မှာ ဆက်ပြီး ဖတ်ကြည့်ပေးပါနော်။

အတူတူချက်ပြုတ်ကြမယ်

မြေးအဖိုးတတွေ ပျော်ပျော်ပါးပါး အတူတူချက်ပြုတ်ကြတာက ဖိုးဖိုးဖွားဖွားတွေနဲ့ မြေးလေးတို့ကြား သံယောဇဉ်တွေကို ပိုမိုတိုးပွားစေမယ့်အပြင် အဖိုးအဖွားတွေရဲ့ ဘဝအတွေ့အကြုံတွေကိုပါ သင်ပြပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ မြေးလေးတွေနဲ့ တူတူချက်ပြုတ်ရင်း မိသားစုရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ သူတို့ရဲ့ ဟင်းချက်အတွေ့အကြုံတွေကို လက်ဆင့်ကမ်းပေးနိုင်မှာမို့လို့ ဒီနည်းလမ်းက မိသားစုရဲ့ ဓလေ့ထုံးတမ်းတွေကို ဆက်လက်ရှင်သန်နေစေမှာဖြစ်ပြီး နောင်လာမယ့် မျိုးဆက်သစ်တွေကိုပါ ဆက်လက်လက်ဆင့်ကမ်းသွားစေနိုင်မှာပဲဖြစ်ပါတယ်။ 

ဂိမ်းတူတူဆော့ခြင်း

စစ်တုရင်လို၊ ကျားကွက်လိုမျိုး board game တွေတူတူဆော့တာမျိုး ၊ အခြားဂိမ်းတွေနဲ့ ပဟေဠိတွေတူတူဆက်ကြတာမျိုးကလည်း ဖိုးဖိုးဖွားဖွားနဲ့ မြေးလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်တူတူကုန်ဆုံးနိုင်စေမယ့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒါက အမှတ်တရတွေဖန်တီးဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ရုံတင်မကဘဲ အဖိုးအဖွားတွေရဲ့ မှတ်ဉာဏ်တွေကိုလည်း ပိုမိုတိုးတက်စေနိုင်မှာပဲဖြစ်ပါတယ်။ ဖိုးဖိုးဖွားဖွားတို့က ဂိမ်းအသစ်တွေရော မြေးလေးတွေကို ပြန်သင်ပြနိုင်မှာဖြစ်ပြီး  မိုနိုပိုလီလို board game ဆော့ရင်းနဲ့လည်း မြေးလေးတွေကို ငွေရေးကြေးရေးအကြောင်းကို သင်ပေးနိုင်မှာပဲဖြစ်ပါတယ်။  ဘယ်တော့မှရိုးမသွားမယ့် board game နောက်တစ်ခုကတော့ Scrabble ဖြစ်ပြီး ဆော့ကစားရင်း စာလုံးပေါင်းသတ်ပုံနဲ့ ဝေါဟာရတွေကို ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်မှာပဲဖြစ်ပါတယ်။

ပုံပြင်ပြောပြမယ်

စာတူတူဖတ်တာက ကလေးတွေရဲ့ တီထွင်ကြံဆနိုင်စွမ်းကို မြင့်မားစေပြီး စိတ်ကူးစိတ်သန်းတွေကို တိုးပွားစေနိုင်ပါတယ် ။ ဖိုးဖိုးဖွားဖွားတွေက မြေးလေးတွေကို သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကိုသုံးပြီး  ပုံပြင်ထဲက ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဇာတ်ကောင်တွေကို မြင်ယောင်ကြည့်ဖို့ ပြောပြပေးရင်း မြေးလေးတွေကို အယူအဆအသစ်တွေ၊ အကြံဉာဏ်အသစ်တွေကို  သင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ပုံပြင်ပြောပြရင်းနဲ့ သိပ္ပံပညာရပ်ဆိုင်ရာ အကြောင်းအရာအသစ်တွေ၊ သမိုင်းကြောင်းတွေ၊ ပထဝီနဲ့ မြေမျက်နှာပြင်ဆိုင်ရာ ဗဟုသုတတွေကိုလည်း ပြောပြနိုင်ပါသေးတယ်။

သဘာဝတရားကို တူတူ စူးစမ်းရှာဖွေကြမယ်

အတူတူအပြင်ထွက်လမ်းလျှောက်တာ ဒါမှမဟုတ် သဘာဝတရားကို တူတူခံစားကြတာမျိုးက လေ့ကျင့်ခန်းလည်း လုပ်ရင်း မြေးလေးတွေကို သဘာဝတရားနဲ့ သဘာဝတရားကြီးရဲ့ အံ့ဩဖွယ်ရာတွေကို သင်ပေးနိုင်မယ့် အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ဖိုးဖိုးဖွားဖွားတွေအနေနဲ့ သူတို့ရဲ့ ဗဟုသုတတွေနဲ့ သဘာဝတရားကို တန်ဖိုးထားတဲ့စိတ်တွေကိုလည်း ဝေမျှပေးနိုင်မှာပဲဖြစ်ပါတယ်။ 

အနုပညာတူတူဖန်တီးကြမယ်

ဆေးရောင်စုံခြယ်တာ၊ ပုံဆွဲတာနဲ့ လက်မှုပညာတွေဖန်တီးတာမျိုးတွေကလည်း မြေးအဖိုးတတွေ တူတူလုပ်နိုင်တဲ့ ပျော်စရာကောင်းတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဖိုးဖိုးဖွားဖွားတွေအနေနဲ့ သူတို့ရဲ့ အနုပညာအရည်အသွေးတွေကို မြေးလေးတွေကို မျှဝေပေးနိုင်ပြီး သူတို့လေးတွေ တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားအောင်လည်း လှုံ့ဆော်ပေးနိုင်ပါသေးတယ်။ ဒီအခိုက်အတန့်လေးက  နောင်နှစ်ပေါင်းများစွာကြာတဲ့အထိ တန်ဖိုးထားဖြစ်နေမယ့် အမှတ်တရလက်ဆောင်တွေဖန်တီးနိုင်မယ့် အခွင့်ကောင်းတစ်ရပ်လည်းဖြစ်ပါတယ်။

ခရီးတူတူသွားမယ်

ခရီးတူတူသွားဖို့ စီစဉ်တာမျိုးကလည်း ဖိုးဖိုးဖွားဖွားတွေနဲ့ မြေးလေးတွေကြား အမှတ်တရကောင်းတွေချန်ထားဖို့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက်တာ ခရီးပဲဖြစ်ဖြစ် အဲ့ဒီထက်ပိုကြာတဲ့ ခရီးစဉ်ပဲဖြစ်ဖြစ် တူတူသွားဖို့စီစဉ်ရင်း ခရီးအတွက်အတူတူပြင်ဆင်တာမျိုးက တကယ့်ကို ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာ အတွေ့အကြုံတစ်ခုဖြစ်စေမှာပါ။ ဒီခရီးကနေ ဘဝတစ်သက်စာ ကြာရှည်နေမယ့် အမှတ်တရတွေကိုလည်း သယ်ဆောင်လာနိုင်မယ်လို့ ထင်ပါတယ်။

ဖိုးဖိုးဖွားဖွားတွေနဲ့ အချိန်တူတူကုန်ဆုံးတာမျိုးက ကလေးတွေအတွက် မိသားစုသံယောဇဉ်ကို ပိုမိုခိုင်မာစေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်တာမို့လို့ အပေါ်မှာပြောထားတဲ့ လှုပ်ရှားမှုလေးတွေကတစ်ဆင့် နောင်နှစ်ပေါင်းများစွာကြာတဲ့အထိ အမှတ်ရနေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလေးတွေကို ဖန်တီးသွားနိုင်မှာပဲဖြစ်ပါတယ်။


Share

Comments

Related Posts