ကလေးငယ်တွေ ရွှံ့တု/ဂျုံတု နဲ့ ဆော့ကစားခြင်းရဲ့ အကျိုးကျေးဇူးများ

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်ပညာရေး


ဂျုံတုနဲ့ ဆော့ကစားခြင်းက လက်ပေရုံပဲလို့ တချို့က ယူဆကြလို့ ကလေးငယ်တွေ ဂျုံတုဆော့တာကို အားမပေး ချင်တတ်ကြပါဘူး။ ဒီလိုဆော့ပေးခြင်းက ကလေးငယ်တွေကို ပျော်ရွှင်စေရုံသာမက သူတို့လေးတွေရဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အများကြီး အထောက်အကူပြုပါတယ်။ ကလေးငယ်တွေ ဂျုံတုနဲ့ ကစားပေးခြင်းကနေ ရရှိလာမယ့် အဓိကအကျိုးကျေးဇူးတွေကို ကြည့်လိုက်ကြရအောင်။

လှုပ်ရှားမှုများ ဟန်ချက်ညီစေခြင်း 

 (၂-၃) နှစ်အရွယ် မတ်တပ်သွားကလေးငယ်တွေကို ဂျုံတုနဲ့ စတင်ဆော့ခွင့်ပြုလို့ရပါပြီ။ ကလေးငယ်တွေ ဂျုံတု ကို ဆုပ်ကိုင်ပြီး ဆော့ကစားတဲ့အခါ လက်ချောင်းလေးတွေ၊ လက်ကောက်ဝတ် နဲ့ လက်မောင်းတွေ တို့လို လက် အစိတ်အပိုင်းတွေကို ကောင်းကောင်း အသုံးပြုနိုင်စေပါတယ်။ ဥပမာအားဖြင့် ကျောင်းမနေခင်မှာ ဂျုံတုနဲ့ဆော့ တဲ့ကလေးက ခဲတံကို မြဲမြဲကိုင်နိုင်တာလိုမျိုးပေါ့။ ကလေးတွေက ဂျုံတုတွေကို လက်နဲ့ ညှစ်တာ၊ နယ်တာ၊ လှိမ့် တာ၊ အပြား ရိုက်တာစတဲ့ ပုံစံမျိုးစုံနဲ့ ဆော့ကစားကြတဲ့အခါ သူတို့လေးတွေနဲ့ လက်မောင်းနဲ့ ပုခုံးကြွက်သားတွေ ကိုလည်း သန်မာစေပါသေးတယ်။ ပြီးတော့ ဂျုံတုလေးတွေကို ပုံဖော်တဲ့အခါ မျက်စိသေချာကြည့်၊ အာရုံစူးစိုက် ပြီး လုပ်ရတာကြောင့် အမြင်အာရုံနဲ့ လက်တွေ့ လုပ်ဆောင်မှုကြား ဟန်ချက်ညီညီ ချိတ်ဆက် လှုပ်ရှားတတ်စေပါ တယ်။

သင်္ချာသဘောတရားနဲ့ စောစီးစွာ ထိတွေ့ပေးနိုင်ခြင်း 

ဂျုံတုတွေကို အဝိုင်းပုံ၊ အလုံးပုံ၊ လေးထောင့်ပုံ နဲ့ အခြားအခြားသော ပုံသဏ္ဍာန်မျိုးစုံ ပုံဖော်နိုင်လို့ ကလေးတွေ ကို ကျောင်းမနေခင် သင်္ချာသဘောတရားကို ပေါ့ပေါ့ပါးပါး ဆော့ကစားရင်းနဲ့ စတင်မိတ်ဆက်ပေးနိုင်တာပေါ့။ ပုံသဏ္ဍာန်တွေအပြင် အနည်း၊ အများသဘောတရားတွေ၊ တစ်ခု၊ နှစ်ခု ရေတွက်ခြင်းနဲ့ အရောင်တွေကိုလည်း ဂျုံတုကစားခြင်းကနေ သင်ပြပေးလို့ရပါတယ်။ ဒါဆိုရင် သင်္ချာဆိုတာ ကျောင်းရောက်မှ သင်ရတဲ့ ကြောက်စရာ အတွက်အချက်တွေဆိုတာထက် ပျော်စရာကောင်းတဲ့ အကြောင်းတစ်ခုအဖြစ် ကလေးကို မိတ်ဆက်ပေးပြီးသား ဖြစ်သွားပါပြီ။

ရှင်းနိုင်စွမ်း အားကောင်းစေခြင်း 

ဂျုံတုနဲ့ ဆော့တဲ့အခါ ဘယ်လိုဆော့မှမှန်ကန်မယ်ဆိုတာ မရှိပါဘူး။လိုချင်တဲ့ပုံစံ၊ လိုချင်တဲ့အရောင်ကို မတူညီတဲ့ နည်းလမ်း မျိုးစုံနဲ့ ပုံဖော်လို့ပါတယ်။ ဒါကြောင့် သူတို့လေးတွေ အခက်အခဲတစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အခါ ဖြေရှင်းဖို့ နည်းလမ်းက တစ်ခု တည်း မဟုတ်ဘူးဆိုတာ သင်ယူပြီးသား ဖြစ်စေပါတယ်။ ကလေးက သူလိုချင်တဲ့ တစ်ခုခုကို ဂျုံနဲ့ ပုံဖော်နေရင်း လိုချင်တဲ့ပုံ စံကနေ လွဲချော် သွားတာမျိုးဆိုရင်လည်း အလွယ်တကူ ပြန်ပြင်နိုင်တာကြောင့် မှားယွင်းသွားမှာ ကြောက်စရာမလိုဘူးလို့ သိသွားစေပါတယ်။ ဒီလိုအသိတွေကို တကူးတကကြီးသင်ကြားပေးတာမဟုတ်ဘဲ ကျောင်းမနေခင်အရွယ်မရောက်ခင် ကတည်းက ဆော့ကစားရင်း သင်ယူသွားနိုင်ခြင်းဟာ ဂျုံတုနဲ့ကစားခြင်းက ရရှိမယ့် ကောင်းကျိုးတစ်ခုပဲ ဖြစ်ပါတယ်။

စိတ်ခံစားမှုတွေကို ဖော်ပြတဲ့ နည်းလမ်း 

၂ နှစ်- ၃နှစ်အရွယ် မတ်တပ်ပြေးကလေးငယ်တွေက စကားစပြောတတ်ပြီဆိုပေမယ့် သူတို့လေးတွေရဲ့ စိတ်ခံစားမှုတွေ ကိုတော့ ဂဃနဏ မပြောနိုင်ကြသေးပါဘူး။ ဒါကြောင့် ကလေးငယ်တွေရဲ့ စိတ်ခံစားချက်ကို သူတို့လေးတွေ ဆွဲထားတဲ့ ပုံလေးတွေနဲ့ ပန်းချီလေးတွေ၊ သူတို့ဆော့ကစားတဲ့ပုံစံ စတာတွေကနေတဆင့် ခန့်မှန်းကြည့်ရပါတယ်။ ဂျုံတုနဲ့ ဆော့ကစား ခြင်းဟာ ကလေးတွေရဲ့ စိတ်ခံစားမှုတွေ၊ အတွေးတွေကို ဖော်ပြပေးနိုင်တဲ့ အခြားဘာသာစကားတစ်ခုလို့ ပြောလို့ရပါတယ်။ သူတို့လေးတွေ ရွေးချယ်လိုက်တဲ့ ဂျုံတုရဲ့ အရောင်အတွဲအစပ်တွေ၊ ဂျုံတုနဲ့ ပြုလုပ်တဲ့ အရုပ်လေးတွေရဲ့ မျက်နှာသွင်ပြင် စတာတွေက ကလေးတွေရဲ့ အတွေးနဲ့ ခံစားမှုတွေကို ဖော်ပြနေပါတယ်။

တီထွင်ဖန်တီးမှုနဲ့ စိတ်ကူးနိုင်စွမ်း တိုးတက်စေတယ် 

ဂျုံတုတွေဆိုတာ ပုံသဏ္ဍာန်အတည်တကျမရှိတာကြောင့် ကစားသူစိတ်ကြိုက် ပုံဖော်ဖန်တီးလို့ရပါတယ်။ ဒါကြောင့် ဂျုံတုနဲ့ ကစားတဲ့ ကလေးက သူစိတ်ကူးရှိတဲ့အတိုင်း ကြိုက်နှစ်သက်ရာ အရုပ်ပုံကို ဖန်တီးလို့ရပါတယ်။ သူတို့စိတ်ဝင်စားရာ၊ ဝါသနာပါရာ ပုံစံလေးတွေရအောင် ကန့်သတ်ချက်နဲ့ စည်းမျဥ်းတွေမရှိဘဲ အရောင်မျိုးစုံကိုတွဲစပ်ပြီး နည်းလမ်းပေါင်းစုံနဲ့ လွတ်လွတ်လပ်လပ် ဖန်တီးလို့ရတာကြောင့် ဂျုံတုကစားခြင်းဟာ ကလေးငယ်တွေရဲ့ တီထွင်ဖန်တီးမှုကို တိုးတက်စေတဲ့ ကစားနည်းတစ်ခုပါ။ အပြင်မှာ လက်တွေ့ရှိနေတဲ့ ခွေးရုပ်၊ ကြောင်ရုပ်မှ မဟုတ်ဘဲ ကလေးငယ် စဥ်းစားမိသမျှ ဘာကို မဆို အကန့်အသတ်မရှိ ပုံဖော်နိုင်လို့ သူတို့လေးတွေရဲ့ စိတ်ကူးနိုင်စွမ်းကို တိုးတက်စေတဲ့ ကစားနည်းဆိုရင်လည်း မမှားပါဘူး။

အပေါင်းအသင်းဖွဲ့တတ်စေတယ် 

ဂျုံတုနဲ့ ဆော့ကစားခြင်းက တစ်ယောက်တည်းလည်း ဆော့လို့ရတယ်ဆိုပေမယ့် အုပ်စုလိုက်ဆော့မယ်ဆိုရင် ပိုပျော်ဖို့ ကောင်းတဲ့ ကစားနည်းပါ။ သူတို့ ဘယ်လိုအရာတွေ၊ ဘာပုံတွေကို လုပ်ချင်တယ်ဆိုတာ ကလေးတွေအချင်းချင်း ညှိနှိုင်းတိုင် ပင်ရင်း၊ အတူတကွ ပူးပေါင်းလုပ်ဆောင်ရင်း ကလေးတွေရဲ့ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်ကို တိုးတက်လာစေပါတယ်။ တစ်ယောက်တည်းဆိုရင် အရုပ်နည်းနည်းပဲ လုပ်လို့ရပေမယ့် သူတို့သာ အတူတူဆော့မယ်ဆိုရင် တိရိစ္ဆာန်ဥယျာဥ် ပုံစံငယ် လေးတွေ၊ ကစားကွင်း ပုံစံငယ်လေးတွေတောင် လုပ်လို့ရတာမို့ ပူးပေါင်းလုပ်ဆောင်လိုက်ရင် ပိုကောင်းတဲ့ ရလဒ်ထွက်လာ မယ်ဆိုတာကို သင်ယူမိပြီးသား ဖြစ်သွားတာပေါ့။

ကလေးတွေကို အရွယ်အလိုက် လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပေးရပါမယ်။ ဆော့ကစားခြင်းဟာ ရုပ်ပိုင်းဆိုင် ရာ သန်မာစေရုံသာမက၊ စိတ်ပိုင်းဆိုင်ရာကိုလည်း ကြံ့ခိုင်ကျန်းမာစေတာကြောင့် ကလေးငယ်တွေ ကစားခြင်းဟာ ဆူညံစေ ရုံ၊ ပေပွစေရုံဆိုတာထက် အများကြီး အဓိပ္ပါယ်ရှိပါတယ်။ သူ့အားသာချက်နဲ့သူရှိတဲ့ ကစားနည်းမျိုးစုံထဲကမှ ဒီတစ်ခေါက် တော့ ဂျုံတုနဲ့ ကစားခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားသာချက်တွေကို ဖော်ပြထားတာမို့ ကိုယ့်ရဲ့ မတ်တပ်ပြေး အရွယ် ကလေးငယ်တွေဆော့ဖို့ ဂျုံတုလေးတွေ ဝယ်လိုက်ကြရအောင်နော်။ 


Share

Comments

Related Posts