
ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုသလိုပဲ ဆံသားကျန်းမာရေးက အမျိုးသား၊ အမျိုးသမီးမရွေး ဘယ်လိုအသက်အရွယ်မှာမဆို ဂရုတစိုက် ထိန်းသိမ်းသင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပါ။ ဆံသားတွေ အဆီပြန်တယ်၊ ခြောက်တယ်၊ ကျွတ်တယ်၊ ဗောက်ထတယ်၊ အဖျားနှစ်ခွဖြစ်တယ်၊ ကြမ်းတမ်းတယ် စသဖြင့် နေဒဏ်၊ ရေဒဏ်၊ အစားအသောက်၊ အနေအထိုင်ကြောင့်ရော၊ ကိုယ်တွင်း ဗီတာမင်ဓာတ်တွေ ချို့တဲ့တာကြောင့်ပါ ဖြစ်လာတတ်တဲ့ ဆံသားပြဿနာတွေက အမျိုးမျိုးဖြစ်နေစမြဲပါပဲ။ ဒီတော့ ဆံသားအတွက်ဆိုရာမှာ သူတို့ရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဦးရည်ပြားကျန်းမာရေးကိုပါ ထည့်သွင်းစဥ်းစားရမှာဖြစ်လို့ အစားအသောက်၊ အနေအထိုင်ကောင်းတွေနဲ့အတူ ဦးရည်ကို နှိပ်နယ် သန့်စင်ကာ အားဖြည့်ပေးဖို့ သဘာဝကရတဲ့ အဆီအနှစ်တွေရဲ့ အကူအညီတွေကိုလည်း မဖြစ်မနေ ရယူရမှာပါ။ ဒါကြောင့် ဆံသားလေး တောက်ပကျန်းမာနေအောင် အားဖြည့်ပေးမဲ့ သဘာဝအဆီအနှစ်တွေအကြောင်းကို ဒီတစ်ခေါက် ဆောင်းပါးလေးကနေ မျှဝေလိုက်ပါရစေ။

ထောလပတ်ရွက်ဆီ
ဒီလိုသဘာဝကရတဲ့ ဆေးဖက်ဝင် ထောလပတ်ရွက်ဟာ ဆံသားကို သန်စွမ်းနက်မှောင်စေပြီး ဆံပင်ကျွတ်တာပါ သက်သာလျော့နည်းစေတာပါ။ ဒီအဆီကို ခေါင်းမလျှော်ခင် ဆံပင်မှာ လိမ်းပြီး နှိပ်နယ်ပေးမယ်ဆို ဆံသားနဲ့ ဦးရည်ပြားအတွက် အကျိုးကျေးဇူးကောင်းတွေ ရစေပြီး ဆံပင်သန်စေကာ ဗောက်ထတာကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။ ဆံသားတွေအပြင်ကိုမှ မျက်ခုံးနဲ့ မျက်တောင်တွေ ထူထဲနေအောင် အုန်းဆီနဲ့ အနည်းငယ်ရောပြီး လိမ်းပေးနိုင်ပါသေးတယ်။
အုန်းဆီ
အုန်းဆီကတော့ ဆံသားနဲ့ ဦးရည်ပြား ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုတာ အားလုံးသိထားပြီးသား ဖြစ်မှာပါ။ ဆံသားကို အစိုဓာတ်ဖြည့်ပေးပြီး ပြင်ပ စိုထိုင်းဆတွေကြောင့် ဆံပင်တွေ ပြတ်ထွက်၊ ကြမ်းတမ်းတာတွေ ကာကွယ်ပေးပါတယ်။ ဒါကြောင့် သန့်စင်တဲ့ အုန်းဆီစစ်စစ်ကို မကြာခဏလိမ်းပြီး နှိပ်နယ်ပေးမယ်ဆို ဦးရည်ပြားပေါ်က အညစ်အကြေးနဲ့ မမြင်ရတဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးပြီး သာမန်ဗောက်ထခြင်းတွေကိုပါ လျော့နည်းသွားအောင် ကူညီပေးတာပါ။

လက်ဖက်ဆီ
Tea Tree Oil လို့လည်း ခေါ်တဲ့ လက်ဖက်ပင်ရဲ့ အဆီအနှစ်ဟာလည်း ထင်မထားလောက်အောင် ဆံသားကျန်းမာရေးအတွက် ပုံမှန်လေး လိမ်းပေးသင့်တဲ့ အဆီတစ်မျိုးပါ။ ဆံပင်ကျွတ်တာကို ကာကွယ်ပေးပြီး ဆံပင်အသစ်လေးတွေ ပေါက်အောင်နဲ့ ဆံပင်အရှည်မြန်အောင် လုပ်ဆောင်ပေးပါတယ်။ ဒီလက်ဖက်ဆီကိုပဲ ခေါင်းလျှော်ရည်နဲ့ တွဲဖက်သုံးတာဖြစ်ဖြစ်၊ Hair Mask အနေနဲ့လည်း မိနစ်အနည်းငယ် ပေါင်းတင်တာဖြစ်ဖြစ် ဆံသားကို အစိုဓာတ်ထိန်းပေးကာ ဗောက်ထတာ၊ ဆံပင်ကျွတ်လွယ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။
ထောပတ်သီးဆီ
ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ လိုအပ်တဲ့ အဆီဓာတ်တွေ ကြွယ်ကြွယ်ဝဝ ပါဝင်နေတဲ့ ထောပတ်သီးကိုလည်း ဆံသားအတွက် အဆီအနေနဲ့ ဖန်တီးအသုံးချနိုင်တာပါ။ ဦးရည်ပြားခြောက်သွေ့တာ၊ ယားယံတာနဲ့ ဗောက်ထတာကို လျော့ချပေးတဲ့အပြင် သူ့မှာပါတဲ့ သဘာဝဓာတ်တွေက ဆံသားတွေရဲ့ ရေရှည် ကျန်းမာသန်စွမ်းဖို့နဲ့ ဦးရည်ပြားကျန်းမာရေးကိုပါ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒီထောပတ်သီးဆီကိုလည်း ခြောက်သွေ့တတ်တဲ့ ဆံသားပေါ်မှာ အုန်းဆီနဲ့ တွဲဖက်ပြီး Hair Mask လိုမျိုး အသုံးပြုကာ နှိပ်နယ်ရင်း ပုံမှန်အသုံးပြုပေးနိုင်ပါတယ်။

သံလွင်ဆီ
အခုနောက်ပိုင်း ခေါင်းလျှော်ရည်တွေမှာလည်း ထည့်သွင်းအသုံးပြုလာကြတဲ့ သံလွင်ဆီဟာလည်း ဆံသားကျန်းမာရေးအတွက် အရေးပါတဲ့အဆီတစ်မျိုးပါ။ သူ့မှာပါဝင်တဲ့ အစိုဓာတ်ဖြည့်ပေးတဲ့ ဂုဏ်သတ္တိတွေက ဆံသားတွေ ပြတ်ထွက်တာ၊ ခြောက်သွေ့တာကို တားဆီးပေးပါတယ်၊ တစ်ခုရှိတာကတော့ ဦးရည်ပြားအဆီပြန်တတ်တဲ့ ဆံသားပိုင်ရှင်တွေဆို သံလွင်ဆီကို recommend မပေးချင်ပါဘူး။ ဒါပေမဲ့ ဆံသားခြောက်သွေ့တတ်သူတွေအတွက် ရေဓာတ်ကို ထိန်းသိမ်းပေးပြီး ဆံပင်လေးတွေ ကြည့်ကောင်းနေအောင် ထိန်းသိမ်းပေးထားနိုင်လို့ အသုံးဝင်တဲ့ သဘာဝအဆီတစ်မျိုးပါပဲ။
စျေးကြီးပေးဝယ်ရပြီး ဓာတုပစ္စည်းတွေ ပါဝင်မှုများတဲ့ ဆံသားအတွက်ထုတ်ကုန်တွေထက်စာရင် ကိုယ့်သဘာဝပတ်ဝန်းကျင်ကနေ ရရှိနေတဲ့ အဆီအနှစ်တွေက ထိရောက်မှုရှိပြီး ကုန်ကျစရိတ်လည်း သိပ်မများစေတာတော့ အမှန်ပါ။ နောက်ပြီး ဒီလို သဘာဝအဆီတွေ လိမ်းတဲ့အခါ ကိုယ့်ဦးရည်ပြားနဲ့ ဆံသားအမျိုးအစားပေါ်မူတည်ပြီး လိုက်ဖက်သင့်တော်တာကို ရွေးချယ်နိုင်ဖို့လည်း အကြံပြုရင်း မှန်ကန်တဲ့ အစားအသောက်၊ အနေအထိုင်ကာ ပေါင်းစပ်ကာ ကျန်းမာတောက်ပတဲ့ ဆံသားလေးတွေ ပိုင်ဆိုင်ကြပါစေနော်။
Comments