အလှအပအတွက် Collegenရဲ့ အကျိုးကျေးဇူးတွေ

Posted in ကျန်းမာရေး, အလှအပရေးရာ


အခုခေတ်မှာ မိန်းကလေးတော်တော်များများကြား နာမည်ကြီးလာတဲ့ ကော်လဂျင် (Collegen) ဆိုတာ အလှအပအတွက် ဘယ်လိုအသုံးဝင်လဲဆိုတာ အတိအကျသိကြသူတွေရှိသလို မသိကြသူတွေလည်း ရှိမှာပါ။ ကော်လဂျင်ဆိုတာဟာ လူ့ခန္ဓာကိုယ်မှာ သဘာဝအတိုင်းရှိနေပြီး အရွယ်တင်နုပျိုမှုကို အထောက်အပံ့ပေးနေတဲ့ ပရိုတင်းဓာတ်တစ်မျိုးဖြစ်ကာ အသက်အရွယ်ရလာတာနဲ့ ဒီကော်လဂျင်ဓာတ်က လျော့နည်းလာနိုင်ပါတယ်။ အများစု အသုံးပြုနေကြတဲ့ လိမ်းဆေးတွေ၊ ထိုးဆေးတွေဆိုတာဟာ ဆေးလိမ်းလိုက်တဲ့၊ ဆေးထိုးလိုက်တဲ့ မျက်နှာဆို မျက်နှာ၊ အရေပြားတစ်နေရာဆို တစ်နေရာကိုပဲ ခဏတာ ကော်လဂျင်ပေးစွမ်းနိုင်တာပါ။ ဒီတော့ ကော်လဂျင်သောက်ဆေးတွေကသာ ခန္ဓာကိုယ်တစ်ခုလုံးကို အကျိုးပြုပရိုတင်းဓာတ်တွေ ဖြည့်တင်းပေးနိုင်ကာ အရိုး၊ ကြွက်သား၊ အရေပြားနဲ့ ဆက်စပ်တစ်ရှူးတွေကို ရေဓာတ်ဖြည့်ပြီး ကျုံ့နိုင်၊ ဆန့်နိုင်၊ သန်မာနိုင်စေပါတယ်။ ဆိုတော့… ကိုယ့်ကိုယ်ခန္ဓာထဲကို သောက်သုံးနေတဲ့ ကော်လဂျင်အကြောင်းကို ဒီ့ထက်ပိုပြီး တိတိကျကျသိရအောင်နဲ့ ဒါကို သောက်သုံးတဲ့အခါ ဘာတွေဂရုပြုသင့်လဲဆိုတာ ဒီဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်လိုက်ရ‌‌‌‌‌အောင်။

သူ့အကြောင်းနဲ့ အကျိုးကျေးဇူးတွေ

ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ပရိုတင်းအားလုံးရဲ့  ၂၅% ကနေ ၃၅% အထိမှာ ကော်လဂျင်ဓာတ်ပါဝင်ပြီး ကိုယ်တွင်းမှာရှိတဲ့ ဆဲလ်တွေ ဖွံ့ဖြိုးတည်ဆောက်တဲ့နေရာမှာ အရေးပါ ပါတယ်။ ဒါကြောင့် သူ့ရဲ့ အကျိုးကျေးဇူးတွေမှာဆို 

  • အရေပြားကျုံ့နိုင်၊ ဆန့်နိုင်ခြင်းကို ကူညီပေးတယ် - အသားရည်ကို ပျော့တွဲကာ အရေပြားကို ပါးမသွားစေဘဲ တောင့်တင်းစိုပြေစေဖို့ ကော်လဂျင်က အထောက်အကူပြုပါတယ်။ 
  • အရေးအကြောင်းတွေ လျော့ချပေးတယ် -  ကိုယ်တွင်းမှာ ကော်လဂျင် ပေါပေါများများရှိမယ်ဆို အသားရည်ကို ချောမွတ်အောင် ပြုလုပ်ပေးပြီး အထူးသဖြင့် မျက်လုံးနဲ့ ပါးစပ်နားမှာရှိတဲ့ အရေးအကြောင်းတွေကို လျော့ချပေးပါတယ်။
  • ရေဓာတ်ဖြည့်တင်းပေးတယ် - အသားရည်ကို ခြောက်သွေ့မွဲခြောက်မသွားစေဖို့ ကော်လဂျင်က Hyaluronic acidကို သဘာဝအတိုင်း ဖြည့်တင်းပေးပြီး ကြည်လင်တောက်ပစေဖို့ အားပေးတာပါ။
  • အသားရည်ကို ပြန်လည်ကျန်းမာစေတယ် - အကြောင်းအမျိုးမျိုးကြောင့် အရေပြားပေါ်မှာ နေလောင်တာ၊ ဝက်ခြံပေါက်တာ၊ ထိခိုက်ရှနာတွေကနေ သဘာဝအတိုင်း အမြန်ဆုံးပြန်လည်ကျန်းမာစေပြီး ပြုပြင်ထိန်းသိမ်းပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

ကော်လဂျင် ကုန်ခမ်းမှု

ကိုယ်ခန္ဓာမှာ သဘာဝအတိုင်း ရှိနေခဲ့တဲ့ ကော်လဂျင်ဟာ အသက်အရွယ်အားဖြင့် ၂၅နှစ် ဝန်းကျင်ရောက်လာတဲ့အခါ ကော်လဂျင် level စတင် လျော့ပါးလာပါတယ်။ ဒါဟာ ပြင်ပပတ်ဝန်းကျင်နဲ့ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ၊ အစားအသောက်နဲ့ အနေအထိုင်မှားယွင်းမှုကြောင့် ဖြစ်စေ ကော်လဂျင် လျော့နည်းလာနိုင်တာပါ။

  • နေရောင်အောက်မှာ ကြာရှည်စွာ အလုပ်လုပ်ရသူများဆို UV exposure ကြောင့် ကော်လဂျင် fiberတွေကို ပျက်စီးစေတာ၊
  • ညစ်ညမ်းတဲ့လေကို ရှူရှိုက်ပါများတာနဲ့ ဆေးလိပ်သောက်တာ၊
  • အစားအသောက်စားတဲ့အခါ Protein နဲ့ Antioxidants ဓာတ်တွေ မပါဝင်တာ၊
  • စိတ်ဖိစီးမှုများတာနဲ့ အိပ်ရေးပျက်တာ များလာတာတွေကြောင့် ကော်လဂျင် ကုန်ခမ်းပြီး အရွယ်မတိုင်ခင် အိုမင်းရောင့်ရော်ခြင်းကို အဖြစ်များစေတာပါပဲ။

သဘာဝအတိုင်း ကော်လဂျင်ဖြည့်မယ်ဆို

ကော်လဂျင်ဓာတ်တွေ ပေါကြွယ်ဝစွာ ပါဝင်တဲ့ အရိုးပြုတ်ရည်၊ ကြည်ဥအကာရည်၊ ငါးအရည်ခွံနဲ့ စိမ်းစိုတဲ့ အသီးအရွက်တို့ကနေ ကိုယ်တွင်းကော်လဂျင်ဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။

  • ကော်လဂျင်ထုတ်လုပ်မှုအတွက် အားဖြည့်ပေးပြီး အသားရည်ပြန်လည်ကျန်းမာလာစစေမယ့် Retinol နဲ့ Vitamin C ပါဝင်တဲ့ပစ္စည်းတွေ အသုံးပြုတာ၊
  • ပူပြင်းတဲ့ နေရောင်နဲ့ အသားရည်တိုက်ရိုက်ထိပြီး ကော်လဂျင်ပျက်စီးတာတွေ မဖြစ်ရအောင် ထီး၊ ဦးထုပ်အသုံးပြုခြင်းအပြင် အရည်အသွေးစိတ်ချရတဲ့ နေလောင်ကာခရင်မ်တို့ကို မဖြစ်မနေလိမ်းတာ၊
  • ကော်လဂျင်ဓာတ်အတွက် ဆေးမှီဝဲမယ်ဆို ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်တဲ့ Hydrolyzed Collagen အမျိုးအစားကို အသက် ၄၀နှစ်အထက်ဆို စိတ်ချလက်ချသောက်သုံးနိုင်ပါတယ်။ 

၁၂နှစ်အောက်ကလေးငယ်များနဲ့ ကိုယ်ဝန်ဆောင်များအတွက်ဆို ကော်လဂျင်ဆေးဝါးသောက်သုံးတာ ရှောင်သင့်ပြီး အသက်၂၅နှစ်နဲ့ အသက်၄၀မတိုင်ခင်ကြား ကော်လဂျင်မှီဝဲမယ်ဆို ကိုယ့်ကျန်းမာရေးနဲ့ သင့်တော်မတော်နဲ့ ဘယ်လောက်ပမာဏ သောက်သုံးသင့်ကြောင်းကို ကျွမ်းကျင်ရာဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အရေးကြီးဆုံးအနေနဲ့ ကိုယ်ခန္ဓာကို ‌ရေဓာတ်အမြဲဖြည့်တင်းပေးတာ၊ အိပ်ရေးဝဝအိပ်တာကလည်း ကော်လဂျင်တည်ဆောက်ခြင်းနဲ့ ထိန်းသိမ်းခြင်းကို အထောက်အကူပြုတာမို့ ဒီအချက်တွေအားလုံးကို လိုက်နာဆောင်ရွက်နိုင်ရင် ကော်လဂျင်ကို သဘာဝအတိုင်း ထိန်းသိမ်းဖြည့်တင်းနိုင်ပါတယ်။

နုပျိုတဲ့ အသားရည်အတွက် အဖော်မွန်ဖြစ်တဲ့ ကော်လဂျင်ဟာဆိုရင်ဖြင့် အသားရည်တင်းရင်းစေပြီး အရေပြားကျန်းမာရေးအတွက် အကျိုး‌ကျေးဇူးကောင်းတွေ ရှိနေတာ ဒီဆောင်းပါးကနေ ပိုသိရှိသွားမယ်ထင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်‌တွေစားမယ်၊ အသားရည်ကို သေချာထိန်းသိမ်းမယ်၊ ကော်လဂျင်ဓာတ်ကို မြင့်တင်ပေးမယ့် ဆေးဝါးကောင်းတွေသာ မှန်မှန်မှီဝဲမယ်ဆို ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာနဲ့ နုပျိုလန်းဆန်းတဲ့ အသားရည်ကို ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေနော်။


Share

Comments

Related Posts