
Career (အသက်မွေးဝမ်းကြောင်းမှု) ပြောင်းတော့မယ်ဆိုရင် အသက်အရွယ်တစ်ခုရောက်နေပြီမို့၊ လက်ရှိ Career မှာ ရင်းနှီးမြုပ်နှံထားတာတွေ များလို့၊ နှမြောလို့ စတဲ့ အကြောင်းပြချက်တွေကြောင့် အလုပ်ပြောင်း တာထက် စဥ်းစားစရာတွေ ပိုများပါတယ်။ Career ဆိုတာ ခု တမျိုး တော်ကြာတမျိုး ခုန်ကူးနေဖို့လိုတာမျိုး တော့ မဟုတ်ပါဘူး။ လက်ရှိအလုပ်မှာ ဘယ်လိုနည်းနဲ့မှမပျော်တော့ဘူး၊ တက်လမ်းမရှိတော့ဘဲ ဘဝက ရေသေအိုင်ထဲမှာ နစ်မြုပ်နေပြီ၊ Career ပြောင်းမှပဲ ဘဝက အဓိပ္ပါယ်ရှိတော့မယ်၊ ပြောင်းလဲခြင်းကသာ ရှင်သန်နိုင်ဖို့ လမ်းကြောင်းဆိုတဲ့ အခြေအနေမျိုးမှာတော့ Career ပြောင်းသင့်ပါတယ်။

သတိထားရမယ့် အချက်များ ( Risk )
ပိုတိုးတက်၊ ပျော်ရွှင်ရမယ့် လမ်းကြောင်းဖြစ်လို့ Career ပြောင်းလိုက်တယ်ဆိုပေမယ့် ဒီလမ်းကြောင်းဟာ ပန်းခင်းတဲ့ လမ်းတော့ မဟုတ်ပါဘူး။ အပြောင်းအလဲကာလမှာ အခက်အခဲနဲ့ ရုန်းကန်ရမှုတွေ ရှိမယ်ဆိုတာ သိထားနားလည်ရပါမယ်။ အရင်ဆုံး ရင်ဆိုင်ရမှာတော့ ငွေကြေးဆိုင်ရာ ခက်ခဲလာမှုပါ။

ငွေရေးကြေးရေး
Career ပြောင်းတယ် ဆိုတာ အလုပ်ပြောင်းသလို တစ်ခုနဲ့ တစ်ခုကြား အချိန်မခြားဘဲ ပြောင်းလို့ရတာမျိုး မဟုတ်ပါဘူး။ အချိန်ကာလ တစ်ခုယူပြီး Career အသစ်အတွက် လေ့လာရတာ၊ သင်ယူ ရတာ၊ အခြေခံက စတင်ရတာ ဖြစ်လို့ ဝင်ငွေနည်းသွား တာ၊ ဒါမှမဟုတ် ဝင်ငွေမရှိတော့တဲ့ ကာလတစ်ခုကို ဖြတ်သန်းရမှာပါ။ ဒီ့အတွက် အရန်ထားတဲ့ ငွေကြေး၊ ငွေဝင်နေမယ့် အခြားအလုပ်အကိုင်လမ်းကြောင်းတစ်ခု ရှိနေရပါမယ်။ ဒါမှမဟုတ် Career ပြောင်းတဲ့၊ အလုပ်မရှိနေသေးတဲ့ အချိန်မှာ ထောက်ပံ့ပေးနေမယ့် မိသားစု ဝင်တစ်ယောက် ရှိနေဖို့ လိုပါတယ်။
အစက ပြန်လည်စတင်ရခြင်း
နောက်တစ်ခုကတော့ အစကနေ ပြန်လည် သင်ယူလေ့လာရခြင်းပါပဲ။ ဒါက တော့ Career ပြောင်းမယ်ဆိုရင် တွေ့ကြုံရမယ့် အဆင့်တစ်ဆင့်ပါ။ ကိုယ်နဲ့မရင်းနှီးတဲ့၊ စိမ်းသက်တဲ့ နယ်ပယ် တစ်ခုကို ဝင်ပြီး အသစ် အသစ်တွေ သင်ယူရမယ်၊ လူအသစ်တွေနဲ့ ထိတွေ့ရမယ်ဆိုတာ အနည်းနဲ့အများ စိန်ခေါ် မှုတစ်ခုဖြစ်ပါတယ်။ career အသစ်မှာ ကိုယ့်ထက် ငယ်ရွယ်သူတွေက ကိုယ့်ထက် ကျွမ်းကျင်ပြီး ကိုယ့် အထက် လူကြီးဖြစ်နေတဲ့ အခြေအနေ မျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေအတွက်လည်း စိတ်ရော ကိုယ်ပါ ပြင်ဆင်ထားပြီး မြန်မြန် ဆန်ဆန် ကြိုးစားသင်ယူခြင်းဖြင့် စိတ်ဖိစီးစရာ အခြေအနေကို မြန်မြန်ကျော် လွှား လိုက်ကြရအောင်။
အသက်ကန့်သတ်ချက်
တချို့အလုပ်ခေါ်စာတွေက အသက်ကန့်သတ်ချက်တွေ သိသိသာသာ ပါရှိတာမျိုး ကြုံရသလို တချို့အလုပ်တွေ မှာတော့ အသက်အရွယ်တစ်ခုရောက်တဲ့အခါ အလုပ်ခန့်ဖို့ ဝန်လေးကြတာမျိုးနဲ့ ကြုံရနိုင်ပါတယ်။ ဒါဟာလည်း Career ပြောင်းတဲ့အခါ ကြုံတတ်တဲ့အခက်အခဲတစ်ခုဖြစ်ပါတယ်။ ဒီလိုကြုံရတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှု လျော့နည်းလာတတ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေက အသက်အရွယ်တစ်ခုရောက်မှ Career ပြောင်းတော့မယ်ဆိုရင် ကြုံတွေ့ရ မယ့် အခက်အခဲနဲ့ အားနည်းချက်တွေပါ။ အချိန်အတိုင်းအတာတစ်ခုအထိ ကြိုးစား ရုန်းကန် ပြီးတဲ့နောက်မှာတော့ ကျော်ဖြတ်သွားနိုင်မှာဆိုပေမယ့် Career ပြောင်းခြင်းဟာ ပန်းခင်းလမ်းမဟုတ်ဘူးဆိုတာ စိတ်ကို ကြိုတင်ပြင် ဆင် ထားနိုင်ဖို့ ဖော်ပြရခြင်း ဖြစ်ပါတယ်။

Career ပြောင်းခြင်းရဲ့ အကျိုးကျေးဇူးများ
အထက်မှာဖော်ပြထားတဲ့ အခက်အခဲတွေကို ကျော်လွန်ပြီးတဲ့နောက်မှာ Career ပြောင်းခြင်းရဲ့ ကောင်းကျိုးတွေ ကိုလည်း စတင်သိမြင်ခံစားလာရမှာပါ။ မုန်တိုင်းပြီးရင် လေပြေလာတဲ့ သဘောပေါ့နော်။ Career ပြောင်းတာမှ မဟုတ်ပါဘူး၊ ကိစ္စတိုင်းနီးပါးမှာ ယေဘုယျအားဖြင့် ကြိုးစားပြီးရင်တော့ အသီးအပွင့်ကိုခံစားရတာပါပဲ။ ဒီမှာ Career ပြောင်းခြင်းရဲ့ သိသာထင်ရှားတဲ့ ကောင်းကျိုးလေးတွေကို ကောက်နှုတ်ဖော်ပြထားပါတယ်။
စိတ်ကျေနပ် ပျော်ရွှင်ရခြင်း
ကိုယ်စိတ်အားထက်သန်တဲ့နယ်ပယ်တစ်ခုမှာ ပြောင်းလဲလုပ်ကိုင်နေရပြီဆိုတဲ့ တက်ကြွတဲ့ စိတ်နဲ့ မနက်ခင်းတိုင်း ကို နိုးထလာရတာ ဘယ်လောက်တောင် စိတ်ကျေနပ်စရာကောင်းလိမ့် မလဲနော်။ လစာ/ဝင်ငွေရဖို့သက်သက် အလုပ်လုပ်နေတာမဟုတ်တော့ဘဲ အကောင်းမြင်စိတ်တွေ၊ မျှော်လင့်ချက်အပြည့်နဲ့ စူးစမ်းလိုစိတ်တွေကြောင့် အလုပ်ပေါ်မှာသာမကဘဲ နေ့စဥ်ဘဝမှာပါ ပိုပြီး စိတ်ကျေနပ် ပျော်ရွှင်စရာဖြစ်လာပါလိမ့်မယ်။

ဖွံ့ဖြိုးတိုးတက်လာဖို့ အခွင့်အလမ်းများ
အသက်မွေးဝမ်းကြောင်း ပြောင်းလိုက်ပြီဆိုတာနဲ့ အကြောင်းအရာအသစ်၊ နယ်ပယ်အသစ်တွေကို မဖြစ်မနေ လေ့လာရတော့မယ်မဟုတ်လား။ လေ့လာခြင်းဟာ အလုပ်အတွက်တင်မကပါဘူး ကိုယ်ပိုင်အရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ပါ အထောက်အကူ ပြုနေပါတယ်။ နယ်ပယ်အသစ်မှာ လေးစားရတဲ့၊ စံပြထားရတဲ့လူတွေ၊ အပေါင်းအသင်းကောင်းတွေနဲ့ တွေ့လာနိုင်တာဖြစ်လို့ အလုပ်ရော ကိုယ်ပိုင်ဘဝပါ ပိုတိုးတက်လာဖို့ အခွင့်အလမ်းပါပဲ။

ဘဝရဲ့ ခြေလှမ်းသစ်
နေ့တဓူဝလုပ်နေကျ ငြီးငွေ့ဖွယ် လုပ်ရိုးလုပ်စဥ်တွေက ခွဲထွက်ပြီး အသစ်တစ်ခုလုပ်ဆောင်တယ် ဆိုတာ ဘဝကို ပိုပြီး လတ်ဆတ်သွားစေတဲ့ ခြေလှမ်းတစ်ခုပါပဲ။ Comfort zone ကနေ လှမ်းထွက်ခဲ့ပြီး အပြောင်းအလဲတွေကို လက်ခံလိုက်ခြင်းက ပိုတက်ကြွဖွယ်ကောင်းတဲ့၊ မျှော်လင့်ချက်နဲ့ မနက်ဖြန်တွေကို ဖန်တီးပေးမယ့် လမ်းစလို့ ပြောချင်ပါတယ်။
အသက်မွေးဝမ်းကြောင်းနယ်ပယ်အသစ်ကို ပြောင်းလဲခြေချလိုက်ဖို့ဆိုတာ လွယ်ကူတဲ့ဆုံးဖြတ်ချက်မဟုတ် သလို ပန်းခင်းလမ်းလည်း မဟုတ်ပါဘူး။ ဒါဆို ဘာကောင်းကျိုးတွေများရှိလို့ ဒီလိုပြောင်းလဲကြတာလဲ။ ဘာမှ ဆက်တိုးတက်တက်ဖို့လည်းမရှိ၊ စိတ်ဝင်စားစရာ၊ စိတ်အားတက်ကြွစရာတွေလည်း ထပ်မရှိနိုင်တော့ဘူးလို့ ခံစားရတဲ့အခါ စိန်ခေါ်မှုအသစ်၊ အခွင့်အလမ်းအသစ်နဲ့ သင်ယူစရာအသစ်တွေဆီကို အရောက်လှမ်းကြတာပါ။ ခက်ခဲပင်ပန်းတယ်ဆိုပေမယ့် စိတ်ရှည်မှု၊ ဇွဲ၊ လုံ့လနဲ့ စိတ်အားထက်သန်မှုတွေက နယ်ပယ်သစ်မှာ အောင်မြင်စွာ လျောက်လှမ်းနိုင်ဖို့ အထောက်အကူကောင်းတွေ ဖြစ်လာပါလိမ့်မယ်။ အဓိပ္ပါယ်ပြည့်ဝတဲ့ မနက်ဖြန်တိုင်းကို ဖြတ်သန်းနိုင်ကြပါစေနော်။
Comments