ဝိရောဒိများနဲ့ မော်ဒန်ပန်းချီ

Posted in လူမှုဘဝ, ဖျော်ဖြေရေး


“ရုပ်ပုံတစ်ပုံဟာ စကားလုံးတစ်ထောင်ထက်ပိုတာသွားတယ်” ဆိုတဲ့ စကားပုံတစ်ခုကို ကြားဖူးကြလား?... ပန်းချီဆိုတာ ခံစားမှု၊ မြင်ကွင်း၊ ခေတ်တစ်ခေတ်ရဲ့ ပုံရိပ် စတာတွေကို စကားလုံးတွေ၊ စာလုံးတွေထက် ပိုပြီး ပြောပြနိုင်တဲ့ အနုရသပညာတစ်ခုပါ။ ပန်းချီပညာဟာ စာရေးခြင်းအတတ်မတိုင်ခင် အစောဆုံးပေါ်ထွက်ခဲ့တဲ့ အနုပညာတစ်ရပ်ဆိုတာ ကျောက်ခေတ်ဂူနံရံပန်းချီတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ (၂၀) ရာစုဟာ သဘာဝ သမားရိုးကျ ပန်းချီရေးဟန်မှကျော်လွန်ပြီး မော်ဒန်ဟန်ကို စတင်ရေးဆွဲ ခံစားလာကြတဲ့ မော်ဒန်ပန်းချီ ရာစုနှစ် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မြန်မာ့မော်ဒန်ပန်းချီနယ်ပယ်မှာ ထင်ရှားကြတဲ့ ပန်းချီဆရာကြီးတွေထဲက (၃) ဦးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

ငွေတာရီ မဂ္ဂဇင်း (၁၉၆၉) ခုနှစ် စာဆိုတော်နေ့ သရုပ်ဖော်ပုံ

(၁) ဗဂျီအောင်စိုး (၁၉၂၄-၁၉၉၀)

ပန်းချီအနုရသအကြောင်းဆွေးနွေးကြရင် (၂၀) ရာစု မော်ဒန်ပန်းချီ ခေတ်ဦးရဲ့ ဖခင်ကြီးလို့ တင်စားကြတဲ့ ဗဂျီအောင်စိုးကို ချန်ထားခဲ့လို့မရပါဘူး။ အိန္ဒိယဟန်ရောနေတဲ့ သူ့ရဲ့လက်ရာ မော်ဒန်ပန်းချီကားတွေက (၂၀) ရာစုရဲ့ ပန်းချီခေတ်ကို အတော်လေး လွမ်းမိုးခဲ့တယ်ဆိုတာ အားလုံးအသိပါပဲ။ မြန်မာ့ပန်းချီ အနုပညာရှင်၊ ဝါသနာရှင်တွေနဲ့ ပန်းချီခံစားသက်ဝင်သူတွေအားလုံးအတွက် ဗဂျီအောင်စိုးဆိုတဲ့ အမည်နာမဟာ မော်ဒန်ပန်းချီ ခေတ်ရဲ့ အစဦးဆုံးနဲ့ ထူးကဲရူးသွပ်မှုဆိုတဲ့ စိတ်ခံစားချက်ကို ရစေပါတယ်။ သူရေးဆွဲခဲ့တဲ့ မဂ္ဂဇင်း သရုပ်ဖော်ပုံ နဲ့ စာအုပ်အဖုံး လက်ရာကောင်းတွေထဲမှ အချို့ကို ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။ 

- အပင်များ၊ ရိုးရာဟန် အရွက်၊ပန်းနှင့် တိမ်များ၊ မြန်မာ့လူနေမှုဘဝ ကို ထင်ဟပ်သော လှေဆိပ်နှင့် ရေ၊ ထန်းတက်သမားနှင့် နေမင်း၊ လယ်သမားနှင့်ကျွဲ၊ ကလေးငယ်နှင့် ‌ဖာထေးရာအင်္ကျီ ဝတ်ထားသော မိသားစု၊ ရိုးရာဟန် သျှောင်ထုံး ထားသော ယောက်ျားနှင့် ပုရပိုက်၊ ထုံးစံအတိုင်း ဗဂျီအောင်စိုး၏  ဝ (၈) လုံး လက်မှတ် တို့ကို အဆိုပါပုံတွင် တွေ့မြင်နိုင်ပါတယ်။

- ထိုပုံမှတဆင့် (၁၉၆၀) ခုနှစ်ဝန်းကျင် ဗမာ့လူနေမှု အဆင့်အတန်းနှင့် အလုပ်အကိုင်၊ ဘဝဖြတ်သန်းမှုတို့ကို မှန်းဆနိုင်ပါတယ်။ 

သရုပ်ဖော်ပုံများနှင့် မျက်နှာဖုံးဒီဇိုင်းများအပါအဝင် သူ၏ထင်ရှားသော အနုပညာလက်ရာများကို  https://www.aungsoeillustrations.org/တွင် ကြည့်ရှုနိုင်ပါတယ်။ 

ခင်မောင်ရင့်လက်ရာ ထူးအိမ်သင် (၂) ခင်မောင်ရင် (၁၉၃၈- ၂၀၁၄)

မော်ဒန်ပန်းချီစတင်ရေးဆွဲသူတွေထဲမှာဗဂျီအောင်စိုး နှင့် ဦးခင်မောင် (ဘဏ်) ပြီးလျှင် သူဟု ပြောစမှတ်ပြုတဲ့ (၂၀) ရာစုမြန်မာ့မော်ဒန်ပန်းချီခေတ်ရဲ့ ဒုတိယမျိုးဆက် ပန်းချီဆရာတစ်ယောက်ကတော့ ခင်မောင်ရင် ဖြစ်ပါ တယ်။ ဗိသုကာပညာရှင်တစ်ဦးလည်းဖြစ်တဲ့ သူဟာ ပုဂံအ‌ဆောက်အအုံတွေကို ရေးဆွဲတာများပြီး လူပုံတွေ ရေးတဲ့အခါ ကချေသည်၊ တောသူလေးတွေ၊ ကြက်တောင်စည်းတွေ အစရှိသဖြင့် မြန်မာမှုကို ပိုပြီး ရေးဆွဲလေ့ ရှိပေမယ့် ရေးဟန်ကတော့ အနောက်တိုင်း မော်ဒန်စနစ်တွေကို အသုံးပြုတတ်သူဖြစ်ပါတယ်။ ပန်းချီဆိုတာ အ‌ရောင်လို့ ပြောလေ့ရှိတဲ့ ပန်းချီခင်မောင်ရင်ရဲ့ လက်ရာတွေမှာ အရောင်တွေရဲ့ ဖွဲ့နွဲ့မှုတွေကို အများဆုံး တွေ့ရပါတယ်။ နောက်ပိုင်းမှာ ချစ်ခင်လေးစားရသူတွေရဲ့ လူပုံတူတွေကိုလည်း ရေးဆွဲလာပါတယ်။ အနုပညာနဲ့ပန်းချီ၊ ဗိသုကာ၊ ဂီတ၊ ကဗျာတွေကလွဲလို့ ဘာမှ မက်မောခြင်းတဲ့ ခင်မောင်ရင်ကို အနုပညာနဲ့ ဘဝ တစ်ထပ်တည်းကျသူလို့ ပြောကြပါတယ်။ သူ့ရဲ့ လက်ရာကောင်းတွေထဲက တစ်ချို့ကို ခံစားကြည့်ရအောင်။  

- ခင်မင်ရင်းနှီးသူ၊ လေးစားရသူတွေရဲ့ ပုံတူပန်းချီတွေကို ရေးလေ့ရှိတဲ့ သူဟာ ထူးအိမ်သင် ပုံတူတွေအပြင် သခင် ကိုယ်တော်မှိုင်း၊ခင်ဝမ်းနဲ့ အခြားအခြားသော ချစ်ခင် လေးစား ရသူတွေရဲ့ ပုံတူတွေကိုလည်း ရေးဆွဲခဲ့ပါတယ်။

- သူရေးဆွဲခဲ့တဲ့ ပုံတူတွေမှာ သဘာဝနည်းလမ်းတွေကိုမသုံး ဘဲ မော်ဒန် Pattern တွေနဲ့ ‌အရောင်ရောစပ်မှုတွေကို သုံးပြီး သရုပ်ဖော်ခဲ့ပါတယ်။

- ပန်းချီရဲ့ အရောင်တွေကနေတဆင့် ပုံတူပိုင်ရှင်ရဲ့ ကိုယ်ရည်ကိုယ်သွေး တွေကို ထင်ဟပ်အောင် ရေးဆွဲထားကို ခံစားမိကြမှာပါ။ 

ပုံတူပန်းချီတွေအပြင် အရာဝတ္ထုများကို ရေးဆွဲခြင်းမဟုတ်ဘဲ အတွင်းစိတ်ရဲ့ ရောင်ပြန်ဟပ်မှုကို အရောင်များနဲ့ ကစားပြီး ပုံဖော်ထားတဲ့ စိတ္တဇပန်ချီရေးဟန်ဟာ ခင်မောင်ရင်ရဲ့ ကိုယ်ပိုင်ဟန်လို့ ဆိုနိုင်ပါတယ်။ “မစဥ်းစားဘဲ ဖန်တီးလိုက်တဲ့ ဒီလိုပန်းချီကားတွေရဲ့ အရသာဟာ လွတ်လပ်မှုပါပဲ”လို့ အင်တာဗျူးတစ်ခုမှာ ခင်မောင်ရင် ပြောကြား ခဲ့ဖူးပါတယ်။  

(၃) ပေါ်ဦးသက် (၁၉၃၆-၁၉၉၃)

ပေါ်ဦးသက်ဟာ မြန်မာမော်ဒန်ပန်းချီလောကမှာ အစောဆုံး ရေပန်းစားတဲ့ ပန်းချီကျော်ဖြစ်ပြီး ခုထိ သူ့ပန်းချီ ကားတွေက ကမ္ဘာ့နေရာအနှံ့ကို ရောက်ရှိနေပါတယ်။ ပေါ်ဦးသက်ဟာ ဗဂျီအောင်စိုးလိုပဲ မြန်မာ့ရိုးရာနဲ့ ခေတ်သစ်နည်းတွေ ပေါင်းစပ်ရေးရာမှာ ထင်ရှားပေမယ့် ပေါ်ဦးသက်ရဲ့ ပါးစပ်ပြဲပြဲ လူရုပ်ကလေးတွေနဲ့ ကာတွန်းဆန်ဆန် ရေးခြယ်မှုတွေက တမူကွဲပြားခဲ့ပါတယ် ။ ပေါ်ဦးသက်ရဲ့ ရိုးရာပုံပြင် သရုပ်ဖော်ပုံတွေက ပြည်သူ့အသည်းနှလုံးကို ဆုပ်ကိုင်နိုင်ခဲ့တယ်လို့လည်း ပညာရှင်တွေက မှတ်ချက်ချကြပါတယ်။ ဗဂျီအောင်စိုးလို မော်ဒန်ဘက်ကို ပြင်းပြင်းထန်ထန် ဖောက်မထွက်ဘဲ ရိုးရာနဲ့ လိုက်ဖက်အောင် ပေါ်ဦးသက် ရေးခြယ်ခဲ့ပါတယ်။ ပေါ်ဦးသက်ဟာ စိတ္တဇပန်းချီ၊ သရုပ်ဖော်ပန်းချီ၊ ကျုဗစ်ဇင်(Cubism) နဲ့ ဒြပ်မဲ့ စတဲ့ ပန်းချီရေးနည်းစုံကို စမ်းသပ်ရေးဆွဲခဲ့ပြီး အအောင်မြင်ဆုံးကတော့ ကာတွန်းဆန်ဆန် ရေးတဲ့ ရေဆေးကားတွေ ဖြစ်ပါတယ်။ 

  - သူ့ရဲ့ နာမည်အကြီးဆုံး ကာတွန်းဆန်ဆန် ရေဆေးပန်ချီကားတွေထဲက တစ်ခုဖြစ်ပါတယ်။

- ပါးစပ်ပြဲပြဲနဲ့ လူရုပ်ကလေး‌တွေကို မြင်ရင် ပေါ်ဦးသက်လို့ သိနိုင်လောက်အောင် အောင်မြင်တဲ့ သူ့ရဲ့ ကိုယ်ပိုင်ရေးဟန်ဖြစ်ခဲ့ ပါတယ်။

- ဒီကားတွေကို ဝမ်းရေးအတွက် ရေးခဲ့ရတာ ကြောင့် ပေါ်ဦးသက် ဂုဏ်မယူခဲ့ပေမယ့် ဒီကားတွေကပဲ မြန်မာနိုင်ငံသားတွေရဲ့ လူနေမှုဘဝသရုပ်မှန်ကို ဖော်ကျူးတဲ့ လက်ရာတွေလို့ သုံးသပ်ထားပါတယ်။

စိတ္တဇခေါ် မော်ဒန်ပန်းချီဟာ အနောက်နိုင်ငံတွေမှာ ဆယ်စုနှစ်ချီစောပြီး ပေါ်ပေါက်လာခဲ့ပေမယ့် (၁၉၅၀‌) ဝန်းကျင်ကာလ မြန်မာပြည်ကို ရောက်လာချိန်မှာတော့ ကြိုဆိုမှုနဲ့အတူ နားလည်ရခက်မှုကြောင့် ဝေဖန်သံတွေ ညံခဲ့ပါတယ်။

ဗဂျီအောင်စိုး၊ ပေါ်ဦးသက်တို့လို မော်ဒန်ပန်းချီ လမ်းသစ်ထွင်ခဲ့သူတွေဟာ အောင်မြင်မှုတွေရခဲ့ကြပေမယ့် သူတို့လက်ရာတွေကို ပြည်သူနဲ့မနီးစပ်ဘူးဆိုပြီး ဝေဖန်တိုက်ခိုက်မှုတွေကို (၁၉၈၀) ကျော် ကာလတွေအထိ ကြုံခဲ့ရကြောင်း သိရပါတယ်။ (ဝင်းဖေ၊ ပေါ်ဦးသက်၊ ခင်မောင်ရင် စာအုပ်မှ ကောက်နှုတ်ချက်) 

မျက်မှောက်ခေတ်မှာတော့ သူတို့ ဖောက်ခဲ့တဲ့လမ်းမှာ လျှောက်နေကြတဲ့ မြန်မာ ခေတ်ပြိုင် လူငယ်ပန်းချီဆရာ တွေရဲ့ လက်ရာတွေကို ကမ္ဘာအနှံ့က ပန်းချီပြခန်းတွေနဲ့ တဆောင်တယောင်နဲ့ ဂုဏ်ယူစွာ ချိတ်ဆွဲနေကြပြီ ဖြစ်ပါတယ်။ 



Share

Comments

Related Posts