ငြိမ်းချမ်းခြင်းရဲ့အစ အပြုံးများက

Posted in လူမှုဘဝ, လူမှုဆက်ဆံရေး


အပြုံးဆိုတာ မျက်နှာအမူအရာတစ်ခုထက်ပိုတဲ့ ဘာသာစကားတစ်ခုပါ။ တစ်ဦးနဲ့တစ်ဦး ရင်းနှီးဖို့အတွက် ကြားခံနယ်ကောင်းတစ်ခု ဖြစ်နိုင်သလို လူတိုင်းသဘောကျတဲ့ ဆက်သွယ်နည်းတစ်ခုလည်းဖြစ်ပါတယ်။ လူမှုဆက်ဆံရေးမှာဆိုရင် မျက်နှာတည်တဲ့လူတွေ၊ အမြဲဒေါသထွက်နေတတ်တဲ့လူတွေထက် မျက်နှာချိုပြီး ပြုံးပြုံးလေးနေတတ်တဲ့သူတွေကို လူတွေက ပိုပြီးသဘောကျကြပါတယ်။

တကယ်တော့ ဒါတွေတင်မကသေးပါဘူး။ အပြုံးတွေက စိတ်ကို ငြိမ်းချမ်းစေပြီး နာကျင်မှုကို သက်သာစေတဲ့ Endorphin တွေထုတ်လုပ်ပေးနိုင်တယ် လို့လည်း သိပ္ပံနည်းကျ သက်သေပြထားပြီးသားဖြစ်ပါတယ်။ ဒီတော့ ကုန်ကျစရိတ်မရှိဘဲ အကျိုးများတဲ့ မျှဝေခြင်းတစ်ခုကို ပြောပါဆိုရင် အပြုံးတွေမျှဝေခြင်းပဲ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ပြုံးတတ်တဲ့ အလေ့အကျင့်လေးကို လူတိုင်း အချိန်တိုင်း၊ နေရာတိုင်းမှာ ကျင့်သုံးသင့်ပါတယ်။ ဘယ်လိုကျင့်သုံးကြမလဲဆိုတာ ဆက်ပြီး ဆွေးနွေးကြည့်ရအောင်။

အပြုံးတစ်ပွင့်ရဲ့ တန်ဖိုးကို သိနားလည်ခြင်း

အလေ့အကျင့်တစ်ခုကို ကျင့်သုံးဖို့ဆိုရင် သူ့ရဲ့အဓိပ္ပာယ်နဲ့ တန်ဖိုးကို သိထားဖို့လိုအပ်ပါတယ်။ အပြုံးပန်းလို့ တင်စားကြသလိုပါပဲ၊ အပြုံးတွေဟာ ပန်းပွင့်တွေအတိုင်း တန်ဖိုးရှိပါတယ်။ ပန်းတစ်ပွင့်ဟာ အမြင်ကို တင့်တယ်စေသလို အပြုံးတစ်ပွင့်ကလည်း လူတစ်ယောက်ကို တင့်တယ်စေပါတယ်။ ပန်းတစ်ပွင့်က ရနံ့နဲ့ ဆွဲဆောင်သလို အပြုံးတစ်ပွင့်ကလည်း လူမှုဆက်ဆံရေးမှာ ရနံ့ဆောင်စေနိုင်ပါတယ်။

ပြုံးပြီး နှုတ်ဆက်တတ်တဲ့ အကျင့်လေးကို လေ့ကျင့်ပါ

ကိုယ့်ရဲ့ လူကြီးမိဘတွေ၊ ဆရာဆရာမတွေကိုမှမဟုတ်ပါဘူး၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ နောက်ပြီး သာမန်အပြင်မှာတွေ့ရတဲ့ စားသောက်ဆိုင်က စားပွဲထိုး၊ တက်စီကားဆရာ စသဖြင့် လူတိုင်းကို “မင်္ဂလာပါ၊ ကျေးဇူးတင်ပါတယ်” ဆိုတဲ့ နှုတ်ဆက်မှုလေးတွေကို ပြုံးပြီး အမြဲတမ်းလုပ်တတ်သွားအောင် အလေ့အကျင့်လုပ်သင့်ပါတယ်။

အပြင်သွားတဲ့အခါ challenge လေး လုပ်ပါ

မိသားစု အပြင်ထွက်လျှောက်လည်ကြတဲ့အခါမျိုး၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါမျိုးမှာ ဒီလို challenge လေး လုပ်လို့ရပါတယ်။ လမ်းမှာတွေ့တဲ့သူတွေကို ပြုံးပြပြီး ဘယ်နှယောက်က ပြန်ပြုံးပြလဲ ဆိုတဲ့ အရေအတွက်ကို ပြိုင်တာမျိုးလေးပါ။ ဒါက အလေ့အကျင့်တစ်ခုဖြစ်စေသလို ပျော်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေကို ဖန်တီးပြီးသားလည်း ဖြစ်မှာပါ။

စိတ်ပါလက်ပါပြုံးပါ

ပြုံးတယ်ဆိုတာက စိတ်ထဲကမပါရင်လည်း သိသာတဲ့အတွက် စိတ်ပါလက်ပါဖြစ်ဖို့ အရေးကြီးပါသေးတယ်။ အပြုံးတွေက ကောင်းကျိုးတွေ ရရှိစေတယ်ဆိုတာ လက်တွေ့သေချာနားလည်သွားမှ ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုဖြစ်မှာပါ။ ဒါကြောင့် အတင်းလုပ်ပြီး ပြုံးတာမျိုးမဟုတ်ဘဲ အချိန်တိုင်းမှာ စိတ်ပါလက်ပါပြုံးတတ်ဖို့လည်း ဂရုပြုပါ။

အပြုံးတွေဆိုတာ လူနှစ်ယောက်ကြားက အနီးစပ်ဆုံးအကွာအဝေးတစ်ခုပါတဲ့။ ဒါကြောင့် အပြုံးတွေမျှဝေခြင်းဟာ ပိုမိုလှပတဲ့ ကမ္ဘာကြီးကို ဖန်တီးရာရောက်သလို လူ့ပတ်ဝန်းကျင်ကိုလည်း ပိုမိုအချိန်အဆက်မိတဲ့ အသိုက်အဝန်းတစ်ခု ဖြစ်လာစေမှာ အသေအချာပါပဲနော်။


Share

Comments

Related Posts