အရှိကို အရှိအတိုင်း လက်ခံတတ်ခြင်း

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


ဖုန်းထဲက ကင်မရာမှာ effect တွေထည့်ပြီး မြင်ရတဲ့ ကိုယ့်ရဲ့ရုပ်ရည်နဲ့ မှန်ထဲမှာ ပကတိအတိုင်း မြင်ရတဲ့ ကိုယ့်ရဲ့ ရုပ်ရည်ဆိုရင် ဘယ်တစ်ခုက ပိုပြီးလှမလဲ။ သေချာပေါက် ဖုန်းထဲက ရုပ်ရည်ပေါ့။ ဒါပေမဲ့ တကယ့် အစစ်အမှန် အရှိအတိုင်းကတော့ မှန်ထဲက ရုပ်ရည်မဟုတ်လား။ ဒီလိုပါပဲ၊ လူတစ်ယောက်ရဲ့ အကျင့်စရိုက်၊ မျိုးရိုးဗီဇ၊ စိတ်နေသဘောထား စတဲ့ ဖြစ်တည်မှုတိုင်းမှာ အစစ်အမှန် အရှိတရားဆိုတာ ရှိနေပြီးသားဖြစ်ပါတယ်။

တချို့က ကိုယ်က ဘယ်လိုလူတစ်ယောက်ပါဆိုတဲ့ အရှိကို မေ့နေပြီး ဒါမှမဟုတ် ဖုံးကွယ်ထားပြီး ဘယ်လိုလူတစ်ယောက်ဖြစ်လာချင်တယ် ဆိုတဲ့ အိပ်မက်တွေ မက်လေ့ရှိပါတယ်။ အဲဒါက ဘာနဲ့တူလဲဆိုတော့ GPS မှာ ကိုယ့်ရဲ့ အခုရောက်နေတဲ့ တည်နေရာကို မပြဘဲ ဘယ်ကိုသွားချင်တယ်ဆိုတာကို ပြောနေသလိုပါပဲ။ လက်ရှိတည်ရှိရာကို မသိရင် ဘယ်ကိုမှ သွားလို့မရနိုင်ပါဘူး။ ဒါကြောင့် ကိုယ်က ဘယ်လိုအိပ်မက်မျိုးပဲရှိရှိ၊ ဘယ်လမ်းကိုပဲလျှောက်လျှောက် ကိုယ့်ရဲ့ လက်ရှိအခြေအနေက ဘာလဲဆိုတဲ့ အရှိကို အရှိအတိုင်း လက်ခံတတ်ဖို့က အရေးကြီးပါတယ်။

အရှိကို အရှိအတိုင်း လက်ခံတတ်ဖို့ဆိုတာကလည်း အပြောထက် လက်တွေ့ကတော့ ခက်ခဲတာမှန်ပါတယ်။ ဒါကလည်း လူ့သဘာဝတစ်ခုလို့ ပြောရမှာပါ။ လူတွေရဲ့ မသိစိတ်မှာ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလေးစားမှုကို ထိန်းသိမ်းတဲ့အနေနဲ့ ပုံစံတစ်ခုထားလေ့ရှိပါတယ်။ တစ်ခါတလေမှာ အဲဒီပုံစံက အရှိတရားနဲ့ ဝေးကွာနေတတ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီနေ့ခေတ် လူမှုကွန်ယက်တွေကလည်း အရှိကို အရှိအတိုင်း လက်ခံဖို့အတွက် အဟန့်အတားတစ်ခု ဖြစ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်နှိုင်းယှဥ်တာတွေ၊ မတူညီတဲ့ဘဝတွေကို မျှချေတစ်ခုမှာ အတင်းညှိယူကြတာတွေ၊ အပြစ်အနာအဆာတွေကို ဖုံးကွယ်ပြီး အကောင်းဆုံးဆိုတာတွေကိုပဲ ချပြကြတာတွေဟာ အရှိတရားနဲ့ ဝေးကွာစေတဲ့ အချက်တွေဖြစ်ပါတယ်။

အဆိုးဆုံးတစ်ချက်ကတော့ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်တာပါပဲ။ ကိုယ်နဲ့သက်တူရွယ်တူတစ်ယောက်က အောင်မြင်နေတယ်ဆိုရင် “သူများတွေတော့ အောင်မြင်နေပြီ၊ ငါကျတော့” ဆိုတာမျိုး၊ ကိုယ့်ထက်ငယ်တဲ့သူတစ်ယောက်က ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်နေပြီဆိုရင် “သူများတွေများ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်လိုက်တာ၊ ငါ့တုန်းကကျတော့” ဆိုတာမျိုး၊ ကိုယ့်ထက်အသက်အရွယ်ကြီးပြီး ကြီးပွားချမ်းသာနေတဲ့သူတစ်ယောက်ဆိုရင်လည်း “အဲဒီအသက်အရွယ်ရောက်ရင် သူ့လိုချမ်းသာပါ့မလား” ဆိုတာမျိုး စသဖြင့် နည်းမျိုးစုံနဲ့ နှိုင်းယှဉ်လေ့ရှိကြပါတယ်။

မေ့နေတတ်ကြတဲ့ အရေးအကြီးဆုံးအချက်ကတော့ သူဟာသူ၊ ကိုယ်ဟာကိုယ်၊ ဘဝတွေက ဘာမှမတူဘူးဆိုတာပါပဲ။ တစ်ယောက်ယောက်က ကိုယ့်ထက် ဝေးဝေးရောက်နေတယ်ဆိုတာဟာ ကိုယ်က လမ်းလျှောက်နေရချိန်မှာ သူက လေယာဥ်နဲ့လာရလို့လည်းဖြစ်နိုင်ပါတယ်။ သူများတွေက လာပြီးနှိုင်းယှဥ်ရင်လည်း ဒါကို သတိပေးလိုက်ပါ။ ကိုယ့်အခြေအနေကိုယ်သိပြီး အရှိအတိုင်းလက်ခံထားတာဟာ စိတ်လည်းအေးချမ်းသလို တိုးတက်ဖို့အတွက် လမ်းစတစ်ခုလည်းဖြစ်ပါတယ်။ တခြားသူက လာထောက်ပြရင်လည်း ကိုယ်က လက်ခံထားပြီးသားဖြစ်တဲ့အတွက် မလိုအပ်တဲ့စိတ်ဒုက္ခတွေ နည်းပါလိမ့်မယ်။

အရှိအတိုင်းလက်ခံတယ်ဆိုတဲ့နေရာမှာ ကောင်းတဲ့အချက်တွေရော၊ မကောင်းတဲ့အချက်တွေရော အားလုံးပါဝင်ပါတယ်။ ကိုယ့်မှာ မိသားစုနောက်ခံဘယ်လောက်ရှိသလဲ၊ ဒါမှမဟုတ် ကိုယ်က ထောက်ပံ့ရမယ့်သူလား။ ကိုယ်တတ်ကျွမ်းတဲ့နယ်ပယ်က ဘာလဲ၊ ဘယ်လိုမှ စိတ်မဝင်စားတဲ့ပညာရပ်က ဘာတွေလဲ စသဖြင့် ဒါတွေအကုန် အရှိအတိုင်းသိထား၊ လက်ခံထားပြီးမှ ဘာတွေဆက်လုပ်ရမလဲဆိုတာကို သိမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အရှေ့မှာဥပမာပေးခဲ့သလိုပါပဲ၊ ကိုယ်ရောက်နေတဲ့ တည်နေရာကို အတိအကျသိထားပြီး ဘာနဲ့သွားရမလဲဆိုတာကို သိမှ အချိန်ဘယ်လောက်ကြာနိုင်တယ်၊ ဘယ်လမ်းက သွားရမယ်ဆိုတာကို ရှာဖွေလို့ရမှာဖြစ်ပါတယ်။

တိုးတက်တယ်၊ အောင်မြင်တယ်ဆိုတဲ့နေရာမှာ လူတွေ အမြင်မှားတတ်တာ တစ်ခုရှိပါတယ်။ လူတစ်ယောက်ရဲ့ တိုးတက်မှုဟာ တခြားလူတစ်ယောက်လို ဖြစ်သွားတာမျိုးမဟုတ်ပါဘူး၊ လက်ရှိအခြေအနေကနေ ပိုကောင်းတဲ့အခြေအနေတစ်ခုကို ရောက်သွားခြင်းမျိုးဖြစ်ပါတယ်။ Superhero တွေနဲ့ ဥပမာပေးရရင်တော့ ပီတာပါကာဆိုတဲ့ ကျောင်းသားလေးက Spider-man ဆိုတဲ့ အခြေအနေကို ရောက်သွားတာမျိုးပါ၊ ဘီလျံနာကြီးဖြစ်သွားတာမျိုး မဟုတ်ပါဘူး။

ဒီလောက်ဆိုရင် အရှိကိုအရှိအတိုင်း ဘာကြောင့်လက်ခံသင့်သလဲ၊ ဘယ်လိုလက်ခံသင့်သလဲဆိုတဲ့ အတွေးစလေးတွေ ရသွားကြမယ်လို့ မျှော်လင့်ပါတယ်။ မျက်နှာဖုံးတွေနဲ့ ဟန်ဆောင်မနေရဘဲ ကိုယ့်ရဲ့ဘဝအခြေအနေအလျောက် ပိုကောင်းတဲ့ဘဝတွေဆီ လျှောက်လှမ်းနိုင်ကြပါစေလို့လည်း ဆန္ဒပြုလိုက်ရပါတယ်နော်။


Share

Comments

Related Posts