မိုးရာသီမှာ ဘေဘီလေးကိုကိုယ်ဝန်ဆောင်ထားတဲ့ မေမေတို့ သတိထားနိုင်ဖို့ရာ

Posted in မိဘအုပ်ထိန်းခြင်း, ကိုယ်ဝန်ဆောင်မိခင်

မိုးရာသီဆိုတာ ကူးစက်ရောဂါတွေနဲ့ မတော်တဆချော်လဲနိုင်ခြေရှိတဲ့ ကြမ်းပြင်တွေကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလေးထားသတိပြုသင့်တဲ့အချိန်ကာတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ အခုလိုမိုးတွင်းကာလမှာ ယုံကြည်မှုရှိရှိနဲ့ စိတ်ချလက်ချနေနိုင်စေဖို့  ဂရုစိုက်သင့်တဲ့ အချက်လေးအချို့ကို မျှဝေပေးလိုက်ရပါတယ်။ 

တစ်ကိုယ်ရည် သန့်ရှင်းရေးကိုထိန်းသိမ်းလုပ်ဆောင်ပါ

မိုးအသည်းအသန်ရွာသွန်းခြင်းနှင့် ရေကြီးရေလျှံခြင်းတွေက အန္တရာယ်များတဲ့ ဘက်တီရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးကောင်တွေ ကျက်စားလေ့ရှိတဲ့ စိုစွတ်တဲ့မြေကြီးတွေကို ဖြစ်စေပါတယ်။ ကိုယ်ကိုယ်တိုင်ကိုရော ရင်သွေးလေးကိုပါ ကာကွယ်ထားဖို့အတွက်ဆိုရင် မေမေကိုယ်တိုင်က တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဦးစားပေးသင့်ပါတယ်။ အစားသောက်တွေကိုကိုင်တွယ်တော့မယ်ဆိုရင် ဂရုတစိုက်နဲ့ လက်ကို မကြာခဏဆေးပေးသင့်ပါတယ်။ လက်နဲ့မျက်နှာကို ခဏခဏ ထိတွေ့ကိုင်တွယ်တာမျိုးကိုရှောင်ရှားပြီး ကိုယ်နေထိုင်တဲ့ အနီးအနားတစ်လျှောက် ဘက်တီးရီးယားပိုးတွေ မလာအောင် သန့်သန့်ရှင်းရှင်းနဲ့ စိုစွတ်မှုတွေမရှိစေဖို့ ဂရုစိုက်သင့်ပါတယ်။

ခြင်ကိုက်မခံအောင်လုပ်ပါ

မိုးရာသီမှာဆိုရင် ခြင်တွေ ပေါက်ဖွားများပြားတတ်တာမို့ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့လည်း ခြင်ကိုက်ခြင်းကနေတစ်ဆင့် ဖြစ်ပွားနိုင်တဲ့ ရောဂါတွေဖြစ်တဲ့ ဇီကာဗိုင်းရပ်စ်၊ သွေးလွန်တုပ်ကွေး၊ ချီကန်ဂွန်ညာ၊ ငှက်ဖျားတွေကိုလည်း သတိထားသင့်ပါတယ်။ ခြင်ကိုက်ခံရမှုကနေ ကာကွယ်ဖို့ဆိုရင် အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ ပိုးလောက်လန်းတွေပေါက်ဖွားနိုင်တဲ့ ရေဝပ်စေတဲ့အရာတွေကို ရှင်းလင်းထားသင့်ပါတယ်။ အိပ်စက်တဲ့အချိန်မှာ ခြင်လုံဇကာနဲ့ ခြင်ထောင်တွေကို အသုံးပြုပြီး အကျီလက်ရှည်နဲ့ ဘောင်းလီအရှည်တွေဝတ်ဖို့လည်း မမေ့ပါနဲ့။ အပြင်ထွက်တဲ့အခါတိုင်းလည်း ကိုယ်ရဲ့အဝတ်အစားတွေကို ခြင်ဆေးတွေဖြန်းထားပြီး ကာကွယ်ထားသင့်ပါတယ်။

ချော်လဲတာမျိုးတွေမဖြစ်အောင် ကာကွယ်ပါ

မိုးရာသီ စိုစွတ်မှုကြောင့် ကြမ်းပြင်တွေချောလေ့ရှိပြီး ချော်လဲထိခိုက်မှုတွေဖြစ်စေနိုင်တဲ့အခြေအနေတွေ ရှိတဲ့အတွက်ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အရမ်းအန္တရာယ်များပါတယ်။ ဒီလို အန္တရာယ်များတဲ့အခြေအနေတွေကို လျော့ချဖို့ဆို ချော်မလဲအောင်ထိန်းပေးမယ့် အဖုအထစ်တွေပါတဲ့ ဖိနပ်တွေကိုရွေးချယ်ဝတ်ဆင်ပါ။ စိုစွတ်တဲ့မျက်နှာပြင်တွေပေါ် အလျင်စလိုလမ်းလျှောက်တာမျိုး ကိုရှောင်ပါ။ ချော်လဲစေနိုင်တဲ့နေရာတွေနဲ့ လှေကားပေါ်တက်တော့မယ်ဆို လက်ကိုင်တန်းကိုအသုံးပြုသင့်ပါ။  ဖြစ်နိုင်မယ်ဆိုရင်တော့ မိုးအကြီးအကျယ်ရွာတဲ့အချိန်တွေဆို မတော်တဆတွေမဖြစ်အောင် အိမ်ထဲမှာပဲနေမယ်ဆို အကောင်းဆုံးပါပဲ။

လမ်းဘေးအစားအသောက်နဲ့ မချက်ပြုတ်ရသေးတဲ့အစားအသောက်တွေကိုရှောင်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ချင်းတတ်တာမျိုး ရှိတယ်ဆိုပေမယ့်  အခုလိုရာသီဥတုမှာဆို လမ်းဘေးအစားသောက်တွေကိုတော့ သတိထားရှောင်ရှားသင့်ပါတယ်။ မသန့်ရှင်းတဲ့ အစားအသောက်တွေကနေတစ်ဆင့် အစာအဆိပ်သင့်တာမျိုးနဲ့ ဝမ်းချုပ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆာင်ချိန် ကိုယ်ခံအားကောင်းဖို့အတွက်  ပုံမှန်ထက်ပိုဂရုစိုက်ပေးရတာမို့ လမ်းဘေးအစားသောက်စားသုံးခြင်းကို ရှောင်ရှားပြီး ယုံကြည်စိတ်ချရတဲ့ အစားအသောက်ရောင်းတဲ့ဆိုင်ကို ရွေးချယ်တာအကောင်းဆုံးပါပဲ။ နောက်ပြီးတော့ သေချာကျက်အောင် မချက်ပြုတ်ရသေးတဲ့ အစားအစာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ အာဟာရဖြစ်စေနိုင်တဲ့ ရွေးချယ်မှုဖြစ်တဲ့ ဟင်းရွက်စုံစွပ်ပြုတ် (ဒါမှမဟုတ်) လတ်ဆတ်တဲ့ အသီးဖျော်တွေက ကိုယ်ဝန်ဆောင်မိခင်ရော ကလေးအတွက်ပါ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုရရှိစေနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ပါ

ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့ကလည်း ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်အရေးကြီးပါတယ်။ ဖြေး‌ဖြေးသက်သာ လုပ်ဆောင်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေဖြစ်တဲ့ ယောဂ ကစားတာမျိုး  ဒါမှမဟုတ် ရိုးရှင်းတဲ့အကြောလျော့လေ့ကျင့်ခန်းလုပ်တာမျိုးကိုလည်း အိမ်ထဲမှာနေရင်း လုပ်ဆောင်လို့ရပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက သက်သောင့်သက်သာဖြစ်စေပြီးတော့ သွေးလည်ပတ်မှုကိုလည်းကောင်းစေသလို ကိုယ်ခံအားကောင်းစေလို့ ကျန်းမာရေးကိုလည်း အထောက်အကူပြုစေပါတယ်။

အပေါ်မှာပြောပြပေးထားတဲ့ ကိုယ်ဝန်ဆောင်ချိန်ဂရုစိုက်သင့်တဲ့အချက်လေးတွေကို လိုက်နာမယ်ဆို ဒီမိုးတွင်းကာလမှာ ကိုယ်တိုင်နဲ့ကလေးရဲ့ ကျန်းမားကြံ့ခိုင်ရေးကို ယုံကြည်မှုရှိရှိ စိတ်ချထားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက် ကျန်းမာအောင်နေပြီးတော့ ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံးကို ကောင်းစွာဖြတ်သန်းလိုက်ပါနော်။


Share

Comments

You must be logged-in to comment on this post.

Related Posts