ကလေးငယ်တို့အာဟာရဖြစ်ဖို့ ထမင်းအစားထိုး ဘာတွေကျွေးလို့ရလဲ

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်အာဟာရ


မြန်မာနိုင်ငံဟာ ထမင်းကို အဓိကစားကြတဲ့ နိုင်ငံဖြစ်တာကြောင့် ထမင်းစားမှ အားရှိမယ်ဆိုတဲ့ အစွဲက အနည်းနဲ့ အများဆိုသလို ရှိတတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေထမင်းမစားချင်တဲ့ အခါမျိုးမှာ မိဘတွေက အာဟာရ ပြတ်တော့မယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်ပဲ ကလေးတွေက ထမင်းမစားရင် အာဟာရမဖြစ်တောဘူး လား။ ကလေးတစ်ယောက်၊ လူတစ်ယောက်လိုအပ်တဲ့ အာဟာရတွေကို ထမင်းကပဲ  ပေးနိုင်တာလား ကြည့် လိုက်ကြရအောင်။

ထမင်းဖြူကပေးတဲ့ အာဟာရ

အာရှနိုင်ငံတွေမှာ စားတဲ့ဆန်က ဖြူဖွေးသန့်စင်အောင် ပြုပြင်ပြီးစား ဆန်အဖြူတွေဖြစ်ပါတယ်။ ထမင်းဖြူမှာ အခြေခံအားဖြင့် ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိတ်(ကစီဓာတ်)၊ အဆီဓာတ်တွေ ပါဝင်ပြီး ဆန်လုံးညိုမှာပါဝင်တဲ့ အာဟာရဓာတ်ထက် နည်းပါတယ်။ ဒါကြောင့်မို့ ထမင်းကပဲ အာဟာရအရှိဆုံးဆိုတဲ့ အယူအဆက မှားပါတယ်။ ထမင်းအစား အခြားအာဟာရရှိတဲ့ အစားအစာတွေကို ညီညွတ်မျှတအောင်ကျွေးရင်လည်း ကလေးအတွက် လုံလောက်ပါတယ်။

အာဟာရပြည့်အောင် ဘာကျွေးရမလဲ 

တစ်ခါလာလည်း ထမင်းဆီစမ်း၊ နောက်တစ်ခါလာလည်း ထမင်းဖြူကို ကြိတ်ပြီး ကျွေးဆိုရင် ကလေးတင်မက ဘူး လူကြီးဆိုရင်တောင် ငြီးငွေ့ပါတယ်။ မိခင်နို့ဖြတ်ပြီး ဖြတ်စွက်စာစကျွေးမယ်ဆိုရင် ဈေးကြီးတဲ့ ဖြည့်စွက်စာ တွေကမှ အာဟာရရှိမှာ မဟုတ်ပါဘူး။ ကန်စွန်းဥ၊ မုန်လာဥနီ၊ ပန်းမုန်လာစိမ်း စတဲ့ ရောင်စုံသီးနှံတွေ၊ ပဲနဲ့ ငါး၊ ပုစွန်၊ ဥ အစရှိတဲ့ အစားအစာတွေကို ထမင်းပျော့ပျော့နဲ့အတူ ကြိတ်ချေပြီး ကျွေးနိုင်ပါ တယ်။ လတ်ဆတ်တဲ့ သစ်သီးတွေကလည်း ကလေးငယ်တွေကိုကျွေးဖို့ သင့်တော်ပါတယ်။ အသီးအရွက် စွတ်ပြုတ်တမျိုးမျိုးကို  ဖြည့်စွက်စာထဲ ထည့်ကျွေးနိုင်မယ်ဆို ပိုကောင်းပါတယ်။ ကလေးကိုကျွေးသင့်တဲ့ ဖြည့်စွက်စာ အမျိုးအစားတွေ က အသက်အရွယ်ပေါ်လိုက်ပြီး ကွာခြားမှုရှိတာကြောင့် မိမိကလေးနဲ့ သင့်တော်မယ့် ဖြည့်စွက်စာက ‌ရွေးချယ် ကျွေးသင့်ပါတယ်။

အစားမာစားနိုင်တဲ့ အရွယ်မှာ ထမင်းစားဖို့ ငြင်းဆန်တယ်ဆိုရင် ထမင်းစားတဲ့ ပန်းကန်ပြောင်းကျွေးတာ၊ အခြား အစားအစာ ပြောင်းကျွေးတာ စတဲ့ နည်းလမ်းတွေ အသုံးပြုနိုင်ပါတယ်။ ထမင်းအစား ခေါက်ဆွဲ၊ ပါစတာ၊ အာလူး၊ မြူစွမ်၊ ကိတ်မုန့်၊ ပေါင်မုန့်၊ ကြက်ဥ စတဲ့ အာဟာရရှိတဲ့ စားစရာတွေအများကြီး အပြောင်းအလဲ ကျွေးစရာ ရှိပါတယ်။ အာဟာရဖြစ်တဲ့ အစားအစာတွေကို ကလေးကြိုက်တဲ့ ပုံစံ ပြောင်းလဲပြီးကျွေးမယ်ဆိုရင် ကလေး တွေလည်း အစားစားဖို့ စိတ်ပါလာပါလိမ့်မယ်။

ကလေးတွေ အစာစားဖို့ ငြင်းဆန်တဲ့အခါ 

မေမေတွေက ကလေးကြိုက်တတ်တာကို မှတ်ထားပြီး အဲ့တစ်မျိုးတည်းပဲ ထပ်ခါထပ်ခါ ချက်ကျွေးနေရင်လည်း တခြားအစားအစာတွေကို စားဖို့ငြင်းတတ်ကြပါတယ်။ ဒါကြောင့် အစာစုံကျွေးဖို့လိုပါတယ်။ ဗိုက်ပြည့်နေရင် လည်း ငြင်းဆန်တတ်ကြတာမို့ ရှေ့မှာစားထားတဲ့ အစာပမာဏ၊ ကျွေးတဲ့အချိန်နီးသလားစတဲ့ အကြောင်းအရာ တွေကိုလည်း ထည့်စဥ်စားဖို့လိုပါတယ်။ ကလေးကို သူမစားဖူးတဲ့ အစာအသစ်နဲ့ စမိတ်ဆက်တဲ့အခါမျိုးတွေဆို ရင်လည်း ပုံမှန်ထက်ပို ကျွေးရခက်တတ်ပါတယ်။ ကလေး အစာမစားချင်တဲ့အခါ မိဘတွေအနေနဲ့ အတင်းကာရော ထိုးကျွေးတာ၊ ပြစ်တင်ကြိမ်းမောင်းတာမျိုးလုပ်တယ်ဆိုရင်လည်း ကလေးအနေနဲ့ နောက်တစ် ခါ အစာစားဖို့ ကြောက်သွားတတ်ပါတယ်။

ကလေးတွေရဲ့ အစားစားချင်စိတ်ကို မြှင့်တင်ဖို့ စားချင်စဖွယ် ပြင်ဆင်ချက်ပြုတ်ပေးခြင်းက အလွန်အသုံးဝင်ပါ တယ်။ ကလေးတွေက အရောင်စုံရင် ကြိုက်ကြတာမို့လို့ အသီးအရွက်အစုံ ထည့်သွင်းကျွေးလို့ ရပါတယ်။ ကလေးမစားဖူးတဲ့ အစားအစာအသစ်တစ်ခုကို စကျွေးတော့မယ်ဆိုရင် သူစားဖို့ ငြင်းနေရင်တောင် နောက်နေ့ တွေမှာ ထပ်ကျွေးကြည့်ပါ။ ဒီနေ့မစားပေမယ့် နောက်နေ့စားတာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးအစားကောင်း ကောင်းစားတဲ့အခါ ချီးကျူးပေး၊ အသိအမှတ်ပြုပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် ဒီတစ်ပန်းကန်ကုန် ရင် မုန့်ဝယ်ပေးမယ်၊ အရုပ်ဝယ်ပေးမယ် စသဖြင့် တစ်ခုခုနဲ့ မျှားပြီးစားခိုင်းတာမျိုး၊ ကြောက်စရာတစ်ခုခုနဲ့ ခြောက်ပြီး စားခိုင်းတာမျိုးတော့ လုံးဝမလုပ်သင့်ပါဘူး‌။

ထမင်းတစ်ခုတည်းကသာ အာဟာရဖြစ်တဲ့ အစားအစာမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အခြေခံအစားအစာက ထမင်းဖြစ်နေလို့သာ ဒီလိုအယူအဆ ကြီးစိုးနေတာပါ။ ဒါကြောင့် ကလေးတွေ ထမင်းစားဖို့ ငြင်းဆန်တဲ့အခါ အာဟာရပြတ်မှာ စိုးရိမ်စရာမလိုပါဘူး။ ထမင်းတစ်လှည့်၊ အခြားအစားအစာတွေတစ်လှည့် ကျွေးမယ်ဆိုရင် ကလေးအတွက်လည်း အပြောင်းအလဲဖြစ်လို့ ထမင်းစားချိန်တွေမှာ ပတ်ပြေးနေတော့မှာ မဟုတ်ဘူးနော်။


Share

Comments

Related Posts