သားသားမီးမီးတွေ ဂျီကျရင် ဘယ်လိုထိန်းကြမလဲ?

Posted in မိဘအုပ်ထိန်းခြင်း


ကလေးငယ်တွေက တစ်ယောက်နဲ့တစ်ယောက် မွေးရာပါဗီဇလေးတွေ မတူတတ်ကြတာကို အားလုံးသိကြမှာပါ။ တချို့က အေးအေးဆေးဆေးနဲ့ ငြိမ်ငြိမ်လေးနေတတ်တယ်၊ တချို့က အရမ်းအဆော့သန်တယ်၊ တချို့က ပြောရဆိုရခက်ပြီး ဂျီကျတတ်တယ် စသဖြင့်ပေါ့။ အဲဒီထဲမှာမှ ဂျီကျတတ်တဲ့ကလေးတွေဟာ မိဘတွေအတွက် ကိုင်တွယ်ရ အခက်တွေ့တတ်ပါတယ်။ အဲဒီလို သားသားမီးမီးတွေဖြစ်နေရင် ဘယ်လိုထိန်းကြမလဲဆိုတာ ဆွေးနွေးကြည့်ရအောင်။

ဂျီကျတယ်ဆိုတာ

ကလေးငယ်တွေ ဂျီကျတယ်ဆိုတာက အများအားဖြင့် သူတို့လိုချင်တာတစ်ခုခုကို မရမချင်းတောင်းနေတာ၊ လုပ်ချင်တာကိုပဲ ဘာပြောပြောလုပ်နေတာ၊ တစ်နည်းအားဖြင့် ခေါင်းမာတာမျိုး ဖြစ်ပါတယ်။ ဒါက မိဘတွေရဲ့ ကိုင်တွယ်နည်းမမှန်ရင် ပိုဆိုးတဲ့ကလေးတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုထိန်းကျောင်းမလဲ?

၁။ ရွေးချယ်စရာတွေပေးပါ၊ အမိန့်မပေးပါနဲ့

အရှေ့မှာပြောခဲ့သလိုပဲ ဂျီကျတဲ့ကလေးတွေဟာ သူတို့စိတ်ထဲမှာ စွဲမြဲနေတဲ့တစ်ခုခုကို မရမချင်း ခေါင်းမာနေတတ်တာမျိုးဖြစ်ပါတယ်။ အဲဒီအချိန်မှာ မလုပ်ရဘူး၊ မသွားရဘူး၊ ဒါလုပ်ရမယ် စသဖြင့် အမိန့်ပေးမယ်ဆိုရင် ကလေးငယ်နဲ့ မိဘကြားမှာ အဖုအထစ်လေးတွေဖြစ်ပြီး ပိုဆိုးလာနိုင်ပါတယ်။ အဲဒီအစား သူတို့ကို ရွေးချယ်စရာလေးတွေပေးပါ။ ဒါလုပ်လို့တော့မဖြစ်ဘူး၊ တခြားဘယ်ဟာလေးတွေ လုပ်ကြမလား စသဖြင့်ပေါ့။

၂။ နား‌ထောင်ပါ

ကလေးငယ်တွေမှာ သူတို့ရဲ့ စဥ်းစားတွေးခေါ်ပုံ‌လေးတွေ ရှိတတ်ကြပါတယ်။ ဘာကြောင့်လိုချင်တယ်၊ ဘာကြောင့်လုပ်ချင်တယ်ဆိုတာကို ပြောပြခိုင်းပြီး နားထောင်ပေးပါ။ ပြီးမှ ဆီလျော်မှုမရှိရင် ဘာကြောင့်မရှိဘူးဆိုတာကို ပြောပြပါ။ တစ်ခါတလေမှာ ထူးခြားတဲ့ အတွေးအခေါ်လေးတွေ ကြားရနိုင်ပါတယ်။ အဲဒါမျိုးဆိုရင် အသိအမှတ်ပြုပေးဖို့လည်း မမေ့ပါနဲ့။

၃။ စည်းကမ်းလေးတွေ သတ်မှတ်ပါ၊ ဒါပေမဲ့ စည်းကမ်းကြပ်တယ်လို့ မြင်မသွားစေပါနဲ့

မိသားစုရဲ့ ကိုယ်ပိုင်ထုံးစံတွေအတိုင်း တစ်နေ့တာအတွက်၊ အကြောင်းအရာ အခြေအနေတွေအတွက် စည်းကမ်းတွေ သတ်မှတ်ကြတာက ထုံးစံပါ။ ဒါပေမဲ့ တချို့အရာတွေက ကလေးငယ်တွေ လိုက်လုပ်ဖို့အတွက် အကြောင်းပြချက်ကောင်းကောင်းလိုပါတယ်။ မဟုတ်ရင် သူတို့ရဲ့ ဂျီကျတဲ့အကျင့်ကို ပိုပြီး တိုးလာစေမှာပါ။ အဲဒီအတွက် စည်းကမ်းတွေသတ်မှတ်တဲ့အခါမှာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ဒါက မိသားစုထုံးစံပါပဲ ဆိုတာမျိုး သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးသင့်ပါတယ်။

၄။ ကိုယ်ကချည်း အမြဲမှန်တယ်လို့ မခံယူပါနဲ့

မိဘတွေ တော်တော်များများရဲ့ အမှားတစ်ခုကတော့ “ငါက မိဘပဲ၊ ငါအမြဲမှန်တယ်” ဆိုတာမျိုး ခံယူထားတာပါပဲ။ မိဘဆိုတာလည်း လူသားပါပဲ။ အမြဲမှန်တယ်ဆိုတာမျိုးမရှိပါဘူး။ ကလေးငယ်တွေဟာ ငယ်ရွယ်သေးတယ်ဆိုပေမဲ့ တစ်ခါတလေမှာ သူတို့ရဲ့ လတ်ဆတ်တဲ့ အတွေးအခေါ်လေးတွေက လူကြီးတွေထက် သဘာဝကျပြီး မှန်တတ်ပါတယ်။ ဒါကြောင့် ဂျီကျတယ်ဆိုတိုင်းလည်း ကိုယ်ကချည်း မှန်တယ်ဆိုပြီး ဆူဖို့မလုပ်ပါနဲ့။ အပေါ်မှာပြောခဲ့တဲ့အတိုင်း သေချာနားထောင်ပေးပါ။

၅။ “မရဘူး” အစား “ရတယ်၊ ဒါပေမဲ့” ကို သုံးပါ

ဒီနည်းကတော့ မိဘအုပ်ထိန်းမှုမှာ တော်တော်ခိုင်မာပြီး ထိရောက်တဲ့ ဆက်သွယ်နည်းတစ်ခုဖြစ်ပါတယ်။ ကလေးငယ်တွေကိုလည်း ဘယ်အရာမှ အလကားမရနိုင်ဘူး ဆိုတဲ့ လောကနိယာမကို သင်ပေးပြီးသားဖြစ်စေပါတယ်။ ဥပမာ ကိုယ့်ရဲ့ကလေးက သူငယ်ချင်းတွေဆီ သွားဆော့ဖို့ ဂျီကျနေတယ်ဆိုရင် “မသွားရဘူး” ဆိုတာထက် “သွားရမယ်၊ ဒါပေမဲ့ အိမ်စာတွေပြီးမှ” ဆိုတာမျိုးပါ။ဒီနည်းလမ်းလေးတွေဟာ ကလေးငယ်တွေရဲ့ ဂျီကျတတ်တဲ့အကျင့်ကို ထိန်းသိမ်းပြီးသားဖြစ်သလို သူတို့အတွက်လည်း ပိုကောင်းတဲ့အနာဂတ်ကို လမ်းပြပြီးသားဖြစ်ပါတယ်။ မိဘတွေအနေနဲ့ မမေ့သင့်တာတစ်ခုကတော့ “ကိုယ်ဟာ သူတို့ကို ခိုင်းစေမယ့် အထက်လူကြီးတစ်ယောက်မဟုတ်ပါဘူး၊ သူတို့ရဲ့ အနာဂတ်ကောင်းမွန်ဖို့ လမ်းပြပေးရမယ့် နည်းပြတွေဖြစ်တယ်” ဆိုတာပါပဲ။


Share

Comments

Related Posts