နွေရာသီအတွက် ဖွယ်ဖွယ်ရာရာ ရာသီစာ

Posted in အစားအစာ


နွေရာသီလေးကို တဖြေးဖြေး ချဉ်းနှင်းဝင်ရောက်ခဲ့သလို၊ အပူချိန်မြင့်တက်လာတာနဲ့အမျှ ခံတွင်းမလိုက်တာ၊ စားချင်စိတ်ပျောက်တာလေးတွေလည်း ကြုံတွေ့ကြရနိုင်တာပေါ့။ နွေခေါင်ခေါင်မှာ ခံတွင်းလိုက်မယ့် ဖွယ်ဖွယ်ရာရာ ရာသီစာလေးတွေ ချက်စားဖို့ ကြိုတင်ခေါင်းစားနေပြီဆိုရင်တော့ အတွေးချင်းတူနေပြီနော်။ ဒီဆောင်းပါးလေးမှာတော့ ခံတွင်းလည်းတွေ့၊ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုပါ တစ်ပါတည်းဖြည့်ဆည်းပေးနိုင်မယ့် နွေရာသီအတွက် ဖွယ်ဖွယ်ရာရာ ရာသီစာလေးတွေ ပြင်ဆင်စားသောက်ဖို့ ရွေးချယ်ဖော်ပြလိုက်ရပါတယ်။ 

၁- ငါးရံ့နဲ့ ဒန့်သလွန်သီးဟင်းရည် 

နွေခေါင်ခေါင်မှာ ညည်းစီစီဖြစ်နေသူတွေအတွက် ငါးရံ့နဲ့ ဒန့်သလွန်သီးဟင်းရည်လေးကို မန်ကျည်းရည်လေးနဲ့ဖြစ်ဖြစ် ချဉ်ပြုံးပြုံးအရသာလေး ပေါ်လွင်အောင် ချက်ပြုတ်စားသောက်ပြီး စိတ်ရောကိုယ်ပါ လန်းဆန်းကြည်လင်စေနိုင်ပါတယ်နော်။ ငါးရံ့မှာပါဝင်တဲ့ အိုမီဂါသရီး ဖက်တီးအက်စစ်ကြောင့် နှလုံးအားကောင်းစေတဲ့အပြင် ဒန့်ဒလွန်သီးပါ ပါတဲ့အတွက် အစာမကြေခြင်းကိုပါ သက်သာစေတဲ့အပြင် သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေတာပေါ့။ ဒီလို အာဟာရဓာတ်အပြည့်ပါတဲ့ ဟင်းလျာလေးအတွက် ငါးရံ့ကို အရောင်တင်မှုန့်၊ ဆနွင်း၊ အရသာမှုန့်၊ ငံပြာရည်၊ မန်ကျည်းရည်လေးနဲ့ အရင်နယ်ပြီးမှ ဆီထည့်ကာအရင် လုံးချက်ပါ။ ပြီးမှရေထည့်ပြီး ဆူလာတဲ့အခါ ဒန့်ဒလွန်သီး၊ ခရမ်းချဉ်သီးထည့်ပြီး အားလုံးကျက်ခါနီးမှာ ငရုတ်သီးစိမ်းနဲ့ နံနံပင်တို့ကို အပေါ်ကဖြူးလို့ အုပ်ထားလိုက်ပါ။ ဒါဆို အနံ့အရသာနဲ့ပြည့်စုံတဲ့ ငါးရံ့ဒန့်သလွန်သီး အရည်သောက် ဟင်းလျာလေးကို အရသာရှိရှိ စားသုံးနိုင်ပါပြီနော်။

၂- သရက်သီးသုပ်  

အပူချိန်မြင့်လာတာနဲ့ ရာသီထွက် သရက်သီးသုပ်လေးကလည်း အမြဲသွားရည်လည်စေတဲ့ ရာသီစာတစ်ခုပဲပေါ့။ သရက်သီးစိမ်းလေးကိုခြစ်ကာ ဆားရေစိမ်ထားပြီး၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီလေးရယ်၊ ငရုတ်သီးစိမ်းလေး လိုသလို နည်းနည်းထည့်ပြီး ချဉ်ချဉ်စပ်စပ်လေး စားသုံးနိုင်ပါတယ်။ အားလုံးပြင်ဆင်ပြီးရင်‌တော့ ဆားရည်စိမ်ထားတဲ့ သရက်သီးတွေကိုအရည်ညှစ်ပြီး ဆီချက်၊ ငံပြာရည်၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ အရသာမှုန့်လေးတွေ ထည့်နယ်လိုက်တာနဲ့သွားရည်ယိုစရာ အနံ့အရသာလေး ပေါ်ထွက်လာမှာပေါ့။ မြန်မာ့အကြိုက် သရက်သီးသုပ်လေးဟာ ကိုယ်ခန္ဓာကို ရေဓာတ်ဖြည့်စွမ်းပေးပြီး တက်ကြွလန်းဆန်းစေရုံသာမက၊ သရက်သီးမှာပါဝင်တဲ့ ဗီတာမင်စီကလည်း အသားအရည်နဲ့ ကိုယ်ခံအားစနစ်ကိုပါ ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဒီသရက်သီးသုပ်လေးဟာ နွေရာသီရဲ့မပါမဖြစ် အရသာအဖြစ် မြန်မာတွေရဲ့ နှလုံးထဲမှာ နေရာယူထားတာပေါ့နော်။ 

၃- ဘဲဥမန်ကျည်းသီးချက် 

နွေနေပူပူကျစ်ကျစ် စားမဝင်အိပ်မပျော်တဲ့ နေ့ရက်တွေဆီ ကူညီကယ်တင်ပေးနိုင်မယ့် ဟင်းလျာလေးကတော့ အားလုံးရဲ့အချစ်တော် ဘဲဥမန်ကျည်းသီးချက်လေးပဲပေါ့။ ဘဲဥပြုတ်ကို မန်ကျည်းသီးအနှစ်ရည်၊ ကြက်သွန်ဖြူနီ၊ ခရမ်းချဉ်သီးလေးနဲ့ ငရုတ်သီးဆီသတ်ပြီး လူတိုင်းအလွယ်တကူ ချက်စားနိုင်တဲ့ ဟင်းလေးပဲဖြစ်ပါတယ်။ မန်ကျည်းသီး အနှစ်ရည်လေးကို၊ ဆနွင်းမှုန့်နဲ့ ငရုတ်သီးမှုန့်လေးတွေ အနည်းငယ် ပေါင်းစပ်ထားတဲ့ သူ့အရသာဟာဆိုရင် မြန်မာ့ခံတွင်းနဲ့ အလွန်တရာ ထမင်းမြိန်စေမှာ အသေအချာပေါ့။ ဘဲဥကပေးစွမ်းတဲ့ ပြည့်ဝတဲ့ ပရိုတိန်းဓာတ်အပြင် မန်ကျည်းနှစ်ရဲ့ လန်းဆန်းစေတဲ့ နှစ်လိုဖွယ်အချဉ်ဓာတ်လေးကို ဝမ်းတွင်းကို အေးမြစေတဲ့အပြင် အစာကြေညက်ပြီး အူလမ်းကြောင်းကို အကျိုးပြုတာကြောင့် နွေခေါင်ခေါင်ညစာအတွက် ဟောဒီဟင်းတစ်ခွက်က မိသားစုဝင်အားလုံးအတွက် ဘာနဲ့မှမလဲနိုင်တဲ့ နတ်သုဒ္ဓါလေးလို ခံစားရမှာဖြစ်ပါတယ်။ 

၄- ငါးခြောက်ထောင်းနဲ့ သင်္ကြန်ထမင်း 

နွေရာသီစာဆိုတော့ မွန်ရိုးရာ အစားအစာလည်းဖြစ်တဲ့ သင်္ကြန်ထမင်းနဲ့ ငါးခြောက်ထောင်းကိုလည်း မမေ့မလျော့ ညွန်းချင်ပါတယ်။ ထမင်းကို သင်းရေလေးနဲ့ရောပြီး ရနံ့သင်းသင်းလေးနဲ့ သုံးဆောင်နိုင်သလို အနံ့မကြိုက်သူများကတော့ ရေနဲ့လည်းရောပြီး စားသုံးနိုင်ပါတယ်။ ဖယောင်းသင်းရေကိုတော့ ခြစ်ထားတဲ့ဖယောင်းကို ပန်းကန်ပြားထဲထည့်၊ အပူပေးပြီး ရလာတဲ့ ဖယောင်းငွေ့တွေကို အိုးလေးတစ်လုံးနဲ့စုကာ ရေစိုဝတ်နဲ့အလုံပိတ်ပြီး အိုးထဲကို ရေထည့်လိုက်တာနဲ့ ထမင်းနဲ့စားဖို့ သင်းရည်ကိုရမှာ ဖြစ်ပါတယ်။ ငါးခြောက်ထောင်းအတွက်ကတော့ နှစ်သက်ရာငါးခြောက်အမျိုးအစားကို ‌ပြုတ်၊ အရိုးနွှင်ပြီး ပွလာအောင် ဆုံထဲထည့်ပြီး ပုဇွန်ခြောက်နဲ့ ရောထောင်းရပါမယ်နော်။ ပြီးရင်တော့ ခပ်ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ နနွင်း၊ စိမ်းစားငပိတို့ကို ထည့်ပြီး ဆီသတ်ရပါမယ်။ နောက်တစ်ခါ ခြစ်ထားတဲ့သရက်သီးကို ရေနည်းနည်းစီထည့်ပြီး ဆီနဲ့လှိမ့်လှိမ်ပြီး ကြော်ကာ ရေစပ်စပ်လေး ရှိနေတဲ့အချိန် ထောင်းထားတဲ့ ငါးခြောက်ထောင်းကိုထည့်လိုက်ပါ။ ‌ရေခမ်းသွားရင်တော့ ကြက်သွန်နီစိတ်လေးတွေ ရောမွှေကာ အနံ့အရသာနဲ့ ပြည့်စုံတဲ့ သင်္ကြန်ထမင်း ငါး‌ခြောက်ထောင်းဟင်းလျာလေးကို အဆင်သင့်သုံးဆောင်လို့ ရပြီပေါ့။ နွေရာသီနဲ့ပုလဲနံပသင့်တဲ့ သင်္ကြန်ထမင်းအေးအေးလေးကို ကိုယ်တိုင်မ ချက်ပြုတ်ရင်တောင်မှ  ပွဲတော်ရက်တွေမှာ စတုဒီသာကျွေးတဲ့အချိန် ဝင်ရောက်စားသုံးလို့လည်း ရပါတယ်နော်။

၅- ကျောက်ဖရုံသီး ပဲကြာဇံ 

မြန်မာနွေရာသီကို အေးအေးလူလူ ကျော်ဖြတ်နိုင်ဖို့ဆို ပေါ့ပေါ့ပါးပါးနဲ့ လျှောလျှောရှူရှူ စားသုံးနိုင်မယ့် ဟင်းရည်တစ်ခွက်တော့ လိုပြန်ကောပေါ့။ ကျောက်ဖရုံသီးနဲ့ ပဲကြာဇံဟင်းရည်လေး အတွဲအဖက်လေးဟာ ဆိုရင်ဖြင့် ကြိုက်နှစ်သက်ရာ အသားဟင်းလေးထည့်ပြီး ချက်ပြုတ်နိုင်သလို ပဲနီလေးစတဲ့ နှစ်သက်ရာ အသီးအရွက်လေး ထည့်ပြီးစားရင်လည်း သင့်လျော်ပါတယ်။ ကြက်သွန်ဖြူ၊ ပဲငံပြာရည်လေးထည့်ပြီး ရိုးရိုးတမ်းတမ်း ပုဇွန်ခြောက်လေးနဲ့ ချက်လည်း အဆင်ပြေတာပါပဲနော်။ ဒီဟင်းရည်လေးက ဝမ်းထဲကို သက်‌တောင့်သက်သာနဲ့ ဝင်ရောက်စေမယ့်အပြင်၊ ကျောက်ဖရုံသီးရဲ့ အစွမ်းကြောင့် အပူအပုပ်တွေ ကင်းစင်စေပြီး အပူဒဏ်ကြောင့် ကုန်ခမ်းသွားတဲ့ ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။ 

ကဲ... အခုဆိုရင် နွေရာသီအတွက် ဖွယ်ဖွယ်ရာရာ ရာသီစာလေးတွေကို အညွှန်းပေးလိုက်တာ စုံလင်လောက်ပြီထင်ပါတယ်နော်။ မြန်မာတွေရဲ့ ခံတွင်းထဲမှာ ဒီဟင်းလျာလေးတွေက အထူးခြားဆုံးအရသာလေးတွေကို ပေးစွမ်းနိုင်မယ့်အပြင် နွေရာသီအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး၊ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ရှင်မတွေရော၊ ကိုယ်တိုင်ချက်ပြုတ်စားသုံးရမှ ကျေနပ်ကြတဲ့ စားဖိုမှူး ကိုကိုမမတွေရော ဒီနွေရာသီလေးမှာ ကိုယ်တိုင်လက်စွမ်းပြပြီး နွေရာသီလေးကို အရသာရှိရှိ အာဟာရပြည်ပြည့် ကျော်ဖြတ်နိုင်ကြပါစေနော်။ 


Share

Comments

Related Posts