မြန်မာဟင်းကောင်းကောင်းတစ်ခွက်ရဲ့ လျှို့ဝှက်ချက်

Posted in အစားအစာ


ငယ်ကတည်းက အဖွား၊ အမေ (သို့) ကြီးတော်တွေနဲ့အတူ မီးဖိုချောင်မှာ ကူပြီး တဖြည်းဖြည်းနဲ့ ထမင်းဟင်းချက် တတ်လာတာလား။ အမေတွေရဲ့ ညွှန်ကြားမှုအောက်မှာ ချက်တုန်းပြုတ်တုန်းကတော့ အကောင်းဆုံးဟင်းတွေ ဖန်တီးနိုင်ခဲ့ပြီး ကိုယ်တစ်ယောက်တည်း လက်စွမ်းပြမယ်ဆိုတော့မှ ဟင်းပွဲက ဘာလိုလို့ လိုမှန်းမသိ၊ မပြည့်စုံ ဘူး လို့ ခံစားနေရလား။ ဒါမှမဟုတ် အခုမှ ဟင်းစချက်မှာမို့ အရသာရှိတဲ့ ဟင်းကောင်းကောင်းတစ်ခွက် ဘယ်က စချက်ရမှန်းမသိ ဖြစ်နေလား။ အနံ့အရသာအပြင် အမြင်ပါ တင့်တယ်တဲ့ မြန်မာဟင်းကောင်းကောင်းတစ်ခွက်ရဲ့ လျှို့ဝှက်ချက်တွေအကုန် ဖွင့်ချသွားမယ့် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

(၁) သန့်ရှင်းလတ်ဆတ်မှု 

ဟင်းကောင်းကောင်းတစ်ခွက်ရဖို့ဆိုရင် အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေရဲ့ သန့်ရှင်းလတ်ဆတ်မှုက အခြေခံပါပဲ။ ဒီတော့ အသားငါး၊ အသီးအရွက်တွေဝယ်တဲ့အခါ သန့်ရှင်းရဲ့လား၊ လတ်ဆတ်ရဲ့လားဆိုတာ ကောင်းကောင်း ရွေး ချယ်နိုင်ဖို့ အရေးကြီးပါတယ်။ ယေဘုယျအားဖြင့် အရွက်တွေကို ရွေးချယ်တဲ့အခါ ဝါနေတာ၊ နွမ်းနေတာ၊ အသီး တွေဆိုရင်လည်း ပျော့ ပြဲနေတာတို့ဆိုရင် မသုံးသင့်တော့ပါဘူး။ လတ်ဆတ်ကော့ညွတ်နေတဲ့ ဟင်းသီး ဟင်း ရွက်၊ အသီးအနှံတွေက ဟင်းကောင်းတစ်ခွက်ရဖို့ အခြေခံပါဝင်ပစ္စည်းတွေပါ။

အသားငါးတွေရွေးချယ်တဲ့ နေရာမှာလည်း လတ်မဆတ်သိနိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ ငါးတွေရွေးတဲ့ အခါ ငါးရဲ့ ပါးဟပ်တွေရဲနေရင်၊ မျက်လုံးတွေကြည်နေရင်၊ ပုစွန်တွေက အခွံတွေကြည်ပြီး ခေါင်းတွေမာနေ သေး တယ်ဆိုရင် လတ်ဆတ်တယ်လို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါတယ်။ ဝက်သား၊ အမဲသားက ပန်းရောင်၊ အနီ ရောင် သန်းပြီး (သွေးရောင်ရဲပြီး) ဖိလိုက်တဲ့အခါ ပြန်ကြွလာတယ်ဆိုရင် ဆတ်လတ်တဲ့ အသားဖြစ်ပါတယ်။ ဈေးဝယ်တဲ့ အတွေ့အကြုံများလာတာနဲ့အမျှ လတ်ဆတ်တဲ့ ပစ္စည်းတွေကို လွယ်လွယ်ကူကူပဲ ရွေးဝယ်လာနိုင်မှာပါ။ 


(၂) သန့်စင်ဆေးကြောခြင်း 

ဟင်းချက်ဖို့ ပါဝင်ပစ္စည်းတွေ၊ တနည်းအားဖြင့် ဟင်းစားတွေကိုသန့်စင်အောင် ဆေးကြောဖို့ကလည်း အရေး မကြီးဘူးရယ်လို့ ကျော်သွားလို့မရတဲ့ အဆင့်ပါပဲ။ အသားငါးတွေ ချက်တဲ့အခါ ညှီနံ့မပျောက်ဘူးဆိုရင် ဘယ် လောက်ပဲအရသာရှိရှိ စားရတာ အဆင်မပြေဘူး ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် အမဲသား၊ ဆိတ်သား တို့ လို ညှီနံ့ပြင်းတဲ့ အသားတွေကို ဆေးကြောတဲ့အခါ ရေတစ်မျိုးတည်းသုံးပြီး ဆေးကြောတာ မလုံလောက်ပါဘူး။ ဒီအသားတွေကို ဆေးတဲ့အခါ ရှာလကာရည်၊ ရှောက်ရည်၊ မန်ကျည်းသီး တို့လို အချဥ်တစ်မျိုးမျိုးသုံးပြီး ခဏ နှပ်ထားကာ ရေစင်အောင် ဆေးကြောပေးမှ ညှီနံ့ပျောက်တာ ဖြစ်ပါတယ်။ အသားတွေကို အချဥ်နဲ့ ညလုံး ပေါက် နှပ်ထားရင်ပဲ ဖြစ်ဖြစ်၊ ရေနဲ့သေချာ ပြန်မဆေးရင်ပဲဖြစ်ဖြစ် အသားမှာ အချဥ်အရသာ စိမ့်ဝင်သွားမှာကို သတိပြုရပါမယ်။ အကျိအချွဲများတဲ့ ငါးတွေကိုလည်း အလားတူပဲ ဆေးကြောနိုင်ပါတယ်။ ဘယ်လိုဆေးဆေး အနံ့ရှိနေတဲ့ ကြက်အူကိုတော့ ပဲမှုန့်အကျက်နဲ့ဆေးတာ အကောင်းဆုံးနည်းလမ်းပါ။

အသားတွေကိုတော့ ညှီနံ့ပျောက်အောင် မျိုးစုံအားထုတ်သန့်စင်နေပေမယ့် အသီးအရွက်တွေကိုတော့ ဆေးတယ် ဆိုရုံ သာမန်ကာလျှံကာပဲ ‌ဆေးနေတုန်းလား။ ပိုးသတ်ဆေးနဲ့ ကင်းလွတ်နိုင်ဖို့ ခက်ခဲလာတဲ့ ဒီနေ့မှာ အသီးအရွက် တွေကို ရေဆေးရုံနဲ့ မလုံလောက်တော့ပါဘူး။ ဆေးမယ့်ရေထဲမှာ ဆားဖြစ်စေ၊ ရှာလကာရည်ဖြစ်စေ၊ နှစ်မျိုးလုံး ဖြစ်စေ ဖျော်ထည့်ပြီး အသီးအရွက်တွေကို နာရီဝက်၊ တစ်နာရီ စိမ်ထားပြီးမှ ဆေးကြောသင့်ပါတယ်။ ချက်ပြုတ် တဲ့ နေရာမှာ သန့်စင်ဆေးကြောခြင်းဟာ ဟင်းတွေရဲ့ အနံ့အသက်နဲ့ အရသာကို ကောင်းမွန်စေရုံသာမက ကျန်းမာရေးကိုပါ အထောက်အကူပြုနေတာမို့ မပေါ့ဆသင့်တဲ့ အဆင့်ပါ။

(၃) ဆီသတ်ခြင်း 

မြန်မာဟင်းတွေကို ဆီပြန်၊ အကြော်အလှော်၊ ဟင်းရည်၊ အရွက်ကြော်၊ အသုပ် ရယ်လို့ ယေဘုယျအားဖြင့် အမျိုးအစားတွေ ခွဲခြားနိုင်ပါတယ်။ ဘယ်လိုဟင်းအမျိုးအစားအတွက်ပဲဖြစ်ဖြစ် ဆီသတ်ခြင်းက အခြေခံ အကျဆုံး အချက်ပါပဲ။ ကြက်သွန်အဖြူ၊ အနီကို ကျေညက်အောင် ကြိတ်ချေပြီး နနွင်းမှုန့်အနည်းငယ်ထည့်ကာ အနံ့မွှေးလာတဲ့ အထိ ကြော်တာကို ဆီသတ်တယ်လို့ ရည်ညွှန်းတာပါ။ တကယ်လို့ ကိုယ်ချက်မယ့်ဟင်းကို အနှစ်များများနဲ့ လိုချင်ရင်တော့ ခရမ်းချဥ်သီးကိုပါ ထည့်သုံးနိုင်ပါတယ်။ ခရမ်းချဥ်သီးမှည့်ကို အခွံလိပ်ပြီး ဆီပြန်သွားတဲ့အထိ ရေမထည့်ဘဲ ကြော်ပေးရပါမယ်။ ငါးနဲ့ အသားဟင်းတွေအတွက် ညှီနံ့ပျောက်ပြီး အနံ့မွှေး ဖို့အတွက် ဆီသတ်တဲ့ထဲ ဂျင်းကိုထောင်းထည့်ပေးသင့်တဲ့အပြင် အနံ့မွှေးပြီး ဆီပြန်လာတဲ့အထိ ဆီသတ်ပြီးပြီ ဆိုမှ ရေထပ်ထည့်ရပါမယ်။ ဆီသတ်ရာမှာ အဓိကအချက်ကတော့ အနံ့မွှေးပြီး ဆီပြန်လာတဲ့အထိ စိတ်ရှည် လက်ရှည် လုပ်‌ဆောင်ဖို့ပါပဲ။ ဒီနေရာမှာ မီးအပူချိန်ကိုလည်း မပျော့လွန်း၊ မပြင်းလွန်ဖြစ်အောင်(မီးအေးအေးနဲ့) သတိထားချိန် ညှိဖို့လည်း လိုအပ်ပါတယ်။

(၄) ဟင်းစပ်တည့်ခြင်း

စားကောင်းနှုတ်မြိန်တဲ့ ထမင်းဝိုင်းတစ်ခုရဲ့ အသက်က ဟင်းစပ်တည့်ခြင်းပါ။ အစပ်အဟပ်တည့်လိုက်တာ၊ ဟင်းစပ်တည့်လို့ ထမင်းမြိန်တယ်လို့ဖြစ်အောင် ဘယ်လိုချက်ရမလဲလို့ စဥ်းစားရတာလည်း အတော့်ကို ဦးနှောက်ခြောက်စရာပါပဲ။ အီတတ်တဲ့ ဆီပြန်ဟင်းတွေနဲ့ အအီပြေစေမယ့် အချဥ်ဟင်းမျိုးစုံကို စိတ်ကူးရှိသလို တွဲမလား။ အငံကဲတဲ့ ဟင်းတွေကို ပဲဟင်းလို အချို၊ အရွက်ကြော်လို လတ်လတ်ဆတ်ဆတ် ချိုတဲ့ ဟင်းတစ်မျိုး မျိုးနဲ့ အရသာပြန်ထိန်းနိုင်မလား။ ရာသီပေါ် အသီးအရွက်‌လေးတွေကို ရာသီဥတုပေါ်မူတည်ပြီး ချက်စားမလား။ ဟင်းစပ်တွဲတယ်ဆိုတာ ပုံသေနည်းမရှိဘဲ စိတ်ကူးဉာဏ်ကွန့်မြူးရတဲ့ မီးဖိုချောင်က အိမ်တွင်းအနုပညာပါ။ စိတ် အခြေအနေ၊ ရာသီဥတု၊ ကိုယ့်အကြိုက်၊ မိသားစုအကြိုက်၊ လတ်တလောအာသီသ စတဲ့ စတဲ့ အချက်များစွာပေါ် မူတည်ပြီး ဟင်းအတွဲအစပ်တွေ ပေါ်ထွက်လာတာပါ။ ချို၊ ချဥ်၊ စပ်၊ ငံ၊ ဖန်၊ ခါး အရသာ(၅) ပါး မှာ နှစ်သက်တဲ့ နှစ်မျိုး၊ သုံးမျိုး တွဲပြီး ချက်ပြုတ်နိုင်တယ်လို့ အကြမ်းဖျဥ်းအားဖြင့် မှတ်ယူနိုင်ပါတယ်။ ထမင်းမြိန်မယ့် ဟင်းအတွဲအစပ်တွေကို ဒီမှာ ကြည့်လို့ ရပါတယ်။

အခုဖော်ပြခဲ့တဲ့ ယေဘုယျအချက်တွေကို နားလည်ပြီဆိုရင် သင့်တော်ကောင်းမွန်တဲ့ မြန်မာဟင်းတစ်ခွက်တော့ ချက်နိုင်ပါပြီ။ ထမင်းမြိန်စေတာထက်ပိုပြီး ရင်ထဲမှာ တသသကျန်ရစ်စေမယ့် ဟင်းတစ်ပွဲရဲ့ တကယ့်လျှို့ဝှက် ချက်ကတော့ ဟင်းပွဲပေါ်မှာ နှစ်မြှုပ်ထားတဲ့ စိတ်နှလုံးပါပဲ။ ချစ်ခြင်းမေတ္တာအပြည့် နှလုံးသားနဲ့ရင်းပြီး ချက်ပြုတ်ထားတဲ့ ဟင်းပွဲတွေက အချိန်ကာလတွေကို ဖြတ်ကျော်ပြီးတော့ အကောင်းဆုံး အမှတ်တရတွေကို ဖန်တီးပေးနိုင်ပါတယ်။ အိမ်သားတွေပေါ်ထားတဲ့ အိမ်ရှင်မ/ အိမ်ရှင်ထီး တစ်ယောက်ရဲ့ စေတနာ၊ ကလေးတွေအတွက် မေမေဖေဖေတို့ ရဲ့ ချစ်ခြင်း၊ စားသုံးသူတွေအတွက် စားဖိုမှုးရဲ့ မေတ္တာတွေက စားမြိန်စေတဲ့ ဟင်းကောင်းတစ်ခွက်ရဲ့ တကယ့် လျှို့ဝှက်ချက်လို့ ပြောချင်ပါတယ်။

 


Share

Related Posts