ဖိုးဖိုးဖွားဖွားတွေ နှလုံးကျန်းမာရေးကောင်းမွန်ဖို့

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


အသက်အရွယ်ရလာတာနဲ့အမျှ နှလုံးကျန်းမာရေး ထိခိုက်စေနိုင်တဲ့ အခြေအနေတွေ ပိုများလာတတ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်မှုမရှိတဲ့ နေထိုင်မှုပုံစံဖြစ်တဲ့ အသင့်စားအစားအစာတွေ စားသုံးတာမျိုး၊ အရက်သေစာနဲ့ ဆေးလိပ်တွေသောက်သုံးတာမျိုး၊  လုံလောက်တဲ့အိပ်စက်ချိန်တွေ မရရှိတာမျိုး စတဲ့အကြောင်းအရာတွေကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အသက်အရွယ်ရလာတဲ့ လူကြီးတွေအနေနဲ့ ဘဝတစ်လျှောက် ပြီးပြည့်စုံပြီး ကျန်းမာတဲ့ဘဝကို ရရှိပိုင်ဆိုင်ဖို့ဆိုရင် နှလုံးကျန်းမာရေးကို အထူးဂရုပြုဖို့ အလွန်ပဲအရေးကြီးပါတယ်။

အခု ပြောပြပေးသွားမယ့်အချက်လေးတွေက  သက်ကြီးပိုင်းအရွယ် ဖိုးဖိုးဖွားဖွားတွေရှိတဲ့ မိသားစုဝင်တွေအနေနဲ့  သက်ကြီးပိုင်းတွေ အတွက် နှလုံးကျန်းမာရေးကို စောင့်ရှောက်ပေးတဲ့အခါမှာ အသုံးဝင်နိုင်တဲ့ လွယ်ကူရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ချို့ပဲ ဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပေးပါ 

ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးခြင်းက နှလုံးကျန်းမာရေး ကောင်းမွန်ဖို့အတွက် အရေးပါတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ အိမ်မှာရှိတဲ့ ဖိုးဖိုးဖွားဖွားတွေအနေနဲ့ အနည်းဆုံး မိနစ်(၃၀) လောက် အချိန်ယူပြီး ပြင်းပြင်းထန်ထန် လုပ်စရာမလိုတဲ့ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်မှာ( ၅) ရက်လောက် ပုံမှန်ပြုလုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနဲ့ စက်ဘီးစီးခြင်းတွေက ပြင်းပြင်းထန်ထန်လုပ်စရာမလိုတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေဖြစ်လို့ ဖိုးဖိုးဖွားဖွားတွေလုပ်ဆောင်နိုင်အောင် မိသားစုတွေက ကူညီပေးနိုင် ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေစားသုံးပါ 

ကိုယ့်မိသားစုထဲမှာ အသက်ကြီးတဲ့သက်ကြီးရွယ်တူတွေရှိတယ်ဆိုရင် ကိုယ့်ရဲ့ စေ◌ျးဝယ်စားရင်းနဲ့ အစားအသောက်ချက်ပြုတ်တဲ့ အထဲမှာ နှလုံးကျန်းမာရေး ကောင်းစေတဲ့ လတ်ဆတ်တဲ့ သစ်သီးတွေ၊ အသီးအရွက်တွေနဲ့ အစေ့အဆန်များတဲ့ အစားအစာတွေကို မမေ့မလျော့ထည့်သွင်း သင့်ပါတယ်။ ဒီလိုအစားအစာတွေထဲမှာ ကျန်းမာရေးတဲ့ မညီညွှတ်တဲ့အဆီ ပမာဏအနည်းငယ်သာ ပါဝင်ပြီး အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အတွက်ကြောင့် နှလုံးကျန်းမာရေး ကောင်းမွန်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ခြင်းကို အားပေးပါ 

အကယ်၍ ကိုယ့်မိသားစုဝင်တွေထဲက အသက်ကြီးသူတစ်ယောက်ယောက်က ဆေးလိပ်သောက်တတ်တဲ့သူ တစ်ယောက်ဖြစ်တယ် ဆိုရင်တော့ ဆေးလိပ်ဖြတ်လိုက်တာက နှလုံးကျန်းမာရေး ကောင်းမွန်ဖို့အတွက် ပထမဆုံး ဦးစားပေး လုပ်ဆောင်ရမယ့် အရာပဲ ဖြစ်လို့ဆေးလိပ်ဖြတ်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးလိုက်ပေးဖို့ အရေးကြီးပါတယ်။ အကယ်၍ မိသားစုဝင်တွေထဲမှာ ဆေးလိပ်သောက်တတ်တဲ့သူရှိတယ်ဆိုရင် ဖိုးဖိုးဖွားဖွားတွေ second smokerမဖြစ်အောင်နဲ့ ကျန်းမာရေးမထိခိုက်အောင်လည်း ဂရုစိုက်ဆင်ခြင်သင့် ပါတယ်။ 

သွေးပေါင်ချိန် ကောင်းမွန်ခြင်းရှိ၊ မရှိ အမြဲတမ်းစစ်ဆေးပေးခြင်း 

သွေးတိုးခြင်းက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့  အဓိကအန္တရာယ်ပေးနေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အကယ်၍ မိတ်ဆွေရဲ့ မိသားစုဝင် အသက်ကြီးသူတွေဆီမှာ သွေးတိုးရောဂါရှိတယ် ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးကုသမှုခံယူဖို့ အားပေးချင်ပါတယ်။

လုံလောက်တဲ့ အိပ်စက်ချိန် လုံလောက်စွာရရှိခြင်း 

အသက်အရွယ်ကြီးတဲ့ လူတစ်ယောက်ဟာ တစ်ညမှာ ၇နာရီ ကနေ ၈နာရီကြားထိ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝဝအိပ်စက်ခြင်းက နှလုံးကျန်းမာရေးကို စောင့်ရှောက်နိုင်ရုံမကပဲ တစ်ခြားသော နာတာရှည်ရောဂါ ဖြစ်နိုင်မှုအခြေအနေတွေ ကနေလည်း ကာကွယ်ပေးနိုင်တာဖြစ်လို့ မိသားစုဝင်တွေအနေနဲ့ ဖိုးဖိုးဖွားဖွားတွေအတွက် အိပ်စက်အနားယူဖို့ သက်သောင့် သက်သာဖြစ်တဲ့ ပတ်ဝန်းကျင်နဲ့ အိပ်ယာတွေ ပြင်ဆင်ပေးထား သင့်ပါတယ်။

ဖြည့်စွက်စာ ဆေးဝါးတွေကိုမှီဝဲခြင်း 

တစ်ချို့သော ဖြည့်စွက်စာ ဆေးဝါးတွေဖြစ်တဲ့ vitamin Dနဲ့ omega-3တို့က နှလုံးကျန်းမာရေးကောင်းမွန်ဖို့ ကူညီပေးနိုင်ကြပါတယ်။ မိသားစုတွေအနေနဲ့ ဖိုးဖိုးဖွားဖွားတွေ နှလုံးကျန်းမာရေးကောင်းစေတဲ့ ဖြည့်စွက်စာ ဆေးဝါးတွေ မှီဝဲဖို့ လိုအပ်လာတဲ့အခါ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ အဆင်ပြေနိုင်မယ့် ဆေးဝါးတွေ ကို ရွေးချယ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ 

အားလုံးသိထားပြီးတဲ့အတိုင်း ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းမွန်တဲ့ အတွက်ကြောင့် အပေါ်မှာ ဆွေးနွေးပေးသွားတဲ့ ရိုးရှင်းတဲ့အချက်လေးတွေက  ဖိုးဖိုးဖွားဖွားတွေကို နှလုံးကျန်းမာရေးကောင်းမွန်အောင်  ကြည့်ရှုစောင့်ရှောက်နေရတဲ့ မိသားစုဝင်တွေအတွက် အများကြီးအထောက်အကူဖြစ် ပြီး အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ ဖြည့်စွက်စာ ဆေးဝါး တွေသောက်သုံးဖို့အတွက် ဆေးဝါးအကူအညီတွေ ရယူဖို့လိုအပ်တယ်ဆိုရင်တော့ နီးစပ်ရာ ဆေးဆိုင်တွေကိုသွားပြီး ဖော်ရွေတဲ့ ဝန်ထမ်းတွေဆီကနေလိုအပ်တဲ့ အကူအညီတွေရယူနိုင်ပါတယ်။


Share

Comments

cherrypan

ကျန်းမာခြင်းသည်လာဘ်တပါးဖြစ်သည့်နည်းတူ နှလုံးသည်လည်းလူ့အသက်ရဲ့အခြေအမြစ်ဖြစ်တဲ့အတွက် လူသားတိုင်းကမိမိနှလုံးကို အထူးစောင့်ရှောက်ဖို့အရေးကြီးပါတယ်နော်။

Theingi Min

နှလုံးကျန်းမာရေးနဲ့ပတ်သတ်တဲစစ်ဆေးမူတွေကို Monthly check upလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်ဆေးဝါးနဲ့ကုသမယ်ဆိုတာထက်Healthy diet, Daily exercise လုပ်မယ်၊အိပ်ရေးဝဝအိပ်မယ်၊နှလုံးကို Supportပေးနိုင်မယ့် အာဖြည့်စွက်စာ မှီဝဲရမယ်၊‌‌အိမ်မှာ‌ပါ BPနေ့စဉ်တိုင်းသင့်ကြောင်းRemindဖြစ်သွားစေပါတယ်

Related Posts