ပြတ်တုန်းလပ်တုန်း ၂၃ မဖြစ်ရလေအောင်

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


“ပြတ်တုန်းလပ်တုန်း ၂၃” ဆိုတာကို ရယ်စရာအနေနဲ့ ပြောကြပေမဲ့ တော်တော်များများ လက်တွေ့မှာလည်း တကယ်ဖြစ်နေတတ်ကြလေ့ရှိပါတယ်။ ရထားတဲ့ လစာကလည်း ကုန်၊ နောက်ထပ် လစာရဖို့ကလည်း တစ်ပတ်ဆယ်ရက်လောက် လိုနေသေးတဲ့ ကာလတွေပေါ့။ တချို့ကတော့ ပိုသုံးချင်ရင် ပိုရှာရမယ်လို့ ပြောကြပေမဲ့လည်း လက်တွေ့မှာ လွယ်ကူတဲ့ကိစ္စမဟုတ်ပြန်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ဘယ်လို ပိုရှာရမလဲ ဆိုတာမျိုးမဟုတ်ဘဲ ဘယ်လိုစီမံခန့်ခွဲကြမလဲ ဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဘာကြောင့် ၂၃ ရက်မှာ ပိုက်ဆံကုန်ကြသလဲ

ဒီလိုဖြစ်ရခြင်းရဲ့  ၉၀ ရာခိုင်နှုန်းသော အကြောင်းအရင်းကတော့ ငွေကို သေချာစီမံခန့်ခွဲမှု မရှိတာကြောင့်ပါ။ အများအားဖြင့် လစာရပြီးတဲ့ ပထမတစ်ပတ်မှာဆိုရင် သုံးချင်ဖြုန်းချင်တဲ့စိတ်က အမြင့်ဆုံးဖြစ်နေတတ်ပါတယ်။ ဒါက အပြစ်တစ်ခုတော့မဟုတ်ပါဘူး။ လူတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ခံစားမှုတစ်ခုပါပဲ။ ဒါပေမဲ့ အဲဒီစိတ်ခံစားမှုကို အလိုလိုက်မိရင်တော့ ပြတ်တုန်းလပ်တုန်း ၂၃ သံသရာထဲက ရုန်းထွက်နိုင်ဖို့မလွယ်တဲ့အတွက် ကောင်းတဲ့အရာတော့ မဟုတ်ပြန်ပါဘူး။

နောက်ထပ် ကျန်တဲ့ ၁၀ ရာခိုင်နှုန်းမှာတော့ အသေးအမွှား ကုန်ကျစရိတ်တွေ များသွားတာနဲ့ ရုတ်တရက်အ‌ရေးပေါ် သုံးလိုက်ရတဲ့ကိစ္စတွေ ရှိလာလို့ ဖြစ်နိုင်ပါတယ်။ အသေးအမွှား ကုန်ကျစရိတ်တွေမှာဆိုရင် မုန့်ဝယ်စားတာတွေ၊ တစ်နေရာရာသွားဖို့ တက်စီစီးလိုက်တာတွေ စသဖြင့် သုံးလိုက်တဲ့အချိန်မှာ များတဲ့ပမာဏ မဟုတ်ပေမဲ့ အထပ်ထပ်ဖြစ်လာတဲ့အခါမှာတော့ သိသိသာသာ ပိုက်ဆံကုန်သွားတဲ့ ကိစ္စတွေ ပါဝင်ပါတယ်။ ရုတ်တရက် အရေးပေါ်သုံးရတဲ့ကိစ္စတွေကတော့ ကျန်းမာရေးနဲ့ လူမှုရေးကိစ္စတွေ ဖြစ်တတ်ပါတယ်။

ဘယ်အရာတွေကြောင့်ပဲကုန်ကုန်၊ ပိုက်ဆံမရှိတော့တာက မရှိတော့တာပါပဲ။ ဒါကြောင့် ကြိုတင်စီမံခန့်ခွဲမှုက အရေးကြီးပါတယ်။

၂၃ ကျော်လည်း မပြတ်လပ်နေအောင် ဘယ်လိုစီမံကြမလဲ

ငွေကြေးစီမံနည်းတွေကတော့ အများကြီးရှိပါတယ်။ ဘယ်နည်းလမ်းကိုရွေးရွေး တကယ်အလုပ်ဖြစ်ဖို့ အရေးကြီးဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကိုယ်မညာဖို့နဲ့ စည်းကမ်းရှိဖို့ပါပဲ။ ငွေကြေးစီမံရာမှာ လက်တွေ့အသုံးဝင်နိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးချင်ပါတယ်။

၁။ ၅၀/၃၀/၂၀ နည်းလမ်း

ဒါက အပြောအများဆုံးနဲ့ အသုံးအများဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းကတော့ ကိုယ့်ရဲ့ ဝင်ငွေ ၁၀၀ ရာခိုင်နှုန်းမှာဆိုရင် ၅၀ ရာခိုင်နှုန်းက အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ နေစရိတ်၊ စားစရိတ်၊ သွားလာစရိတ်နဲ့ အသုံးအဆောင်ပစ္စည်းတွေအတွက် သတ်မှတ်ထားပြီး ၃၀ ရာခိုင်နှုန်းကိုတော့ ကိုယ်လိုချင်တာဝယ်ဖို့၊ စားချင်တာစားဖို့ သုံးနိုင်ပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ ဘာမှမသုံးဘဲ သပ်သပ်ဖယ်ထားဖို့ ဖြစ်ပါတယ်။ ဒီလိုဖယ်ထားတာက တစ်ခုခုအရေးပေါ်သုံးဖို့လိုလာရင် အထိုက်အလျောက် အကူအညီဖြစ်နိုင်သလို ဘာမှမသုံးဖြစ်ရင်လည်း စုထားလိုက်လို့ရပါတယ်။ ဒီနည်းအတိုင်းဆိုရင် ၂၃ ရက်ကျော်လည်း ပြတ်လပ်သွားတာမျိုး မဖြစ်တော့ပါဘူး။

၂။ စာအိတ်လေးခုနည်းလမ်း

ဒီနည်းလမ်းကတော့ လစာရပြီဆိုရင် လေးပုံအညီအမျှခွဲပြီး စာအိတ်လေးခုထဲမှာ ခွဲထည့်ထားဖို့ပါ။ ပြီးရင် တစ်ပတ်ကို စာအိတ်တစ်အိတ်မှာ ရှိသလောက်သုံးပြီး တစ်ပတ်မပြည့်ခင် ကုန်သွားမယ်ဆိုရင် ဘာမှမသုံးတော့ဖို့ပါပဲ။ ဒီနည်းကတော့ ဝင်ငွေအထိုက်အလျောက်ရှိမှ ပိုအဆင်ပြေမှာဖြစ်ပြီး စည်းကမ်းရှိဖို့လည်း အရေးကြီးပါတယ်။

၃။ ၄၈ နာရီ စည်းကမ်း

ဒါကတော့ မလိုအပ်တာတွေ မဝယ်မိအောင် ထိန်းသိမ်းဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တစ်ခုခုကို ရုတ်တရက် မြင်မိ၊ ကြားမိသွားပြီး ဝယ်ချင်သွားတာ တစ်ခုခုရှိလာရင် ချက်ချင်းမဝယ်ဘဲ ၄၈ နာရီလောက် စောင့်လိုက်ပါ။ အများအားဖြင့် အဲဒီလောက်ကြာသွားရင် လိုချင်စိတ်က သိပ်မရှိတော့ပါဘူး။ ဝယ်လိုက်ပြီးမှ လိုလည်းမလိုဘူး၊ ကြိုက်လည်းမကြိုက်တော့ဘူး ဆိုတာမျိုး ဖြစ်ဖူးကြတယ်မဟုတ်လား။

၄။ တစ်လစာ ရိက္ခာကြိုဝယ်ခြင်း

လူတစ်ယောက်မှာ အများဆုံး ပုံမှန်ကုန်ကျစရိတ်က စားသောက်စရိတ်ဖြစ်လေ့ရှိပါတယ်။ ဒီတော့ လစာရကတည်းက တစ်လစာ စားဖို့သောက်ဖို့ ကြိုပြီး ဝယ်စုထားမယ်ဆိုရင် တကယ်လို့ ပြတ်တုန်းလပ်တုန်း ၂၃ ဖြစ်သွားရင်တောင် ရိက္ခာတွေကျန်နေသေးရင် အိန္ဒြေရနေနိုင်ပါသေးတယ်။

ဒီနည်းလမ်းတွေနဲ့ဆိုရင်တော့ ပြတ်တုန်းလပ်တုန်း ၂၃ ကို အနည်းနဲ့အများ ရှောင်ရှားသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အစမှာပြောခဲ့သလိုပဲ ကိုယ့်ကိုယ်ကိုယ် မညာဖို့နဲ့ စည်းကမ်းရှိဖို့တော့ လိုမယ်နော်။


Share

Comments

Related Posts