နေ့ချင်းပြန်ခရီးလေးအတွက် လျင်မြန်လွယ်ကူ မုန့်လုပ်နည်းများ

Posted in အစားအစာ


သူငယ်ချင်း၊ ချစ်သူ၊ မိသားစုတွေနဲ့ ပျော်ပွဲစား သို့ နေ့ချင်းပြန်ခရီးလေးတစ်ခု ပြင်ဆင်ထားတယ်ဆို ဒီဆောင်းပါးလေးက သင့်အတွက်ပါပဲ။ ပျော်ပျော်ပါးပါး အမှတ်တရတွေ ဖန်တီးဖို့ စိတ်အပန်းဖြေရင်း ခရီးထွက်ကြရာမှာ အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကတော့ မပါလို့ မဖြစ်ဘူးနော်။ အပန်းဖြေဖို့ ခရီးထွက်ကြပေမဲ့လည်း ဟိုမှာစားဖို့ အစားအသောက်တွေကို အချိန်တွေအများကြီးပေးပြီး ပင်ပင်ပန်းပန်းချက်ပြုတ်နေရင်လည်း စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဝယ်လည်း မှာစရာမလို၊ အချိန်လည်းသိပ်မပေးရဘဲ ကိုယ့်အိမ်မှာပဲ လွယ်လွယ်ကူကူဖန်တီးလို့ရပြီး ချစ်ရသူတွေ အကြိုက်တွေ့စေမယ့် ရိုးရိုးရှင်းရှင်းမုန့်လုပ်နည်းတွေကို မျှဝေပေးလိုက်ပါပြီ။  

ကန်စွန်းဥကြော် 

အပေါင်းအသင်းတွေနဲ့ တွေ့ကြ၊ ဆုံကြတိုင်း အာလူးကြော်တွေစားရပျင်းလာပြီဆို ကန်စွန်းဥ ကြော်စားကြည့်ပါ။ ကန်စွန်းဥတွေကို အာလူးကြော်သလို ဒီတိုင်း အပြားလိုက်လှီးကြော်တာဖြစ်ဖြစ်၊ အချောင်းလိုက်ဖြစ်ဖြစ် ရွှေဝါရောင်သန်းလာတဲ့ ကြော်ပြီးရင် ဆီနဲ့ နှစ်သက်ရာ ဟင်းခတ်မှုန့်တို့နဲ့ အသာရောမွှေလိုက်ရုံနဲ့ ကန်စွန်းဥကြော်ရပါပြီ။ ကြော်စားစား၊ ပြုတ်စားစား ပြုလုပ်ပုံ ရိုးရိုးရှင်းရှင်းနဲ့ အလွယ်တကူသယ်သွားလို့လည်း ရလို့ ကလေး၊ လူကြီးမရွေး နှစ်သက်ကြမှာပါ။ 

ထမင်းဆုပ် 

ပါဝင်ပစ္စည်း သိပ်မလိုဘဲ လုပ်ရလွယ်၊ သယ်ရလွယ်တဲ့ ထမင်းဆုပ်ကတော့ စားဖူးသူတိုင်း အကြိုက်တွေ့ကြမှာပါပဲ။ ထမင်းဆုပ်ထဲထည့်မယ့် ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ပုံက‌တော့ Ham (အသားပြား)နဲ့ အရွက်တစ်မျိုးမျိုး (ဟင်းနုနွယ်)တို့ကို နှုတ်နှုတ်စဥ်းပြီး ဆီ၊ ပဲငံပြာရည်နဲ့ ကြော်ထားပေးပါ။ ပြီးရင် ထမင်း(ရှမ်းဆန်)နဲ့ ‌ရေညှိမှုန့်လေးတွေနဲ့ သမ‌‌‌အောင် ရော‌မွှေပြီး ကြိုက်တဲ့ ပုံသဏ္ဌာန်လေးဖြစ်‌အောင် လုပ်ပြီးရင် အလွယ်တကူ စားလို့ရတဲ့ ထမင်းဆုပ်လေးရပြီ‌ပေါ့။  

ကော်ပြန့်လိပ် 

ပုံမှန်စားနေကျ ကော်ပြန့်လိပ်ပုံစံကိုမှ ထူးထူးခြားခြား၊ ပေါ့ပေါ့ပါးပါးနဲ့ စားရလွယ်စေတဲ့ အစားအစာတမျိုးမို့ ခရီးသွားရင် စားဖို့ ကွက်တိပါပဲ။ မှို၊ ကြက်သွန်နီ၊ ပင်စိမ်းရွက်၊ မြေပဲထောပတ်နဲ့ ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်တွေနဲ့အတူ ခေါက်ဆွဲပါ အရင်ဆုံး ကြော်လှော်ထားပြီး ကော်ပြန့်ရွက် သို့ ဆန်မှုန့်နဲ့လုပ်တဲ့ အကြည်ရွက်လေးတွေနဲ့ လိပ်ပြီးစားလို့ရတော့ တူတွေ၊ ခရင်းတွေမလိုဘဲ လက်ကကိုင်ပြီး အရသာရှိရှိအေးဆေးစားလို့ရပြီလေ။ 

ငရုတ်ပွအစာသွပ် 

ငရုတ်ပွကို အလယ်က ငရုတ်သီးဆံတွေ ထုတ်လိုက်ပြီး ကြိုက်ရာ အသားနဲ့ ဟင်းသီးဟင်းရွက် အရောတွေကို ထည့်ထားတဲ့ အစာသွပ်မုန့်ကလည်း အရသာလည်းရှိ၊ ဗိုက်ဝစေတဲ့ မုန့်တစ်မျိုးပါပဲ။ နှပ်ထားတဲ့ အသားတစ်မျိုးမျိုးနဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီနဲ့ ချိစ်ကို နှုတ်နှုတ်စဥ်း၊ အစာသွပ်ပြီး အားလုံးနူးညံ့သွားအောင် ပေါင်းတာ သို့ Oven ထဲထည့်ဖုတ်တာဖြစ်ဖြစ် လုပ်စားလို့ရပါတယ်။ ထမင်းပါထည့် အစာသွပ်ရင်လည်း ရတယ်နော်။  

ဆန်းဝှစ်ချ် 

ခရီးထွက်မှမဟုတ်ဘဲ အချိန်၊နေရာမရွေး စားတတ်ကြတဲ့ ဆန်းဝှစ်ချ်ကတော့ နည်းမျိုးစုံနဲ့ ကြိုက်ရာ အသား၊ ဟင်းသီးဟင်းရွက်တွေနဲ့ အလွယ်တကူထုပ်ပိုးပြီး လုပ်စားတတ်ကြမှာပါ။ အရိုးရှင်းဆုံးနဲ့ အရသာအရှိဆုံး ကြက်ဥဆန်းဝှစ်ချ်မှာကတော့ ပေါင်မုန့်၊ ကြက်ဥ၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်၊ မရောနိစ့်၊ ဆား၊ ငရုတ်ကောင်းတို့အပြင် ဝက်သုံးထပ်သားလေးတွေပါ ပါးပါးလှီးထည့်လိုက်မယ်ဆို စားလို့အကောင်းဆုံး ဖြစ်မှာပါပဲ။ 

သခွားသီးသုပ် 

စားလိုက်ရင် ကြွပ်ကြွပ်ရွရွနဲ့ အေးမြစေတဲ့ သခွားသီးက အိမ်တိုင်းလိုလိုမှာရှိတတ်ကြပြီး သူနဲ့ပတ်သတ်တဲ့ လုပ်နည်းတွေကလည်း လွယ်ကူလှပါတယ်။ ကြက်သွန်နီ၊ ရှာလကာရည်၊ ဆီ၊ ဆား၊ ငရုတ်ကောင်းတို့နဲ့ သုပ်ထားတဲ့ သခွားသီးသုပ်ဟာလည်း စားလိုက်တိုင်း အေးမြလန်းဆန်းသွားစေမယ့် အလွယ်ကူဆုံး ပျော်ပွဲစား အရံဟင်းလေးအဖြစ် သတ်မှတ်ပြင်ဆင်လို့ အကောင်းဆုံးပါ။ 

အသီးစုံ 

ကိုယ့်ပတ်ဝန်းကျင်မှာ ဝယ်ရလွယ်ကူတဲ့ ဖရဲသီး၊ နာနတ်သီး၊ စပျစ်သီး၊ ပန်းသီး စတာတွေကလည်း ပေါ့ပေါ့ပါးပါးနဲ့ ကျန်းမာရေးနဲ့အညီ ဗူးလေးတစ်ဗူးနဲ့ ထည့်သွားလို့ကောင်းတဲ့ အသီးတွေပါပဲ။ သူတို့ကို တစ်လုပ်စားစရာ အရွယ်အစားလေး လှီးပြီး တုတ်ချောင်းလေးတွေ ရောင်စုံထိုးထားမယ်ဆို အမြင်လည်းလှပြီး ချစ်စရာကောင်းတဲ့အချိူပွဲလေး ဖြစ်နေမှာနော်။  

လီမွန်ဖျော်ရည်  

အစားအသောက်တွေချည်းပဲ စားရင်း အီမနေအောင် အရိုးရှင်းဆုံးနဲ့ အလွယ်တကူ‌ ဖျော်သွားလို့ရတဲ့ လီမွန်ဖျော်ရည်လေးကလည်း လူကြီး၊ လူငယ်မရွေး နှစ်ခြိုက်ကြမှာ။ စိတ်ကြိုက် အချဉ်၊ အချိုအရသာလေး ဖန်တီးပြီး သယ်သွားတဲ့အခါမှာလည်း သောက်တိုင်းအေးမြနေ‌အောင် ရေခဲပုံးလေးတွေထည့်သယ်ပြီး ‌ရေသန့်တွေကိုလည်း လုံလုံလောက်လောက် သယ်သွားဖို့မမေ့နဲ့နော်။  

ချစ်ရသူတွေနဲ့ ပျော်ရွှင်ကြည်နူးစရာအချိန်လေးတွေ ဖန်တီးနိုင်ဖို့ အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်တဲ့ မုန့်လုပ်နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်။ လာမယ့် ပိတ်ရက်မှာ ခရီးအတွက် ပြင်ဆင်၊ လုပ်စားကြည့်ပြီး အမှတ်တရလေးတွေ ကော်မန့်မှာ ပြောပြခဲ့ကြဦးနော်။  


Share

Comments

Related Posts