စိတ်ကျန်းမာရေးအပေါ် လူမှုကွန်ယက်ရဲ့ ဆိုးကျိုးမသက်ရောက်စေဖို့

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး


အခုခေတ်မှာ လူကြီးလူငယ်မရွေး လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ သတင်းတွေကို ကြည့်ရှုမျှဝေဖို့ Facebook, TikTok စတဲ့ လူမှုကွန်ယက်တွေမှာ အချိန်ပေးကုန်ဆုံးလာတတ်ကြပါတယ်။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့၊ သတင်းတွေ အချိန်နဲ့တပြေးညီ သိရဖို့၊ ဗဟုသုတ ရှာမှီးဖို့ စတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ မျှတသင့်တော်တဲ့ လူမှုကွန်ယက်သုံးစွဲမှုရှိမယ်ဆို ကိုယ်ကိုယ်တိုင်နဲ့   စိတ်ရဲ့ ကျန်းမာရေးကို မသက်ရောက်နိုင်ပါဘူး။ ဒါပေမဲ့ တန်ဆေး လွန်ဘေးဆိုတဲ့ စကားနဲ့အညီ ပေါများလာတဲ့ သတင်းအချက်အလက်တွေ၊ မလိုအပ်ဘဲ ကြွားဝါမှုတွေ၊ အတင်းအဖျင်းတွေ၊ နှိုင်းယှဥ်ခြင်းတွေအပေါ် ကိုယ်ကိုယ်တိုင်ရဲ့ စိတ်က မထိန်းချုပ်နိုင်ဘဲ ရောရောင်ခံစားမိရင် စိတ်ကျန်းမာ‌ရေးကို အနည်းနဲ့အများ ထိခိုက်မှုရှိနိုင်တာပါ။ ဒီနေရာမှာ အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုပြီး လူမှုကွန်ရက်‌ကြောင့် စိတ်ကျရောဂါဖြစ်နိုင်ခြေ များနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ လူတိုင်း အွန်လိုင်းလူမှုကွန်ယက်ကြောင့် စိတ်ကျန်းမာရေးကို အထိအခိုက်မဖြစ်ရအောင် ဆောင်ရန်၊ ရှောင်ရန်အချို့ကို ဆက်ဖတ်ကြည့်လိုက်ရအောင်။

အချိန်သတ်မှတ်သုံးပါ

မနက်အိပ်ရာနိုးတာနဲ့ ဖုန်းသုံးပြီးမှ တစ်နေ့တာကို စတင်တာ၊ ညမအိပ်ခင်မှာ အချိန်အတော်အတန်ကြာ ဖုန်းကြည့်ပြီးမှ အိပ်တာတွေဟာ အလေ့အကျင့်ကောင်း မဟုတ်ပါဘူး။ အများစုက ကမ္ဘာမှာ သို့ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတစ်ခုခုကို လွတ်သွားမှာစိုးလို့ မျက်ခြေမပျက် ပါဝင်စောင့်ကြည့်ချင်ကြတဲ့ အကျင့်ရှိတတ်ပြီး ညဘက်တွေမှာ ဒါကိုပိုခံစားမိတတ်ကြတာမို့ အွန်လိုင်းပေါ်မှာ ရှိနေတတ်ကြပါတယ်။ မနက်အိပ်ရာနိုးနိုးချင်းမှာ အရင်ဆုံးလူမှုကွန်ယက်သုံးစွဲမိတယ်ဆို အခန့်မသင့်တဲ့အခါ တစ်နေ့တာလုံးအတွက် မကောင်းတဲ့ခံစားမှုဖြစ်စေတတ်ပြီး ညဘက်မှာဆို အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်ဖို့များပါတယ်။ ညအိပ်ခါနီးဆို ဖုန်းအသုံးပြုတာရပ်လိုက်ပြီး အဲ့အစား ဒိုင်ယာရီလေးတွေ ရေးကြည့်တာ၊ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုရစေဖို့ တစ်ခုခုလုပ်ဆောင်လိုက်သင့်တာပါ။ လူမှုကွန်ရက်အသုံးပြုခြင်းကို တစ်နေ့တာမှာ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာကနေ ခဏအနားယူချိန်တွေမှာ သတင်းကြည့်ဖို့အတွက်၊ စိတ်အပန်းဖြေဖို့အတွက်သာ အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ 

အကြောင်းအရာတွေ စီစစ်ပါ

အွန်လိုင်းလူမှုကွန်ယက် ဆိုတာဟာ လူသားတွေအတွက် အင်မတန်မှ အရေးပါတဲ့ဆက်သွယ်ရေးတစ်ခုပါပဲ။ နေ့စဥ်တွေ့နေ မြင်နေရတဲ့ သတင်းအကြောင်းအရာတွေက တိကျမှန်ကန်မှုလည်းရှိနိုင်သလို ကိုယ်ပိုင်အမြင်၊ အတွေ့အကြုံတွေပေါ်ပဲ မူတည်ပြီး ဝေမျှနေတဲ့ မရေရာနိုင်တဲ့ အကြောင်းအရာတွေလည်း ပေါပေါများများရှိနေပါတယ်။ ဒါတွေကို ခွဲခြားသိမြင်နိုင်ရင် ကိစ္စမရှိပေမဲ့ မဟုတ်မမှန်တဲ့ အချက်အလက်တွေအပေါ် ယုံစားပြီး ကိုယ့်ပတ်ဝန်းကျင်ကို ပြန်လည်မျှဝေမိတာ၊ ငွေကြေးအလိမ်ခံရတာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် တခြားဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက် လူမှုကွန်ရက်မှာ နေ့စဉ်တွေ့နေမြင်ရတဲ့ အကြောင်းအရာတွေထဲ တိကျသေချာတဲ့ အရင်းအမြစ်တွေက မျှဝေတဲ့အကြောင်းအရာတွေကိုသာ အာရုံစိုက်ကာ လေ့လာမျှဝေသင့်ပြီး သတင်းအချက်အလက်ကို သေချာမစီစစ်ထားတဲ့ အရေးမပါသော အကြောင်းအရာတွေကို ဘေးဖယ်ပြီး ခွဲခြားစီစစ်လိုက်ဖို့ အ‌ရေးကြီးပါတယ်။ 

မိတ်ဆွေကောင်းဖွဲ့ပါ

လူသားတွေဖြစ်တဲ့အလျောက် တခြားလူတွေနဲ့ အပေါင်းအသင်းမိတ်ဆွေဖွဲ့ပြီး အသင်းအဖွဲ့ထဲ ပါဝင်နေရာယူနိုင်မှသာ အထီးကျန်စိတ်မဖြစ်စေဘဲ စိတ်ပိုင်းဆိုင်ရာကြောင့် စိတ်ဖိစီးတာ၊ စိတ်ပူပန်တာနဲ့ ဝမ်းနည်းတတ်တာကို လျော့ချနိုင်မှာပါ။ ထို့အတူ လူမှုကွန်ယက်မှာလည်း ကိုယ်နဲ့သင့်တော်၊လိုက်ဖက်တဲ့ သူတွေ၊ အကြောင်းအရာတွေ ရှိနေမှသာ ဒီလူမှုကွန်ယက်က ကိုယ့်အတွက် အဆိပ်အတောက်မဖြစ်စေမှာပါ။ ဒါကြောင့် ရက်အနည်းငယ် အချိန်ပေးပြီး ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာမှာ တွေ့နေရတဲ့ အကြောင်းအရာတွေကြား ကိုယ့်အတွက် ကောင်းမွန်မှန်ကန်တဲ့ သူတွေ၊ ပေ့ချ်တွေကိုသာ စောင့်ကြည့်သင့်ပြီး ကိုယ့်အတွက် အကျိုးမရှိစေတဲ့၊ အချိန်ကုန်စေတဲ့ အကြောင်းအရာတွေကို ဉပေက္ခာပြုနိုင်ဖို့ စစ်ချလိုက်သင့်ပါတယ်။ ကိုယ်စိတ်ဝင်စားပြီး အမှန်တကယ်အသုံးဝင်စေတဲ့ အရာတွေသာ ဝန်းရံစေပြီး လူမှုကွန်ယက်ကြောင့် လူမှုဘဝမထိခိုက်ရအောင် မိတ်ဆွေကောင်းတွေကို ခွဲခြားသိမြင်နိုင်ဖို့ လိုပါတယ်။

တခြားဝါသနာနဲ့ ပျော်စရာတွေ ရှာဖွေပါ

လူမှုကွန်ရက်တွေမှာ နေ့စဉ်အချိန်ကုန်နေတဲ့အခါ မိမိကိုယ်တိုင်လည်း ပျောက်ဆုံးနိုင်ပါတယ်။ ကိုယ့်စိတ်တိုင်းကျ ဘဝနေထိုင်မှုဆိုတာထက် အပြိုင်အဆိုင်ခေတ်ကြီးမှာ အွန်လိုင်းပေါ်က တခြားသူတွေရဲ့ နေပုံထိုင်ပုံ၊ ဝတ်စားဆင်ယင်မှုတွေအတိုင်း တိုက်တွန်းစရာမလိုအောင် လိုက်လံ လုပ်ဆောင်ချင်စိတ် ရှိတတ်ပါတယ်။ အဲ့အခါ လူ့အလို နတ်မလိုက်နိုင်ဘဲ လွန်ကဲတဲ့ လူမှုကွန်ယက်သုံးစွဲမှုများလာပြီး စိတ်ပိုင်းဆိုင်ရာ အလိုမကျမှုတွေအပြင် ငွေကြေးကုန်ကျမှုများစွာရှိလာရောပေါ့။ ဒါကြောင့် အွန်လိုင်းအသုံးပြုမှုကို‌ လျော့ချပြီး  ကိုယ့်စိတ်ကျန်းမာရေးကို အကျိုးပြုစေမယ့် သဘာဝတရားနဲ့ ပိုထိတွေ့ပေးပြီး ရင်းနှီးချစ်ခင်သူတွေနဲ့ အချိန်ကုန်ဆုံးတာ၊ ကိုယ့်ဘဝအတွက် တိုးတက်ရာတိုးတက်ကြောင်းအတွက် အတတ်ပညာ တစ်ခုခုသင်ယူတာ၊ ဝါသနာပါတာ တစ်ခုခုကို ရှာဖွေလုပ်ဆောင်သင့်ပါတယ်။

လူမှုကွန်ယက်အသုံးပြုခြင်းဟာ အခုခေတ်မှာ လူတွေအတွက် အကျိုးရှိတဲ့အရာဖြစ်သလို တစ်ဖက်မှာလည်း ဆိုးကျိုးတွေက လက်တစ်ကမ်းမှာပါပဲ။ ဘယ်အရာကိုမဆို ကိုယ်အသုံးချမှုပေါ်မူတည်ပြီး ‌ကောင်းကျိုးဆိုးကျိုး ဖန်တီးနိုင်တာကြောင့် ဒီလိုအွန်လိုင်းအသုံးပြုမှုတွေမှာ ကိုယ့်စိတ်ကျန်းမာရေးအတွက် အလွန်အကျွံမဖြစ်အောင် ဂရုပြုသုံးစွဲဖို့ တိုက်တွန်းလိုက်ပါတယ်။ 


Share

Comments

Related Posts